နိဒါန်း
လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးရေစီးကြောင်းတွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်နယ်စပ်ကုန်သွယ်မှုကဏ္ဍကိုပိုမိုမြန်ဆန်ချောမွေ့စေရန်ရည်ရွယ်၍ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းအသစ်များကို အရှိန်အဟုန်မြှင့် ပြောင်းလဲကျင့်သုံးလာနေသည်။ အထူးသဖြင့် ကုန်စည်အရည်အသွေးစစ်ဆေးမှု၊ နည်းပညာအသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုအပိုင်းများတွင် စည်းမျဉ်းများ ပိုမိုတင်းကျပ် ပြတ်သားလာသည်ကို တွေ့လာရသည်။
အဆိုပါ စည်းမျဉ်းအသစ်များသည် အိမ်နီးချင်းပို့ကုန်လုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုသစ်များ ဖြစ်လာသကဲ့သို့ စနစ်တကျပြင်ဆင်နိုင်ပါက ကုန်သွယ်မှုပိုမိုမြန်ဆန်လာမည့် အခွင့်အလမ်းကောင်းများလည်းဖြစ်သည်။ လက်ရှိတွင် ကုန်သည်လုပ်ငန်းရှင်များ မဖြစ်မနေ သိရှိထားရမည့် အဓိက ပြောင်းလဲလာသည့် ကဏ္ဍကြီးသုံးခုရှိသည်။
ကုန်စည်အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းများပိုမိုတင်းကျပ်လာခြင်း (SPS Measures)
တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သည် ပြည်ပမှတင်သွင်းလာသည့်လယ်ယာထွက်ကုန်များ၊ ပဲမျိုးစုံ၊ သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများအပေါ် သန့်ရှင်းရေးနှင့် အပင်ပိုးမွှားကင်းစင်ရေး (Sanitary and Phytosanitary - SPS) မူဝါဒကို သိသိသာသာတိုးမြှင့်ကျင့်သုံးလာသည်။ ဤမူဝါဒကို ၂၀၂၂ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့သော်လည်းယခု ၂၀၂၆ ခုနှစ်တွင် နယ်စပ်ဂိတ်များ၌ နည်းပညာမြင့်စစ်ဆေးရေးကိရိယာ များဖြင့် ၁၀ဝ ရာခိုင်နှုန်း အပြည့်အဝတင်းကျပ်စွာ စတင်စစ်ဆေးနေ ခြင်းဖြစ်သည်။ ယခင်ကျင့်သုံးခဲ့သည့် သမားရိုးကျစနစ်နှင့် လက်ရှိမူဝါဒအသစ်တို့အကြား စံနှုန်းကွာခြားချက်များမှာ အလွန်ပင်ကြီးမားလှသည်။
ယခင်စနစ်တွင် ကုန်ပစ္စည်းများ နယ်စပ်ဂိတ်သို့ ရောက်ရှိလာမှသာ နမူနာယူစစ်ဆေးသည့် (Random Inspection) ပုံစံကို အဓိကသုံးခဲ့သော်လည်း ယခုအခါ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးကို လိုက်လံစစ်ဆေးသည့် (Traceability) စနစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ဆိုလိုသည်မှာ စိုက်ခင်း၊ သိုလှောင်ရုံနှင့် စက်ရုံအဆင့်ကတည်းက စံချိန်စံညွှန်းမီရန်လိုအပ်ပြီး မည်သည့်စိုက်ခင်းမှထွက်ရှိသည်အထိ အစအဆုံး စိစစ်နိုင်ရမည် ဖြစ်သည်။
ထို့ပြင် ယခင်ကသတ်မှတ်ထားသည့်ကုန်စည်အမျိုးအစားအချို့ကိုသာ တရားဝင်မှတ်ပုံတင်ရန် လိုအပ်ခဲ့သော်လည်း ယခု အခါ ပြည်ပမှ တင်ပို့မည့်အစားအသောက်နှင့် လယ်ယာထွက်ကုန်ထုတ်လုပ်သည့်စက်ရုံနှင့် ဂိုဒေါင်အားလုံးသည် တရုတ် GACC တွင် ကြို တင်မှတ်ပုံတင်ထားပြီး တရားဝင်အသိအမှတ်ပြုနံပါတ် (Registr- ation Code) ရရှိထားမှသာ ၁၀ဝ ရာခိုင်နှုန်း တင်ပို့ခွင့်ပြုတော့မည် ဖြစ်သည်။
