Main menu

Background

စီးပွားရေးစင်္ကြံများအကြား ပြိုင်ဆိုင်မှု

Mon, 07/20/2026 - 13:13 -- journal_editor

တစ်ချိန်ကနိုင်ငံများ၏ စီးပွားရေးအောင်မြင်မှုကို တိုင်းတာရာတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး  (GDP)၊ ပို့ကုန် တန်ဖိုး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုနှင့် ပြည်တွင်းဈေးကွက်အရွယ်အစားတို့ကို အဓိကထားခဲ့ကြသည်။ ထို့အပြင် နယ်မြေကျယ်ဝန်းမှု၊ သယံဇာတပေါများမှုနှင့် လူဦးရေအင်အားတို့ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအားသာချက်များအဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော် ၂၁ ရာစု၏ ကမ္ဘာ့စီးပွားရေး ပြိုင်ဆိုင်မှုသည် အခြေခံကျကျ ပြောင်းလဲလာနေပြီး နိုင်ငံအချင်းချင်းအကြားသာမက နိုင်ငံများ၊ ဈေးကွက်များနှင့် ထုတ်လုပ်မှုကွန်ရက်များကို ချိတ်ဆက်ပေးသည့် စီးပွားရေးစင်္ကြံများ (Economic Corridors) အကြား ပြိုင်ဆိုင်မှုအသွင်သို့ ကူးပြောင်းလာနေသည်။ အနာဂတ်စီးပွားရေးအင်အားကို နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ အရင်းအမြစ်များကသာ ဆုံးဖြတ်ပေးတော့မည်မဟုတ်ဘဲ ဒေသများ၊ ဈေးကွက်များ၊ ဆိပ်ကမ်းများ၊ တန်ဖိုးကွင်းဆက်များနှင့် ထုတ်လုပ်မှုကွန်ရက်များကို မည်မျှထိရောက်စွာ ချိတ်ဆက်နိုင်သည်ဆိုသည့် ချိတ်ဆက်နိုင်စွမ်း (Connectivity) ကသာ အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။ ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သားများ နယ်နိမိတ်ဖြတ်ကျော်၍ လွယ်ကူစွာ စီးဆင်းနိုင်လေလေ စီးပွားရေးစွမ်းအား ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။
ဤပြောင်းလဲမှု၏နောက်ကွယ်တွင် ကမ္ဘာ့ပထဝီနိုင်ငံရေး အပြောင်းအလဲများ၊ ထောက်ပံ့ရေးကွင်းဆက်များ ပြန်လည်ဖွဲ့စည်းလာမှုနှင့် ဒေသတွင်းတန်ဖိုးမြှင့်ကွင်းဆက်များ ကြီးထွားလာမှုတို့ရှိနေသည်။  ကမ္ဘာ့ကုန်သွယ်ရေးမတည်ငြိမ်မှုများကြောင့် အပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်းကြီးများ (MNCs) သည် ၎င်းတို့၏ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်စီမံလာကြသည်။ ယခင်က ကျင့်သုံးခဲ့သည့် တရုတ်နိုင်ငံ + တစ် (China+1)) မဟာဗျူဟာမှသည် ယခုအခါ တရုတ်နိုင်ငံ + နိုင်ငံ များစွာ(China+Many) မဟာဗျူဟာဆီသို့ ကူးပြောင်းလာပြီ ဖြစ်သည်။ စစ်တမ်းများအရ နိုင်ငံစုံကုမ္ပဏီကြီးများ၏ ၄၀ ရာခိုင် နှုန်းကျော်သည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကို တရုတ် နိုင်ငံပြင်ပရှိ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအထိ ဖြန့်ကြက်တည်ဆောက်လာကြသည်။ ထုတ်လုပ်မှုကွန်ရက်များ ပိုမိုကွဲပြားလာသည်နှင့် အမျှ နိုင်ငံတစ်နိုင်ငံ၏ သီးခြားအားသာချက်ထက် နိုင်ငံများစွာကို ချိတ်ဆက်ပေးနိုင်သော စီးပွားရေးစင်္ကြံများ၏ အရည်အသွေးက ပိုမိုအရေးကြီးလာသည်။ 
