ကမ္ဘာပေါ်တွင် ရေ ၊ မြေ၊ သစ်တောနှင့် သယံဇာတများကို ထိန်းသိမ်းရန်အတွက် တစ်နှစ်လျှင် ဒေါ်လာ ၄၀ဝ မှ ၆၀ဝ ဘီလီယံအထိလိုအပ်သလို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက် တစ်နှစ်လျှင် ဒေါ်လာ ၃၅၀ ဘီလီယံလိုအပ်လျက်ရှိသည်။ လက်တွေ့တွင် အဆိုပါလိုအပ်နေသည့် ငွေကြေးပမာဏ၏ ၁၅ ရာခိုင်နှုန်းသာလျှင် ဖြည့်ဆည်းနိုင်ပြီး ယင်းငွေကြေးမှာလည်း အစိုးရနှင့် ပရဟိတအဖွဲ့အစည်းများထံမှ ရရှိခြင်းဖြစ်သည်။ နောက်ဆုံးရရှိသည့်စာရင်းများအရ ရာသီဥတုထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများအတွက်ပင် တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၇၀ ခန့် ဘဏ္ဍာငွေဖြည့်တင်း ရန်လိုအပ်လျက်ရှိသည်။ သို့အတွက် အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံအသီးသီးတွင် အစိမ်းရောင်ဘဏ္ဍာရေးစနစ် ထွန်းကားရန် လိုအပ်လျက်ရှိသည်။
အစိမ်းရောင်ဘဏ္ဍာရေးစနစ် (Green Finance) ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) ဌာနတစ်ခု (သို့မဟုတ်) ပရောဂျက်တစ်ခု (သို့မဟုတ်) ကုမ္ပဏီတစ်ခုမှ လုပ်ငန်းတစ်ခုတိုးချဲ့ရန်အတွက် ငွေရေးကြေးရေး စာချုပ်စာတမ်းများ ထုတ်ဝေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းဖြစ်ပြီး ယင်းငွေကြေးစာချုပ်စာတမ်းများ ထုတ်ဝေလိုက်ခြင်းမှ ရရှိလာသည့်ငွေကြေးများဖြင့် လုပ်ငန်းများဆောင်ရွက်ရင်း သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပြုသည့် လုပ်ငန်းများတွင် အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များကို ရရှိစေသည့် စနစ်တစ်ခုကို ခေါ်ဆိုခြင်းဖြစ်သည်။
အစိမ်းရောင်ဘဏ္ဍာရေးစနစ်သည် ငွေရေးကြေးရေးစာချုပ်စာတမ်းများ၊ ၎င်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် အရေးပါသလို တစ်ဖက်တွင်လည်း လုပ်ငန်းများစဉ်ဆက်မပြတ်တိုးတက်ရေး မူဝါဒများချမှတ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း အဓိကကျသည့်အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်။ ဘဏ္ဍာရေး ငွေရေးကြေးရေးကဏ္ဍသည် အဓိကကြားခံလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ဆုံးရှုံးနိုင်မှုစီမံခန့်ခွဲရေးကိုလည်း ဆောင်ရွက်ပေးသည့်အားလျော်စွာ ငွေကြေးအရင်းအမြစ်များကို ကုန်စည်နှင့် ဝန်ဆောင်မှုထုတ်လုပ်သည့်Real Economy အတွင်းသို့ မှန်ကန်စွာ ရောက်ရှိရေးအတွက် အဓိကဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။
တစ်ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းဖြစ်ပွားခဲ့သည့် ၂၀ဝ၆-၂၀ဝ၉ ကာလအတွင်း ရရှိခဲ့သည့် သင်ခန်းစာများကို အခြေခံကာ တစ်ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပေါင်းစပ်ဆောင်ရွက်သည့်အလေ့အထကို စတင်ကျင့်သုံးခဲ့သည်။ ယင်းကို ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက် အစပျိုးမှုတွင် ခေါင်းစဉ်တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။ အဆုံးတွင် ရှယ်ယာရှင်များ၏ တန်ဖိုးမြင့်တက်ရေး (စီးပွားရေး)မှသည် စနစ်အတွင်းပါဝင်သူအားလုံး၏တန်ဖိုး (စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး) မြှင့်တက်လာစေသည့် အကျိုးဆက်များကို ရရှိစေမည်ဖြစ်သည်။ အစိမ်းရောင်ဘဏ္ဍာရေးစနစ်သည် ငွေရေးကြေးရေးကဏ္ဍ ၏ အနာဂတ်တစ်ခုဖြစ်ပြီး ဘဏ္ဍာရေးယန္တရားအသစ်တီထွင်မှုများမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုပရောဂျက်များဆောင်ရွက်ခြင်း၊ ယင်းမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များရရှိစေသည့် စနစ်တစ်ခုပင်ဖြစ်သည်။
စာရင်းများအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်ကို ထိရောက်စွာအသုံးပြုရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမှာ ဆက်လက်ကျဆင်းမည့် လက္ခဏာများပေါ်ထွက်ခဲ့သည်။ ယခုအချိန်အထိ ရုပ်ကြွင်းလောင်စာများမှ စွမ်းအင်ထုတ်လုပ်မှုကို တွင်ကျယ်စွာ သုံးစွဲနေဆဲဖြစ်သည်။ ယင်းသည် ရာသီဥတု ကောင်းမွန်ရေးနှင့် သန့်ရှင်းသည့်လေရရှိရေး၊ စွမ်းအင်လုံလောက် မှုရရှိရေးစသည့် အစိမ်းရောင်စွမ်းအင်တိုးချဲ့ရေးအတွက် စိုးရိမ်စရာအခြေအနေကိုရောက်ရှိနေသည်။ ဖွံ့ဖြိုးတိုးတက်ပြီးနှင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအတော်များများသည် ယခုတိုင် pro-coal energy policy ဟုခေါ်သည့် ကျောက်မီးသွေးကို စွမ်းအင်အဖြစ် သုံးစွဲသည့်မူဝါဒကို ထိရောက်စွာအသုံးချရေးနှင့် ထွက်ရှိလာသည့် ကာဘွန်ဒိုင်အောက်ဆိုဒ်ကို အပူစွမ်းအင်အဖြစ်ပြောင်းကာ စွမ်းအင်ပြန်လည်ထုတ်လုပ်ရေးစနစ်ကို ကျင့်သုံးဆဲဖြစ်သည်။
ဘဏ္ဍာငွေဖြည့်တင်းခြင်းသည် စွမ်းအင်အပါအဝင်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းများ ဖွံ့ဖြိုးရေးအတွက် အဓိကအင်ဂျင်တစ်ခုဖြစ်သည်။ ယေဘူယျအားဖြင့် ဘဏ္ဍာရေးနှင့် ငွေကြေးအဖွဲ့အစည်းများသည် ရုပ်ကြွင်းလောင်စာများမှ စွမ်းအင်ထုတ်လုပ်မှုများသို့ ဘဏ္ဍာငွေထောက်ပံ့ရန် ပိုမိုအားသန်ကြပြီး အစိမ်းရောင်ပရောဂျက်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုများသို့ ဘဏ္ဍာငွေထောက်ပံ့ရန်လက်တွန့်တတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အစိမ်းရောင်စွမ်းအင်ပရောဂျက်များသည် နည်းပညာမြင့်မားခြင်း၊ ဝင်ငွေပြန်ရချက်နည်းပါးခြင်းနှင့် အခြားသောဆုံးရှုံးနိုင်ခြေများစွာရှိနေခြင်းကြောင့်ဖြစ်သည်။
အကယ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်လိုပါက အစိမ်းရောင်စီမံချက်များ လုပ်ဆောင်ရန် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ကို အကျိုးဖြစ်ထွန်းစေမည့် ဘဏ္ဍာရေး/ငွေကြေးပရောဒတ်အသစ်များတီထွင်ခြင်း၊ မူဝါဒအသစ်များချမှတ်ခြင်း၊ အစိမ်းရောင်ငွေချေးစာချုပ်များထုတ်ဝေခြင်း၊ ကာဗွန်ဈေးကွက်ဆိုင်ရာ ပရောဒတ်များတီထွင်ခြင်း၊ အစိမ်းရောင်ဗဟိုဘဏ်စနစ်များချမှတ်ခြင်း၊ ဘဏ္ဍာရေးနည်းစနစ်များ တီထွင်ခြင်း၊ လူထုအခြေပြု အစိမ်းရောင် ရန်ပုံငွေများတည်ထောင်ခြင်း စသည်တို့ကို ဆောင် ရွက်သွားရန်လိုအပ်ပြီး ယင်းတို့ကို ပေါင်းရုံးကာ အစိမ်းရောင်ဘဏ္ဍာရေးစနစ် ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်သည်။
