အင်ဒိုနီးရှားနိုင်ငံပိုင် ဓာတ်မြေသြဇာထုတ်လုပ်ရေးကုမ္ပဏီPT Pupuk Indonesia သည် အစိုးရချင်း သဘောတူညီချက်(G-to-G) အရ သြစတြေးလျနိုင်ငံသို့ ယူရီးယားဓာတ်မြေသြဇာစတင်တင်ပို့ခဲ့ရာ ပထမအသုတ်အဖြစ်တန်ချိန် ၄၇၂၅၀ ကို ဇွန် ၂၂ ရက်နေ့တွင် Brisbane ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပထမအသုတ်ကို ၂၀၂၆ ခုနှစ် မေလအတွင်း East Kalimantan ပြည်နယ်Bontang မြို့မှ Madi Luna သင်္ဘောဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနှင့် သြစတြေးလျအစိုးရတို့ သဘောတူထားသည့် ဓာတ်မြေသြဇာတန်ချိန် ၂၅၀ဝ၀ဝ ကုန်သွယ်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
Brisbane ဆိပ်ကမ်းတွင် ပြုလုပ်သည့်အခမ်းအနား၌ PT Pupuk Indonesia ဥက္ကဋ္ဌ Rahmad Pribadi ယခုတင်ပို့မှုသည် အင်ဒို-ပစိဖိတ် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ဓာတ်မြေသြဇာထောက်ပံ့ရေး ကွင်းဆက်ခိုင်မာစေရန် အင်ဒိုနီးရှား၏ ပံ့ပိုးကူညီမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Pribadi က သြစတြေးလျသည် အင်ဒိုနီးရှား ယူရီးယားဓာတ်မြေသြဇာ၏ အဓိကဈေးကွက်တစ်ခုဖြစ်ခဲ့ကြောင်း၊ သို့သော် ယခုတစ်ကြိမ်တင်ပို့မှုသည် အစိုးရချင်းသဘောတူညီချက်နှင့် ရေရှည်စာချုပ်အောက်တွင် ဆောင်ရွက်ခြင်းဖြစ်၍ အထူးအရေးပါကြောင်းပြောကြားခဲ့သည်။
သဘောတူထားသည့် စုစုပေါင်းပမာဏပြည့်မီစေရန် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ နောက်ထပ်ဓာတ်မြေသြဇာအသုတ်များကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုတင်ပို့မှုသည် ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်လုံခြုံမှုကိုကာကွယ်ရာတွင် အင်ဒိုနီးရှား၏ ဦးဆောင်အခန်းကဏ္ဍကို ပိုမိုခိုင်မာစေပြီး အစိုးရ၏ စားနပ်ရိက္ခာ သံတမန်ရေးမူဝါဒကိုလည်းအထောက်အကူပြုမည်ဟု ယုံကြည်ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းက အင်ဒိုနီးရှားနှင့် သြစတြေးလျတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံလိုအပ်နေကြသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်းပြောကြားခဲ့သည်။ အခမ်းအနားတွင် သြစတြေးလျနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Siswo Pramono ကလည်း အင်ဒိုနီးရှား-သြစတြေးလျ ဘက်ပေါင်းစုံစီးပွားရေး မိတ်ဖက်သဘောတူညီချက်အောက်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာနေကြောင်း ပြောကြားခဲ့သည်။
၎င်း၏အဆိုအရ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း သြစတြေးလျဒေါ်လာ ၁၄ ဘီလီယံမှ ၃၂ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် အင်ဒိုနီးရှားသည် ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ဝါဂွမ်းနှင့် ဂျုံများကို သြစတြေးလျ မှတင်သွင်းနေခြင်းကြောင့် ထိုပူးပေါင်းဆောင်ရွက်မှုမှာ နှစ်ဖက်စလုံး အတွက် အကျိုးရှိကြောင်း သိရသည်။
သံအမတ်ကြီးက ယခုဓာတ်မြေသြဇာကုန်သွယ်မှုကို စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အရေးပါသည့်နည်းလမ်းတစ်ရပ်အဖြစ် ဖော်ပြခဲ့သည်။ Pramonoက ခိုင်မာသည့် အင်ဒိုနီးရှားသည် သြစတြေးလျအတွက် အကျိုးရှိသကဲ့သို့ ခိုင်မာသည့် သြစတြေးလျသည်လည်း အင်ဒိုနီးရှားအတွက် အကျိုးရှိကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောရေးရာဌာနမှ First Secretary Assistant ဖြစ်သူ Amanda Calmers က အင်ဒိုနီးရှားမှ ရောက်ရှိလာမည့် ဓာတ်မြေသြဇာများသည် သြစတြေးလျတောင်သူများကို အထောက် အကူပြုပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကို ပိုမိုခိုင်မာစေမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် PT Pupuk Indonesia ၏ သြစတြေးလျဘက်မှ မိတ်ဖက် ကုမ္ပဏီ Incitec Pivot Fertilisersကိုယ်စားလှယ် Scott Bowman က အဆိုပါဓာတ်မြေသြဇာများကို ဝါဂွမ်း၊ ဂျုံ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး အဓိကအားဖြင့်Queensland နှင့် New South Wales ပြည်နယ်များရှိ တောင်သူများထံ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
မြသူ၊DOCA (ရန်ကုန်)
Antara News
