ဗီယက်နမ်နိုင်ငံသည် ယခုနှစ် လိုက်ချီးသီး (Lychee) ဆွတ်ခူး ရာသီစတင်ချိန်မှစ၍ Kim Thanh International Border Gate No. 2 မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါး တန်ဖိုးရှိ လတ်ဆတ်သော လိုက်ချီးသီး မက်ထရစ်တန်ချိန် ၁၆၀ဝ၀ ကျော် တင်ပို့ခဲ့ပြီးဖြစ်သည်။ ဒေသဆိုင်ရာ အကောက်ခွန်ဦးစီးဌာနခွဲ (၇) အောက်ရှိ Lao Cai အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် အကောက်ခွန်အဖွဲ့၏အဆိုအရ ရာသီအစမှ ဇွန် ၁၄ ရက်နေ့အထိ အဆိုပါ သစ်သီးများ တင်ဆောင်လာသည့် ကုန်တင်ကားပေါင်း ၁၅၀ဝ နီးပါး ကို နယ်စပ်ဂိတ်မှတစ်ဆင့် အောင်မြင်စွာ ဖြတ်သန်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Bac Ninhဒေသ၏ လိုက်ချီးသီး ဆွတ်ခူးမှုသည် ဇွန် ၁၀ ရက်နေ့တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ ခဲ့သဖြင့် နယ်စပ်ဂိတ်ကို ဖြတ်သန်းမည့် သစ်သီးတင်ကားအရေအတွက်မှာ တစ်ရက်လျှင် အစီးရေ ၇၀ မှ ၁၀ဝ အထိ တိုးတက်လာနိုင်ကြောင်းLao Cai စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့(Lao Cai Economic Zone Authority) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် နယ်စပ်ဂိတ်သို့ ရောက်ရှိလာသည့် လတ်ဆတ်သော လိုက်ချီးသီးတင်ကား အားလုံး ကို ၂၄ နာရီပတ်လုံး တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲများက ကားအစီးရေ ၁၀ဝ ခန့် ဆံ့သော သီးသန့်ကားပါကင်နေရာသို့ စနစ်တကျ လမ်းညွှန်ပို့ဆောင်ပေးလျက်ရှိသည်။ ကုန်တင်ကားများသည် အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ ပြင်ဆင်ပြီးပါက ပြည်ပပို့ကုန်စစ်ဆေးရေးဧရိယာသို့ တိုက်ရိုက်ရွှေ့ပြောင်းကာ ပို့ကုန်ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရသည်။ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် ဂိတ်တွင်ပိတ်ဆို့ကြန့်ကြာမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန်အတွက် အကောက်ခွန်လုပ်ထုံး လုပ်နည်းများကို အများပြည်သူသိရှိစေရန် ရှင်းလင်းစွာ ထုတ်ပြန်ကြေညာထားသည်။
Lao Cai စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့သည် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် စီမံဆောင်ရွက်မှုများနှင့် ဝန်ထမ်းများတာဝန်ချထားမှုတို့ကိုဆွေးနွေးရန် မေလအစောပိုင်းကတည်းက အစည်းအဝေးများပြုလုပ်ခဲ့ကြပြီး နယ်စပ်ဂိတ် တရားဝင်မဖွင့်လှစ်မီ ၄၅ မိနစ်မှ မိနစ် ၆၀ အလိုကတည်းက အကောက်ခွန်လုပ်ငန်းစဉ်များကို ကြိုတင်စတင်နိုင်ရန် စီစဉ်ပေးခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးတွင် လတ်ဆတ်သော စိုက်ပျိုးရေးထွက်ကုန်များ၊ အထူးသဖြင့် လတ်ဆတ်သော လိုက်ချီးသီးများကို ကုန်ပစ္စည်းအရည်အသွေး မပျက်စီးစေရန်အတွက် နံနက်ပိုင်းတွင် ဦးစားပေးစနစ်ဖြင့် အကောက်ခွန်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
Source : VN Express၊ ကျော်မြင့်ဦး DOCA(ရန်ကုန်)
