နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် - ၃၊ အစည်းအဝေး ခန်းမ - ၂ ၌ ဇွန် ၁၁ ရက် နံနက်က ကျင်းပသည့် နည်း ပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (Technology and Innovation Support Center -TISC) တည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အမှာစကားပြောကြားရာတွင် နိုင်ငံ၏ နည်းပညာအဆင့်အတန်းနှင့် တီထွင်ဆန်းသစ်မှုများ မြင့်မားလာစေရန်၊ နည်းပညာများ အလွယ်တကူ ရယူ အသုံးပြုနိုင်ရန်နှင့် တီထွင်ဖန်တီးမှုများမှ မူပိုင်ခွင့် စနစ်ကို အသုံးပြု၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ် လုပ်နိုင်စေရန်အတွက် နည်းပညာနှင့် တီထွင်ဆန်း သစ်မှုအထောက်အကူပြုစင်တာ (TISC) များ တည် ထောင်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ မည် ဖြစ်ကြောင်း၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ စာရင်း အချက်အလက်များအရ အဖွဲ့ဝင် ၉၃ နိုင်ငံတွင်TISC စင်တာ ၁၈၃၂ ခုကို တည်ထောင်ထားရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့နှင့် TISC စင်တာများ ထူထောင်ဆောင်ရွက်ရန် ဝန်ဆောင်မှုအဆင့် သဘောတူညီချက် (Service Level Agreement- SLA) ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် သုတေသနဌာနတစ်ခု၊ တက္ကသိုလ်ငါးခုတို့နှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက် အကူပြုစင်တာများTISC တည်ထောင်ရန် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ဦးစီးဌာနငါးခု၊ တက္ကသိုလ် ၃၀ တို့ဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော် ကျင့်သုံးနေပြီဖြစ်၍ သုတေသနဌာန၊ တက္ကသိုလ်များမှ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်စနစ်ဖြင့် ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တီထွင်ဖန်တီးမှု နည်းပညာများကိုဈေးကွက်ဝင်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာလွှဲပြောင်းခြင်း (Technology Transfer) များကိုလည်း စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သုတေသနဌာနနှင့် တက္ကသိုလ်များတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက် အကူ ပြုစင်တာ (TISC) တည်ထောင်ခြင်းဖြင့် နည်းပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များလွယ်ကူစွာရရှိနိုင်ခြင်း၊ နည်းပညာဆိုင်ရာသတင်းအချက်အလက်များ ထိရောက်စွာသုံးစွဲနိုင်ခြင်းနှင့် တီထွင်ဖန်တီးမှုများတွင် အသုံးချနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများကို လှုံ့ဆော်ပေးခြင်းနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆန်းသစ်တီထွင်မြန်ပြည်တစ်ခွင် မူပိုင်ခွင့်ဖြင့်တို့မြှင့်တင်Documentary အား ပြသခြင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Innovation and IP ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ တီထွင်ဆန်းသစ်မှု မြှင့်တင်စေမည့်TISC ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရာသက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က ဆွေးနွေးခဲ့ ကြသည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည့် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
MOC (IR)
