မြန်မာနိုင်ငံ၏အရေးပါသော ရေထွက်ကုန်နှင့် စားသောက်ကုန်ထုတ်လုပ်ရေးဒေသတစ်ခုဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်တန်ဖိုးမြှင့် အစားအစာထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်လာလျက်ရှိပြီး ဝယ်လိုအားမြင့်တက်လျက်ရှိသည်။
ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာထုတ်လုပ်သည့် ငါးသားလုံး၊ ကြက်မှိုလုံးနှင့် ဝက်မှိုလုံးကဲ့သို့သော အေးခဲအစားအစာ(Frozen Food) ထုတ်ကုန်များ ဈေးကွက်တွင်စားသုံးမှု မြင့်တက်လာကြောင်းသိရသည်။ လက်ရှိတွင် မြိတ်ဒေသအခြေစိုက် ငါးသားလုံးထုတ်ကုန်များ၊ ကြက်မှိုလုံးနှင့် ဝက်မှိုလုံးထုတ်ကုန်များသည် ပြည်တွင်းစားသုံးသူများအကြား လူကြိုက်များလာပြီး စားသောက်ဆိုင်များနှင့် ဟော့ပေါ့လုပ်ငန်းများ၏ အဓိကဝယ်လိုအားရှိသည့် ထုတ်ကုန်များအဖြစ် ရပ်တည်လာကြောင်း သိရှိရသည်။
ယခင်က ငါး၊ ကြက်သားနှင့်ဝက်သားများကို အခြေခံစားသောက်ကုန်အဖြစ်သာ ရောင်းချခဲ့သော်လည်း ယခုအခါ စားသုံးရန် အဆင်သင့်နီးပါး ပြင်ဆင်ထားသောReady-to-Cook ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လာကြသည်။ ငါးသားလုံးများ ကို ဒေသထွက် ပင်လယ်ငါးများဖြင့် ထုတ်လုပ်ပြီး ငါးအသားကို ကြိတ်ကာ အရသာဖြည့်စွက်ပစ္စည်းများနှင့် ရောစပ်၍ ငါးသားလုံးအဖြစ် ပြုလုပ်ကြောင်းသိရှိရပြီး ကြက်မှိုလုံးနှင့် ဝက်မှိုလုံးများကိုမူ အရည်အသွေးမြှင့် ကြက်သားနှင့် ဝက်သားများကို အသုံးပြုကာ မှိုနှင့် အခြားပါဝင်ပစ္စည်းများ ပေါင်းစပ်ထုတ်လုပ်ထားကြောင်း သိရှိရသည်။ ထုတ်ကုန်များကို အေးခဲစနစ်ဖြင့် ထိန်းသိမ်းထားပြီး စား သုံးသူများအတွက် လွယ်ကူမြန်ဆန်စွာ ချက်ပြုတ်နိုင်ရန် ရည်ရွယ်ထားကာ ထုတ်လုပ်ထားကြောင်း သိရှိရသည်။
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် ဟော့ပေါ့နှင့် မာလာအစားအစာများ ခေတ်စားလာခြင်းကြောင့် ငါးသားလုံး၊ ကြက်မှိုလုံး၊ ဝက်မှိုလုံးနှင့် အလားတူ Frozen Food ထုတ်ကုန်များ ၏ ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာခဲ့သည်။
အဆိုပါထုတ်ကုန်များသည် သိုလှောင်ရလွယ်ကူခြင်း၊ အရသာတည်ငြိမ်ခြင်းနှင့် အချိန်တိုအတွင်း ပြင်ဆင်အသုံးပြုနိုင်ခြင်းကြောင့် စားသောက်ဆိုင် လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ကြောင်းသိရှိရသည်။ ယခုကဲ့သို့ တန်ဖိုးမြင့်အစားအစာထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းကြောင့် မြိတ်ဒေသတွင် အလုပ် အကိုင် အခွင့်အလမ်းများ တိုးပွားလာကာ စက်ရုံအလုပ်သမားများ၊ ထုပ်ပိုးရေးလုပ်ငန်းများ၊ အအေးခန်း သိုလှောင်ရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အားကောင်းလာခဲ့သည်။
ထို့ပြင် ငါးဖမ်းသမားများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ကုန်ကြမ်း ပံ့ပိုးသူများအတွက်လည်း ဈေးကွက်တိုးချဲ့နိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း လေ့လာသိရှိရသည်။
မြိတ်ဒေသမှထုတ်လုပ်သော အေးခဲအစားအစာ (Frozen Food) ထုတ်ကုန်များကို မြိတ်၊ ထားဝယ်၊ ကော့သောင်းနှင့် တနင်္သာရီ ဒေသအတွင်းသာမက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြား မြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
လက်ရှိ ဈေးကွက်အတွင်း ငါးသားလုံး ထုတ်ကုန်များ၏ ဈေးနှုန်းများမှာ ငါးအသားလုံး ၂၀ဝ ဂရမ်တစ်ထုပ်လျှင် ကျပ် ၃၃၀ဝ ခန့်၊ ငါးအသားလုံး ပေါင်မုန့် ကပ် ၁၅၀ ဂရမ်တစ်ထုပ်လျှင် ကျပ် ၃၇၅၀ ခန့်၊ ကြက်မှိုလုံး ၃၀ဝ ဂရမ်တစ်ထုပ်လျှင် ကျပ် ၇၃၀ဝ ခန့်နှင့် ဝက်မှိုလုံး ၃၀ဝ ဂရမ်တစ်ထုပ်လျှင် ကျပ် ၇၃၀ဝ ခန့်ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ မြိတ်ဒေသမှ ထုတ်လုပ်သည့် ငါးသားလုံးနှင့် ကြက်မှိုလုံး၊ ဝက်မှိုလုံး ထုတ်ကုန်များသည် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းဖြစ်သဖြင့် ဒေသတွင်း စက်မှုလုပ်ငန်းများ အောင်မြင်သော စက်မှုလုပ်ငန်းများ၏ အောင် မြင်လာခြင်းဥပမာများဖြစ်ပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှု အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။
ထက်အောင်လှိုင် (မြိတ်)
