ယနေ့ခေတ် စီးပွားရေးစနစ်တွင် ဈေးကွက်ယှဉ်ပြိုင်မှုသည် အရေးကြီးသောအစိတ်အပိုင်း ဖြစ်လာသည်။ ဈေးကွက်အတွင်း တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုများဖြစ်လာပါက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစနစ်သည် မလွဲမသွေထိခိုက်ရုံသာမက အများပြည်သူတို့၏ အကျိုးစီးပွားသည်လည်းနစ်နာမှုများ ကြုံတွေ့ရပေမည်။ သို့ဖြစ်ရာ ကမ္ဘာပေါ်ရှိ နိုင်ငံအများသည် ယှဉ်ပြိုင်မှုဥပဒေကိုပြဋ္ဌာန်းကြပြီး ထိုသို့မတရားယှဉ်ပြိုင်ခြင်းမှ အများပြည်သူတို့ ထိခိုက်နစ်နာခြင်းမရှိစေရန် ကာကွယ်ပေးနေကြသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ယှဉ်ပြိုင်မှုဥပဒေကို ၁၉၉၇ ခုနှစ်ကပင် ပြဋ္ဌာန်းကျင့်သုံးနေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အစောဆုံးပြဋ္ဌာန်းကျင့်သုံးသည့် နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယှဉ်ပြိုင်မှုဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် တွင် စတင်အသက်ဝင်ပြီးနောက် ယှဉ်ပြိုင်မှုကော်မရှင်ကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုသို့ ဖွဲ့စည်းတည်ထောင်ပြီးနောက် ယှဉ်ပြိုင်မှုကော်မရှင်၏ အခန်းကဏ္ဍသည် ဈေးကွက်တရားမျှတမှုရရှိရန် ဖော်ဆောင်ရေးတွင် အလွန်အရေးပါလာခဲ့သည်။
ထိုကဲ့သို့သော အခြေအနေတွင် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယခုနှစ် ဇွန် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးအောင်ဆန်းချစ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးညီညီထွန်းတို့က တက်ရောက်အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်က ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုနည်းဥပဒေနှင့် မူဝါဒအကြောင်းများကို ပြည့်စုံရှင်းလင်းစွာ ပြောကြားသည်။ ထို့နောက် ယှဉ်ပြိုင်မှုကော်မရှင်မှ ဦးစီးအရာရှိ ဦးဇေယျာလင်းထွန်းက တိုင်ကြားမှုပုံစံကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပေးဟောပြော ပွဲသို့ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်မှဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိလိုရာမေးခွန်းများကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဦးမောင်မောင်ဦးနှင့် ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်တို့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင် က တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုအကြောင်း၊ စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်ကင်းလွတ်ခွင့်များ၊ တားမြစ်ချက်များနှင့် ကင်းလွတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ရှင်းလင်းရာတွင်Irrawaddy Flotillas Co,နှင့် မွန် သူဌေးကြီး ဦးနာအောက်တို့၏ မတရားသောစီးပွားရေး ယှဉ်ပြိုင် ခြင်းအကြောင်းကို ဥပမာပေး၍ ပြောကြားခဲ့ရာတွင် Irrawaddy Flotillas Co သည် မွန်သူဌေးကြီး ဦးနာအောက်၏ သင်္ဘောလုပ်ငန်း ကို အပြုတ်တိုက်ရန် ဈေးနှုန်းအပြိုင် လျှော့ချရာမှ နောက်ဆုံးတွင် ဦးနာအောက်သည် သင်္ဘောများ အပြိုင်ပြေးဆွဲခြင်းကို ရပ်ဆိုင်းလိုက်ရပြီး ဧရာဝတီသင်္ဘောကုမ္ပဏီသို့ ၎င်းပိုင်သင်္ဘောများကို ရောင်းချလိုက်ရသည့် အခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။
ယခုအခါ ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုနည်းဥပဒေနှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့ ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ အများပြည်သူတို့အနေဖြင့် ထိုသို့သောကိစ္စရပ်များမှ ကင်းဝေးစေရန် တိုင်တန်းနိုင်မည်ဖြစ်သည်။ တိုင်တန်းသည်နှင့် တရား စွဲဆိုခြင်းမျိုးမဟုတ်ဘဲ တွေ့ဆုံသတိပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းမျိုး ဆောင်ရွက်ပေးမည်ဖြစ်သည်။
တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုဟုဆိုရာ၌ စားသုံးသူများ အထင်အမြင်လွဲမှားစေခြင်း၊ စီးပွားရေးလျှို့ဝှက်ချက် ပေါက်ကြားစေခြင်း၊ စီးပွားရေး လုပ်ကိုင်သူအချင်းချင်း နိုင်ထက်စီးနင်းပြုခြင်း၊ သူတစ်ပါးနာမည် ဂုဏ်သတင်းကို ပျက်ပြားစေခြင်း၊ သူတစ်ပါး၏ စီးပွားရေးလုပ်ငန်းကို နှောင့်ယှက်ခြင်း၊ မမှန်မကန်ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ စီးပွားရေးလုပ်ကိုင်သူများအကြား ခွဲခြားဆက်ဆံခြင်း၊ ထုတ်လုပ်စရိတ်အောက်၊ ဆိပ်ကမ်းရောက် တန်ဖိုး အောက်လျှော့ရောင်းခြင်း၊ အရှိန်အဝါသြဇာသုံးကာ လုပ်ငန်း သဘောတူစာချုပ်ကို ဖောက်ဖျက်ရန်ဆွဲဆောင်ခြင်း၊ ကော်မရှင်က မတရားယှဉ်ပြိုင်မှုဟု သတ်မှတ်ထားသည်ကို ကျူးလွန်ခြင်းတို့ ပါဝင်သည်။
ယှဉ်ပြိုင်မှုကော်မရှင်သည် ပိုမိုကောင်းမွန်သော စီးပွားရေးယှဉ်ပြိုင်မှုများ ဖြစ်ပေါ်အောင် လုပ်ငန်းရှင်များသည်လည်း မျှတ သောယှဉ်ပြိုင်မှုဖြင့် ပိုမိုကောင်းမွန်သော တီထွင်ဆန်းသစ်မှုများ ဖန်တီးနိုင်လာအောင်၊ အများပြည်သူသည်လည်း မတရားသော ယှဉ်ပြိုင်မှုများကြောင့် ထိခိုက်နစ်နာခြင်း ကင်းဝေးအောင် ဆောင်ရွက်ပေးသည့်၊ မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးအတွက် ကောင်းမွန်သော အရွေ့ဖြစ်အောင် ဆောင်ရွက်ပေးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပေသည်။ သို့ဖြစ်ရာ ယှဉ်ပြိုင်မှုကော်မရှင်၏ ဆောင်ရွက် ချက်များကို ကြောက်ရွံ့ရန်မလိုဘဲ ယှဉ်ပြိုင်မှုကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း၊ လွတ်လပ်စွာသတင်းပေးပြောကြားနိုင်ကြောင်း သတင်းပါးလိုက်ရပေသည်။
ဒေါက်တာသုတအောင် (ယှဉ်ပြိုင်မှုကော်မရှင်)