ယနေ့ခေတ် စီးပွားရေးစင်္ကြံများသည် လမ်းတံတားများ၊ ရထားလမ်းများ သို့မဟုတ် ဆိပ်ကမ်းများကို ချိတ်ဆက်ပေးသည့် အခြေခံအဆောက်အအုံ စီမံကိန်းများသာ မဟုတ်တော့ဘဲ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်း တန်ဖိုးမြှင့်ကွင်းဆက်များကို ပေါင်းစပ်ပေးသည့် မဟာဗျူဟာမြောက် စီးပွားရေးကွန်ရက်များ ဖြစ်လာသည်။ ယင်းပြောင်းလဲမှုကို တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်(BRI)၊ အိန္ဒိယ–အရှေ့အလယ်ပိုင်း–ဥရောပ စီးပွားရေးစင်္ကြံ (IMEC) နှင့် ဥရောပသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုမဟာဗျူဟာ (Global Gateway) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ချိတ်ဆက်ဖွံ့ဖြိုးရေး စီမံကိန်းများတွင် တွေ့မြင်နိုင်သည်။ 
BRI  သည် အာရှ၊ အာဖရိကနှင့် ဥရောပတို့ကို ချိတ်ဆက် ပေးသည့်  အကြီးမားဆုံး စီးပွားရေးစင်္ကြံများထဲမှ တစ်ခုဖြစ်ပြီး ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် စက်မှုဇုန်များမှတစ်ဆင့် ကုန် သွယ်ရေးနှင့် အရင်းအနှီး စီးဆင်းမှုကို မြှင့်တင်ရန် ကြိုးပမ်းနေ သည်။ တစ်ဖက်တွင် IMEC  သည် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ကို ချိတ်ဆက်မည့် လမ်းကြောင်းသစ်အဖြစ် ပေါ်ထွက်လာနေသည်။ ယင်းသည် သမားရိုးကျ ရေကြောင်းလမ်းထက် သယ်ယူပို့ဆောင်ရေး ကြာမြင့်ချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေမည့်အပြင် စွမ်းအင်၊ ဒစ်ဂျစ်တယ် ချိတ်ဆက်မှုနှင့် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုပါ အားပေးမည့် စနစ်သစ်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့်BRI နှင့်I MEC  တို့၏ ပြိုင်ဆိုင်မှုသည် စင်္ကြံလမ်းကြောင်းများအကြားသာ မဟုတ်ဘဲ အနာဂတ်ကမ္ဘာ့ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ရေး ကွင်းဆက်များကို မည်သည့်စီးပွားရေးကွန်ရက်က ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်မည်ဆို   သည့် ပြိုင်ဆိုင်မှုဖြစ်သည်။ ဤကမ္ဘာအနှံ့ ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို အာရှဒေသတွင် ထင်ရှားစွာတွေ့မြင်နိုင်သည်။ တရုတ်နိုင်ငံအပေါ် မှီခိုမှုလျှော့ချလိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် အာဆီယံသည် ထုတ်လုပ်မှုစွမ်းရည်၊ လူဦးရေဈေးကွက်၊ ကုန်ကျစရိတ်အားသာချက်နှင့် ဒေသတွင်းချိတ်ဆက်မှုတို့ကြောင့် အရေးပါသော ထုတ်လုပ်မှုဗဟိုအသစ်တစ်ခုအဖြစ် ပေါ်ထွက်လာသည်။
