Main menu

Background

ဧရာမြေမှ စိုက်ပျိုးအောင်မြင်နေသော ဒူးရင်းသီးများ ဈေးကွက်ဝင်ရောက်

Tue, 09/15/2026 - 14:08 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းမွန်ပြီး သဘာဝမှလက်ဆောင်ပေးထားသည့် မြေဆီမြေနှစ် သဘာဝအရင်းအမြစ်များကို အသုံးပြုပြီး စိုက်ပျိုးရေးကဏ္ဍတွင်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံနှစ်ရှည်သီးနှံသစ်တောထွက်ပစ္စည်းမျိုးစုံ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်စားဖိုဆောင်သီးနှံ၊ လယ်ယာကိုင်းကျွန်းသီးနှံနှင့် သီးနှံအမယ်ပေါင်းများစွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ပြည်တွင်းစားသုံးမှုမှပိုလျှံသည့် ပြည်ပပို့ကုန်များကိုလည်း နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိနေသည်။                                                                                                                                                                                                                                                                                ပြည်တွင်းစားသုံးရန်အတွက် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ သလပ်ခွာကျေးရွာအနီးတွင် ယိုးဒယားဒူးရင်းမျိုး၊ မိချောင်းဂေါင်း၊ မွန်ထောင်း၊ ခြံနီ (၃)မျိုး သိပ္ပံနည်းဖြင့် စနစ်တကျ စမ်းသပ်စိုက်ပျိုးခဲ့ရာ မြေရာသီဥတုသဘာဝနှင့်ကိုက်ညီမှုရှိသည့်အတွက်ဒူးရင်းသီးများဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ ယခုအခါ ဧရာမြေမှ ဒူးရင်းသီးထွက်ရှိ၍ အောင်မြင်ဖြစ်ထွန်းလျက်အကျိုးအမြတ်ရရှိနေကြောင်း စိုက်ပျိုးရေးခြံရှင်ထံမှ သိရသည်၊
အရှေ့တောင်အာရှနိုင်ငံများတွင် ဒူးရင်းသီးကို အများအပြား စိုက်ပျိုးလျက်ရှိပြီး ဒူးရင်းသီးသည် ထူးခြားပြင်းထန်သည့်အနံ့နှင့် ကောင်းမွန်သောအရသာ၊ ဆူးချွန်များနှင့် အကာအကွယ်ယူထားသည့် အသွင်အပြင်ရှိ၍ သစ်သီးများ၏ ညဘုရင်ဟုတင်စားခေါ် ဝေါ်ကြသည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊  ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကထား၍ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်လည်းတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်၊
ယခင်က ဒူးရင်းသီးများကို ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြန်လည်ဝယ်ယူရောင်းချသည့်အတွက် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးရသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒူးရင်းစိုက်ပျိုးရေးခြံများကျယ်ပြန့်စွာစိုက်ပျိုးလာနိုင်ပါက ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိလာပြီး ဒေသခံပြည်သူများ ယခင်ကထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း  ဒူးရင်းစိုက်ခြံပိုင်ရှင်မှ ပြောကြားသည်၊

ဧရာမြေ (ပသ)