ဧရာဝတီတိုင်းဒေသကြီးသည် အုန်းချိုမွှေးစိုက်ပျိုးရန် သင့်လျော်သောရာသီဥတုနှင့် မြေဆီလွှာအမျိုးအစားရှိသည့်အတွက် အုန်းချိုမွှေးစိုက်ပျိုးရေးကို လွန်ခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဓနုဖြူမြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့၌ စတင်စိုက်ပျိုးခဲ့ပြီး အခြားမြို့နယ်များဖြစ်သော မော်ကျွန်းမြို့နယ်နှင့် ငွေဆောင်၊ ချောင်းသာဘက်တို့တွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့သည်။
လက်ရှိစိုက်ပျိုးမှုအနေဖြင့် ဓနုဖြူမြို့နယ်တွင် အုန်းချိုမွှေးစိုက် ဧက ၁၈၀ခန့်ရှိရာ ဧကအားဖြင့် အမျိုးဆုံးစိုက်ပျိုးထားသည်ဟု ဆိုနိုင်သည်။ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးတွင် စုစုပေါင်း စိုက်ဧက ၂၂၀ခန့်ရှိပြီး တစ်လလျှင် အလုံးပေါင်း ၇၅၀ဝ နှင့် ၈၀ဝ၀ ကြား ခူးဆွတ်နိုင်ပြီဖြစ်ရာ အုန်းချိုမွှေးစိုက်ပျိုးရေးသည် အောင်မြင်ဖြစ်ထွန်းသည့်အနေအထားဟုဆိုရမည်ဖြစ်ပြီး ဧက ၂၀ဝ၀ ကျော် တိုးချဲ့စိုက်ပျိုးရန်လည်း စီစဉ်ထားကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း စမ်းသပ်စိုက်ပျိုးနေသည့် အုန်းချိုမွှေးပင်များ၏ မူလမျိုးရင်းမှာ ထိုင်းနိုင်ငံဖြစ်ပြီး အဆိုပါအုန်းချိုမွှေး၏အရည်မှာ သာမန်အုန်းရည်များထက်ချိုမွှေးပြီးအရသာရှိသည့်အတွက် ပြည်တွင်းဈေးကွက်များတွင် ဝယ်လိုအားမြင့်မားကာ ဈေးကောင်းရရှိနေသည့် အသီးမျိုးလည်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အုန်းချိုမွှေးများအား ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိသေးသော်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည်မြို့များသို့ တင်ပို့နေပြီး ရန်ကုန်မြို့ရှိ Citymart၊ စိန်ဂေဟာ၊ Ocean စသည့် အရောင်းဆိုင်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊
မြန်မာ့မျိုးရင်းအုန်းသီးပင်များသည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပင်သက်တမ်းအနည်းဆုံးခုနစ်နှစ်မှ ၁၀ နှစ်ကြားရှိမှာသာ စတင်အသီးသီးသော်လည်း ထိုင်းအုန်းချိုမွှေး၏ အပင်သက်တမ်းမှာ နှစ်နှစ်ခွဲနှင့် သုံးနှစ်ကြားတွင် စတင်အသီးသီး၍ မြန်မာအုန်းသီးမျိုးက တစ်ဧကလျှင် အပင် ၇၀ စိုက်ပျိုးနိုင်သော်လည်း ထိုင်းအုန်းချိုမွှေးက တစ်ဧကလျှင် အပင် ၉၀ စိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် လက်ညှိုးထိုးမလွဲသော အပင်အများစုမှာ အုန်းပင်ဖြစ်ပြီး ရေငံပိုင်းနှင့် ရေချိုရေငံစပ်ဒေသများတွင် အုန်းပင်ဖြစ်ထွန်းမှု အားကောင်းသည်။
