ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ် နောက်မီးကျေးရွာသည် ပင်လယ်ကမ်းခြေနှင့် နီးကပ်လျက်ရှိပြီး အိမ်ခြေ ၂၀ဝ၀ ခန့်ရှိ၍ လူဦးရေ ၁၀ဝ၀ဝ ခန့် နေထိုင်လျက်ရှိပြီး ကျေးရွာ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ ပင်လယ်ပြင်သို့ ထွက်ပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသော ရွာတစ်ရွာဖြစ်သည်။
နောက်မီးကျေးရွာတွင် ငါးဖမ်းရာသီငါးဖမ်းစက်လှေ၊ ဝါးဖောင်များနှင့် ဖမ်းဆီးလျက်ရှိပြီး ပင်လယ်ပြင်တွင် နှစ်လ၊ သုံးလခန့်ဖမ်း၍ ဖမ်းဆီးရမိသော ငါး၊ ပုစွန်များကို အိုင်အိုဒင်းဆားဖြင့်သိပ်ကာ ကျေးရွာသို့ ပြန်လည်သယ်ယူရသည်။
ကျေးရွာသို့ရောက်လျှင် ငါး၊ ပုစွန်များကို ပြန်လည်ခွဲထုတ်ပြီး ဆားထပ်ထည့်ကာ နေလှန်းပြီး စက်ဖြင့် ကြိတ်ခြင်းဖြင့် ငါးပိကုန်ချောရရှိသည်၊ နောက်မီးကျေးရွာတွင် အဓိကအနေဖြင့် မျှင်ငါးပိများကို ထုတ်လုပ်လျက်ရှိပြီး ငါးပိကုန်ချောများကို တိုက်ရိုက်သင်္ဘာစင်းလုံးငှား၍ ရန်ကုန်ပွဲရုံ၊ အညာဒေသမန္တလေးနှင့် မြန်မာပြည်အနှံ့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊
နောက်မီးကျေးရွာသည် မြန်မာလူမျိုးတို့ အဓိကစားသုံးရာတွင် မပါမဖြစ်ပါဝင်နေသော မျှင်ငါးပိ ထုတ်လုပ်နေသော ကျေးရွာဖြစ်ပြီး တစ်နိုင်ငံလုံးငါးပိထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ရောင်းချနေသည်။ ၎င်းကျေးရွာတွင် တစ်နိုင်တစ်ပိုင် မျှင်ငါးပိထုတ်လုပ်သော စက်ရုံပေါင်း ၅၀ ကျော်ခန့်ရှိပြီး လုပ်ငန်းရှင်တစ်ဦးမှ တစ်လလျှင် မျှင်ငါးပိ ပိဿာချိန်တစ်သိန်းခန့် ထုတ်လုပ်၍ မျှင်ရာသီမှာ တစ်နှစ်လျှင် ရှစ်လခန့်ရှိပြီး ဧပြီလမှ ဇူလိုင်လအထိ ပင်လယ်ငါးဖမ်း ရာသီကုန်ဆုံးသွားချိန်တွင် လုပ်ငန်းရပ်နားမှုရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ဆိုးဆေးကင်းရှင်းကြောင်း ထောက်ခံချက်များ ပြုလုပ်ထားရန်၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မျှင်ငါးပိစက်ရုံများတွင် ကြိတ်ခွဲမှု၊ သိုလှောင်မှု၊ ထုပ်ပိုးမှု စနစ်တကျရှိစေရေးနှင့် မျှင်ငါးပိများတွင် ဓာတုဆိုးဆေးများ ကင်းစင်ရေး၊ ဆိုးဆေးပါဝင်မှု မရှိစေရန်တို့အတွက် စားသုံးသူအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
DOCA (ဖျာပုံ)
Background