အစိမ်းရောင်ဘဏ္ဍာရေးစနစ်အတွင်း ငွေကြေးနှင့်ဘဏ္ဍာရေးပရောဒတ်များစွာရှိပြီး အသုံးများသည့် ပရောဒတ်နှစ်ခုမှာကြွေးမှီးစာချုပ်စာတမ်းများ (Debt) နှင့် အီကွစ်တီ (Equity) တို့ဖြစ်သည်။ ထုတ်ဝေသည့် အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် ဝယ်ယူရင်းနှီးမြှုပ်နှံသူအမျိုးအစားများအပေါ် မူတည်၍ စာချုပ်စာတမ်းများ၏ အဆင့်နှင့် ပုံသဏ္ဌာန်ကွာခြားသွားသည်။
ကုမ္ပဏီများ၊ ပရောဂျက်များ၏ ကနဦးဖွံ့ဖြိုးစအဆင့်တွင် အီကွစ်တီရှယ်ယာများကို ထုတ်ဝေကာ ရင်းနှီးငွေရယူလေ့ရှိပြီး ယင်းတို့မှာ ကုမ္ပဏီပိုင်ဆိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ အီကွစ်တီ (Equity) ကို စတော့/ရှယ်ယာများဟုခေါ်ဆိုပြီး ယင်း ကို သာမာန်ရှယ်ယာ(Common share) နှင့် ဦးစားပေးရှယ်ယာ (Preferred share)ဟူ၍ထပ်မံခွဲခြားနိုင်သည်။ ယင်းတို့တွင်ထူးခြားသည့် ကွဲပြားခြားနားမှုများရှိသည်။ သာမန်ရှယ်ယာများကိုJunior Equity ဟု ခေါ်ဆိုပြီး ဦးစားပေးရှယ်ယာများကို Senior Equity ဟု ခေါ်ဆိုသည်။ ဦးစားပေးရှယ်ယာများသည် ကုမ္ပဏီမှ ခွဲဝေသည့် ပုံသေအမြတ်ငွေကို ရရှိခံစားရသော်လည်း ကုမ္ပဏီတွင်မဲပေးခွင့်၊ ဒါရိုက်တာဖြစ်ခွင့်မရှိပါ။ ကုမ္ပဏီဖျက်သိမ်းခဲ့ပါလျှင် ၎င်းတို့ကို ဦးစားပေးကာ အမ်းရသည်။ သာမန် ရှယ်ယာများသည် အမြတ်ဝေစု ပုံသေရရှိခြင်း မရှိသော်လည်း မဲပေးခွင့်၊ ကုမ္ပဏီ စီမံ ခန့်ခွဲမှုများတွင် ပါဝင်ခွင့်ရှိသည်။ ကုမ္ပဏီဖျက်သိမ်းပါက နောက်ဆုံးမှ ပြန်လည်အမ်းရပါသည်။
အစိမ်းရောင်ဘဏ္ဍာရေးစနစ်တွင် အသုံးများသည့် စာချုပ် စာတမ်းမှာ Junior Equity ဖြစ်ပြီး ၎င်းတို့မှာ သာမန်ရှယ်ယာများ ဖြစ်သည်။ ၎င်းတို့သည် ကုမ္ပဏီမှထုတ်ဝေသည့် ငွေချေးစာချုပ်များ၊ ဦးစားပေး ရှယ်ယာများထက်ပိုမိုသည့် ဆုံးရှုံးနိုင်ခြေ Risk များကို ရယူရသည်။ ဆိုလိုသည်မှာ ကုမ္ပဏီ၏ ဆုံးရှုံးနိုင်ခြေများ ကို အခြားသော စာချုပ်စာတမ်းများထက်ပိုမိုယူရခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း အဆိုပါ Junior Equity များသည် ပြန်ရချက်အမြင့်ဆုံး အခြေ အနေတွင် ရှိနေသည်။
ကြွေးမှီးယူကာ ဘဏ္ဍာငွေဖြည့်တင်းခြင်း (Debt Financing) တွင် ချေးငွေရယူခြင်း Loan နှင့် အများပြည်သူသို့ ငွေချေးစာချုပ် များ ထုတ်ဝေရောင်းချခြင်း Bond issuing တို့ ပါဝင်သည်။ ချေးငွေသည် ဘဏ်မှတစ်ဆင့် လုပ်ငန်းဆီသို့ ဘဏ္ဍာငွေစီးဆင်းခြင်းဖြစ်ပြီး Bond သည် အများပြည်သူထံသို့ ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချကာ ဖြည့်ဆည်းခြင်းဖြစ်သည်။