ယိုးဒယားအုန်းချိုမွှေးအပင်သည် စစိုက်သည့်အချိန်မှ နှစ်နှစ်ခွဲနှင့် သုံးနှစ်ကြားတွင် အသီးသီး၍ ခူးဆွတ်၍ရကြောင်း၊ တစ်နှစ်ကို အပင်ငယ်သည့်အရွယ်တွင် ၅၀၊ ၇၀ ကြား အသီးသီးကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများစွာရှိပြီး ရေခံမြေခံကောင်းမွန်သည့်အတွက် ဓနုဖြူမြို့နယ် ယင်းဒကစ်ကျေးရွာရှိရေ နက်ကွင်းတွင်ယိုးဒယားမျိုး (အုန်းချိုမွှေး)အုန်းသီးအနု အုန်းစိမ်းရည်အရည်သောက်အုန်းပင်များစမ်းသပ်စိုက်ပျိုးခဲ့ရာ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး အောင်မြင်ဖြစ်ထွန်းမှုရှိသည့်အတွက် ယခင်က အသုံးမပြုသော ရေနက်ကွင်းမြေကို စနစ်တကျပြုပြင်၍ ရေတစ်ဘောင်ကုန်းတစ်ဘောင်စိုက်ပျိုးနည်းစနစ်ဖြင့် အုန်းချိုမွှေးစိုက်ဧက ၁၈၀ စိုက်ပျိုးခဲ့သည်။
အုန်းချိုမွှေး တစ်ဧကတွင် အပင်ရေ ၉၀ စိုက်ပျိုး၍ တစ်ပင်ကို တစ်နှစ် ၁၈ ခိုင်ထွက်ရှိပြီး ပျှမ်းမျှအလုံးရေ ၁၂၆လုံးခန့်သီးသဖြင့် တစ်ဧကလျှင် တစ်နှစ်အုန်းသီးအလုံးရေ ၁၁၃၄၀ ဝန်းကျင်ရရှိမှာ ဖြစ်သည်။ အုန်းစိုက် ဧက၁၈၀တွင် အုန်းပင် ၁၆၀ဝ၀ မှ တစ်နှစ်လျှင် ပျမ်းမျှအုန်းသီးအလုံးရေ သိန်း၂၀ ဝန်းကျင်ရရှိမှာဖြစ်သည်။ အုန်းချိုမွှေးတစ်လုံး ရောင်းချဈေးမှာ အလုံးအသေး ကျပ် ၅၅၀ဝ နှင့် အကြီးတစ်လုံးလျှင် ကျပ် ၆၀ဝ၀ နှုန်းဖြစ်ကြောင်း သိရသည်။
သဘာဝအုန်းစိမ်းရည်ကို အချိန်ကြာကြာ ပုံမှန်သောက်သုံးပါက အသားအရေပြောင်းလဲမှုဖြစ်လာနိုင်သလို နုပျိုစေခြင်း၊ သွေးလွန်တုပ်ကွေးနောက်ဆက်တွဲ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲခြင်း ဝေဒနာများအတွက် အုန်းသီးနုရည်တစ်လုံးနှင့် သီးစုံဓာတ်ဆား ဆစ်ထုပ်ဖျော်သောက်ပါက ရောဂါပျောက်ကင်း၍ အကောင်းဆုံး သွေးအားဖြည့် နတ်ဆေးတစ်ပါးဖြစ်ကြောင်း အုန်းစိမ်းရည်က ပေး သောကျန်းမာရေးကျေးဇူးများတွင် ရေဓာတ်ဖြည့်တင်းပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ခေါင်းကိုက်သက်သာစေခြင်း၊ အယ်လ်ဇိုင်းမားရောဂါကိုသက်သာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ မျက်စိကျန်းမာစေခြင်း၊ အစိုဓာတ်ဖြည့်တင်းပေးခြင်း၊ အရေပြားပိုးဝင်ခြင်းကို သက်သာစေခြင်း၊ ဝက်ခြံများကို သက်သာစေခြင်း၊ အသားအရောင်ညီစေခြင်း၊ ဆံသားကိုအားဖြည့်စေခြင်း၊ အရေပြားဓာတ်မတည့်မှုကိုသက်သာစေခြင်း၊ နေလောင်ခြင်း၊ လေပွခြင်းကိုသက်သာစေသလို ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားလာမည့် ကလေးငယ်၏ ကိုယ်တွင်းအင်္ဂါများကို သန်မာကြံ့ခိုင်စေရန် ကျန်းမာရေး အထောက်အကူပြုကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ယင်းကဒစ်ကျေးရွာတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော အမယ်သစ်ယိုးဒယား (အုန်းချိုမွှေး)မျိုးများကို တိုင်းအတွင်းအခြားမြို့နယ်များတွင် တိုးချဲ့စိုက်ပျိုးနိုင်ပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဒေသတွင်းဝင်ငွေတိုးတက်ရရှိလာမှာဖြစ်သည်။ ထို့ပြင် လူသားများအတွက် အရေးပါသောကျန်းမာရေးအထောက်အကူပြု သဘာဝအုန်းချိုမွှေး၊ အရည်သောက်အုန်းစိမ်းရည်ကို ပြည်တွင်းဈေး ကွက်အတွက် သုံးစွဲရန်သာမက နောက်ပိုင်းတွင် ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်မည့် အလားအလာကောင်းများရှိနေသောကြောင့် အမယသစ်ယိုးဒယားအုန်းချိုမွှေးအုန်းစိမ်းရည်အကြောင်း ရေးသားလိုက်ရပါသည်။
မင်းမင်းဦး(ပသ)
