မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီ ပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှ ပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ယာဉ်အို/ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက်ပုံစံ(ဃ)တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီကစိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့်နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