ဘဏ်မှချေးငွေရယူခြင်းနှင့် မတူညီသည့် အချက်မှာ ငွေချေးစာချုပ်များသည် ဈေးကွက်ထဲတွင် တစ်ဦးနှင့်တစ်ဦး ရောင်းဝယ်ဖောက်ကားနိုင်ပြီးတစ်ဦးချင်းစီကိုပင် ပမာဏများပြားစွာ ဝယ်ယူရင်းနှီးခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့် ခွင့်ပြုထားခြင်းပင်ဖြစ်သည်။ အစိမ်းရောင် ဘဏ္ဍာရေး စနစ်အတွင်းတွင် ငွေချေး စာချုပ်များကို အရည်အချင်းပြည့်စုံသည့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ (Qualified Institutional Investors)ကို ပါဝင် ခွင့်ပြုထားသည်။
ြွေကးမြီစာချုပ်စာတမ်းများ၊ အီကွစ်တီများကို မည်သည့် ပမာဏ ထုတ်ဝေနိုင်သည့်ဆိုသည့် ပုံသေနည်းမရှိပါ။ လုပ်ငန်းတစ်ခုချင်းအလိုက် ကွာခြားမှုရှိနိုင်သည်။ တိုးတက်မှုနှုန်းလျင်မြန်ပြီး ဝင်ငွေပြန်ရနှုန်းကောင်းမွန်သည့်Software နှင့် ဘိုင်အိုနည်း ပညာလုပ်ငန်းများတွင် အီကွစ်တီ(စတော့ရှယ်ယာ) ထုတ်ဝေမှုက ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်မှု ရှိစေသည်။
အဆိုပါလုပ်ငန်းများတွင် ကိုင်တွယ်၍ မရနိုင်သည့်အက် ဆက်များနှင့် မသေချာသည့်ငွေသားစီးဆင်းမှု(cash flow)များက ပိုမိုများပြားလေ့ရှိသည်။ ဤလုပ်ငန်းများတွင် ြွေကးမြီပြန်လည် ပေးဆပ်နိုင်မှု အခြေအနေအား ခန့်မှန်းရန်ခက်ခဲသည့်အတွက် ငွေချေးစာချုပ်ထုတ်ဝေရန် ခက်ခဲမည်ဖြစ်သည်။ ငွေချေးစာချုပ် များသည် သဘာဝအရ ဆုံးရှံးနိုင်ခြေနည်းပါးသည့် အခြေအနေ များတွင်သာ ထုတ်ဝေလေ့ရှိကြသည်။ အကျိုးဆက်အနေနှင့် ရင်းနှီးငွေအပေါ်ပြန်ရချက်လည်း နည်းပါးလေ့ရှိသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ဘဏ္ဍာငွေဖြည့်တင်းမှုများတွင်ကြွေးမှီးစာချုပ်စာတမ်းများနှင့် အီကွစ်တီများကို အဓိကကျသည့် ပရောဒတ်များအဖြစ် ထုတ်ဝေလေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ပရောဂျက် များအတွက် လုံလောက်သည့်ငွေကြေးကို ရင်းနှီးမြှုပ်နှံမှု ပရောဒတ်တစ်ခုမှ လွယ်ကူစွာ စုစည်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယင်း ပရောဒတ်ကိုရောင်းချရာမှ ရရှိသည့် ရင်းနှီးငွေများသည် ပရော ဂျက်များစွာကို ဖြန့်ကြက်ရင်းနှီးနိုင်ပြီး အထူးသဖြင့်မြေယာများ အသုံးချခြင်း၊ သစ်တောနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မည်သို့ပင် ပစ်မှတ်ထားသည့်ကဏ္ဍ များ များပြားပါစေ ယင်းပရောဂျက်တို့၏ ကြီးရင့်မှုကာလမှာ တူညီမှုရှိသည်။ သို့သော်လည်း ၎င်းတို့တွင် ထူးခြားသည့် အတိုင်း အတာများနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု စနစ်များ ရှိနေသည်။ အဆုံးတွင် ဘဏ္ဍာရန်ပုံငွေများကို ရင်းနှီးမြှုပ်နှံမှုများနှင့် ပရော ဂျက်များတွင် ခွဲခြမ်းစိတ်ဖြာရင်းနှီးခြင်းဖြင့် ဆုံးရှုံးနိုင်ခြေကို လျှော့ ချနိုင်မည်ဖြစ်သည်။ ခေတ်ရေစီးကြောင်းထဲတွင်ရှိနေသည့် ရင်းနှီး မြှုပ်နှံသူများမှာမူ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံသည့် ပုံသဏ္ဌာန်ကို အကျွမ်းတဝင်ဖြစ်ပြီး ပိုမိုသက်သောင့်သက်သာ ရင်းနှီးမြှုပ်နှံနိုင်ကြမည်ဖြစ်သည်။
Reference: Investment Guide
ထွန်းသက်ထွန်း
