အိန္ဒိယနိုင်ငံပိုင်အေဂျင်စီများ ပဲမျိုးစုံတန်ချိန် ၅ ဒသမ ၃၃ သိန်းကျော်တင်သွင်းဖို့ စာချုပ်ထားပြီး အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဟာ ပြည်တွင်းရောင်းချဖြန့်ဖြူးမှု တိုးတက်စေဖို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ယခုအချိန်ထိ ပဲမျိုးစုံတန်ချိန် ၅ ဒသမ ၃၃ သိန်းကျော် တင်သွင်းဖို့ စာချုပ်ထားပြီးဖြစ်တယ်လို့ လွှတ်တော်က နိုဝင်ဘာလ ၁၅ ရက်က အတည်ပြု ပြောကြားခဲ့ပါတယ်။ စာချုပ်ထားတဲ့ အေဂျင်စီများကတော့ PEC ၊ MMTC ၊ NAFED ၊ STC နဲ့ NCCF တို့ ဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီး ကေဗွီသောမတ်စ်က ပြောကြားပါတယ်။ ပြည်တွင်းမှာ ပဲမျိုးစုံရရှိနိုင်မှု တိုးတက်စေဖို့ အစိုးရက ပဲမျိုးစုံတင်သွင်းခွန်ကို သုညအထိ လျှော့ချခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ အေဂျင်စီများ ပဲတင်သွင်းဖို့ စာချုပ်ထားတဲ့ နိုင်ငံတွေကတော့ မြန်မာ၊ သြစတြေးလျ၊ အမေရိကန်၊ ကနေဒါ၊ ကင်ညာ၊ တန်ဇန်းနီးယား၊ စင်ကာပူနဲ့ မိုဇမ်းဘစ်တို့ဖြစ်တယ်လို့ သိရပါတယ်။ ယင်းအေဂျင်စီများအပြင် ပုဂ္ဂလိက ကုန်သည်များကလည်း ပဲတင်သွင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ မှာ စုစုပေါင်း တန်ချိန် ၃ ဒသမ ၄ သန်းတင်သွင်းခဲ့တဲ့အနက် နိုင်ငံပိုင်အေဂျင်စီများက ၂ဝ ရာခိုင်နှုန်းတင်သွင်းခဲ့ပါတယ်။ အစိုးရဟာ ပဲတင်သွင်းမှုကို အစီအစဉ် ၂ ရပ်နဲ့ အားပေးလျက်ရှိတယ်လို့ သောမတ်စ်က ဆိုပါတယ်။ ပထမအစီအစဉ်က အေဂျင်စီများ ပဲတင်သွင်းရာမှာ CIFတန်ဖိုးရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းဝန်ဆောင်ခနဲ့ ကုန်အရောက် တန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းကို ပြန်ပေးပါတယ်။ နောက်အစီအစဉ်တစ်ခုက မိသားစုတစ်စု တစ်လကို ပဲတစ်ကီလို ရူပီး၁ဝ နှုန်းလျှော့ဈေးနဲ့ အများပြည်သူ ဖြန့်ဝေရေးစနစ်နဲ့ ဖြန့်ဝေနေတဲ့ ပြည်နယ်အစိုးရများကို အစိုးရ အေဂျင်စီများက တင်သွင်းပဲများ ရောင်းချပေးခြင်းပဲ ဖြစ်ပါတယ်။ ယမင်းရွှေစင်၊ှSources: P T I
Background