အာဆီယံဒေသတွင် ဂျိုဟိုး-စင်ကာပူ အထူးစီးပွားရေးဇုန် (JS-SEZ) သည် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ဘဏ္ဍာ ရေး၊ နည်းပညာနှင့် အဆင့်မြင့်ဝန်ဆောင်မှုစွမ်းရည်များကို မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်၏ မြေယာ၊ လုပ်သားအင်အားနှင့် စက်မှုအခြေခံ အဆောက်အအုံများနှင့် ဗျူဟာကျကျ ပေါင်းစပ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ဆီမီးကွန်ဒက်တာနှင့် ဒစ်ဂျစ်တယ်  စီးပွားရေးကဏ္ဍများတွင် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုဗဟိုအသစ်တစ်ခုအဖြစ် ပုံဖော်လာနေသည်။ အလားတူ မဟာမဲခေါင်ဒေသခွဲ (GMS) အတွင်းရှိ  အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC) နှင့် မြောက်-တောင် စီးပွားရေးစင်္ကြံ (NSEC) များသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်းစီးပွားရေးချိတ်ဆက်မှုကို အားပေးသည့် အရေးပါသောလမ်း ကြောင်းများဖြစ်လာနေသည်။
ယနေ့ ကမ္ဘာ့ထုတ်လုပ်မှုစနစ်သည် နိုင်ငံတစ်နိုင်ငံတည်းတွင် ထုတ်လုပ်ခြင်း(Made in One Country) မှ နိုင်ငံများစွာတွင် ဖြန့်ကြက်ထုတ်လုပ်ခြင်း(Made Across Many Countries) သို့ ပြောင်းလဲနေပြီဖြစ်သည်။ ထုတ်ကုန်တစ်ခု၏ ဒီဇိုင်း၊ အစိတ်အပိုင်း ထုတ်လုပ်မှု၊ စုစည်းတပ်ဆင်မှုနှင့် ဈေးကွက်တင်ပို့မှုတို့ကို နိုင်ငံအများအပြားတွင် ခွဲဝေဆောင်ရွက်လာကြသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အရေးကြီးဆုံးမေးခွန်းမှာ မည်သည့်နိုင်ငံတွင် စက်ရုံတည်ဆောက်မည်ဆိုသည်ထက် မည်သည့်စီးပွားရေးစင်္ကြံအတွင်း ဝင်ရောက်ချိတ်ဆက်နိုင်မည်နည်းဆိုသည့် မေးခွန်းဖြစ်လာနေသည်။ 
၂၁ ရာစု၏ စီးပွားရေးပြိုင်ဆိုင်မှုတွင် အနိုင်ရမည့်သူများမှာ အကြီးဆုံးနိုင်ငံများသာ မဟုတ်ဘဲ အကောင်းဆုံး ချိတ်ဆက်နိုင်သော  နိုင်ငံများနှင့် ဒေသများဖြစ်လာမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ကံကြမ္မာကို ပထဝီဝင်တည်နေရာက ဆုံးဖြတ်ပေးနေခြင်း မဟုတ်တော့ဘဲ  ချိတ်ဆက်နိုင်စွမ်း (Connectivity) က အဓိက ဆုံးဖြတ်ပေးနေပြီဖြစ်သည်။ အနာဂတ်၏စီးပွားရေးအင်အားသည် မိမိတို့နိုင်ငံ၏ သတ်မှတ်နယ်နိမိတ်အတွင်း၌သာ သီးခြားအခြေတည်မနေတော့ဘဲ နိုင်ငံများနှင့် ဒေသများကို ဗျူဟာကျကျ ချိတ်ဆက်ထားသော  စီးပွားရေးစင်္ကြံများပေါ်တွင်သာ အခိုင်အမာတည်ရှိနေပြီ ဖြစ်ပေသည်။ 

ဒေါက်တာတင်ထူးနိုင်

ကိုးကား - Kearney Reshoring Index Report 2025, World Bank & ASEAN Secretariat 2025, JMCIM2026, WEF 2026, UNCTAD 2026, ADB 2026