စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧပြီ ၂၆ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုင်းဦးစီးမှူးရုံး စုပေါင်းခန်းမ၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှ စကားပြောကြားခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် သမ္မတ၏မိန့်ခွန်းများတွင်ပါရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို အသေးစိတ် ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များအား ဝန်ထမ်းများအနေဖြင့် လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူလျင်မြန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားဖြစ်သည့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် အစွမ်းကုန်ကြိုး စားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပတ်သက်၍ တစ်ဦးချင်းစီမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ရုံးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပေးအပ်သော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှ ချမှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများအား တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် ခေတ်စနစ်နှင့်အညီ e-Government လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာအသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အမြဲလေ့လာဆည်းပူးကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၉၇ ဦး တက်ရောက်ကြကြောင်း သိရသည်။
MOC (IR)