အရေးကြီးဆုံးပြောင်းလဲမှုမှာ ပိုးသတ်ဆေးနှင့် ဓာတုကြွင်းကျန်မှုအပေါ်ထားရှိသည့် စံနှုန်းပင်ဖြစ်သည်။ ယခင်ကဓာတြွုကင်းကျန်မှု ပမာဏ အနည်းငယ်တွေ့ရှိပါက ညှိနှိုင်းမှု သို့မဟုတ် ဒဏ်ကြေးစနစ်ဖြင့် ကုန်ပစ္စည်းရှင်းလင်းခွင့် ပြုလေ့ရှိသော်လည်း လက်ရှိတွင် အမှားအယွင်းမခံသည့် စံနှုန်း (Zero Tolerance Policy) ကို ကျင့်သုံးနေသည်။ ခွင့်ပြုထားသည့် ပမာဏထက် မိုက်ခရိုဂရမ်အနည်းငယ်မျှပိုမိုပါဝင်နေရုံဖြင့် ကုန်ပစ္စည်းတစ်ခုလုံးကို နယ်စပ်ဂိတ်တွင် တိုက်ရိုက်ပယ်ချခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ကုန်ပစ္စည်းထုပ်ပိုးမှုနှင့် တံဆိပ်ကပ်ခြင်း (Labelling) တွင်လည်း ယခင်က အင်္ဂလိပ်ဘာသာဖြင့် ကပ်နှိပ်ထားလျှင် လက်ခံလေ့ရှိသော်လည်း အသစ်တိုးမြှင့်လိုက်သည့် စည်းကမ်းချက်အရ ကုန်ပစ္စည်းအမည်၊ ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်နိုင်ငံ၊ စက်ရုံမှတ်ပုံတင် အမှတ်နှင့် သက်တမ်းကုန်ဆုံးရက်တို့ကို တရုတ်ဘာသာစကားဖြင့် ထုပ်ပိုးမှုအပြင်ဘက်တွင် တိကျစွာ မဖြစ်မနေရိုက်နှိပ်ဖော်ပြရမည် ဖြစ်သည်။
ထို့ကြောင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တရုတ် ဘာသာစကားဖြင့် တံဆိပ်ကပ်ခြင်း (Labelling) ပြုလုပ်ရာတွင် အမှားအယွင်းမရှိစေရန် တရုတ်ဝယ်လက် (Importer) နှင့် ကြိုတင်ညှိနှိုင်းရယူကာ သတ်မှတ်ထားသော တရုတ်စာတံဆိပ်များကို ကုန်ပစ္စည်းမတင်ပို့မီ မိမိတို့ဘက်မှပင် ကြိုတင်ရိုက်နှိပ် ထုပ်ပိုးထားရမည်ဖြစ်သည်။
Smart Customs စနစ်နှင့် စာရွက်စာတမ်းမဲ့
(Paperless) နယ်စပ်ကုန်သွယ်ရေး
တရုတ်နိုင်ငံသည် နယ်စပ်ဂိတ်များတွင် လူကိုယ်တိုင်စစ်ဆေးရသည့်အဆင့်များကိုလျှော့ချပြီး ကုန်ပစ္စည်းရှင်းလင်းရေး(Customs Clearance)ပိုမိုမြန်ဆန်စေရန်နည်းပညာမြင့် Smart Customs စနစ်ကို အစားထိုး အကောင်အထည် ဖော်လာရာ လုပ်ထုံးလုပ်နည်းများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သမားရိုးကျ ကုန်သွယ်မှုတွင် သွင်းကုန်/ပို့ကုန် လိုင်စင်များ၊ အကောက်ခွန် ကြေညာလွှာများနှင့် ထောက်ခံချက်များကို စာရွက်စာတမ်း မိတ္တူအစုံအလင်ဖြင့် လူကိုယ်တိုင်တင်ပြခဲ့ရသည်။ သို့သော်Smart Customs စနစ်တွင် စာရွက်စာတမ်းအားလုံးကို Online Platform စနစ်မှတစ်ဆင့် ဒစ်ဂျစ်တယ်ဖိုင်များအဖြစ်သာ ကြိုတင်တင်ပြရမည့် ၁၀ဝ ရာခိုင်နှုန်း စာရွက်စာတမ်းမဲ့ (Paperless) စနစ်သို့ ကူးပြောင်းသွားပြီဖြစ်သည်။
ကုန်ကားများ ဂိတ်ဖြတ်သန်းမှုအပိုင်းတွင်လည်း ယခင်ကဂိတ်ဝ၌ကုန်ကားများကို ရပ်တန့်စေပြီး အကောက်ခွန်အရာရှိများက စာရွက်စာတမ်းများကို တစ်စောင်ချင်း လူကိုယ်တိုင် စိစစ်ခဲ့သောကြောင့် ကြန့်ကြာမှုများရှိခဲ့သည်။ ယခုစနစ်သစ်တွင်မူ ယာဉ်မောင်းနှင့် ကုန်စည်အချက်အလက်များကို QR Code RFID (Radio Fre- quency Identification) ကတ်များနှင့် အလိုအလျောက်ဆန်းစစ်သည့် စနစ်များသုံးကာ စက္ကန့်ပိုင်းအတွင်း အလိုအလျောက်ဂိတ်များပွင့်သွားစေသည့် စနစ်(Automated Clearance) ကို ကျင့်သုံးနေသည်။
ထို့ပြင် ကုန်ပစ္စည်းများကို ရှာဖွေစစ်ဆေးရာတွင်လည်း ယခင်က ကုန်သေတ္တာ (Containers) များကို နမူနာအဖြစ်သာရွေးချယ်ပြီး X-ray ဓာတ်မှန်ရိုက်စစ်ဆေးလေ့ရှိသော်လည်း လက်ရှိတွင်ကုန်ကားများကို မရပ်မနားဘဲ ဖြတ်သန်းမောင်းနှင်စေကာ High-speed X-ray စနစ်ဖြင့်ရိုက်ကူးပြီး ကုန်ပစ္စည်း မှန်ကန်မှု ရှိ၊ မရှိကို AI (Arti- ficial Intelligence) နည်းပညာသုံးစနစ်ကပါ ပူးတွဲစိစစ်သည့် ခေတ်မီနည်းပညာများ အစားထိုးလာပြီ ဖြစ်သည်။
အသိအမှတ်ပြုကုန်သည်စနစ် (AEO) နှင့် နယ်စပ်ဂိတ်များ အဆင့်မြှင့်တင်ခြင်း
AEO (Authorized Economic Operator) စနစ်သည် ကမ္ဘာ့အကောက်ခွန်အဖွဲ့(WCO)၏ စံနှုန်းများနှင့်အညီစည်းကမ်းလိုက်နာမှုကောင်းမွန်သည့်ကုမ္ပဏီများကိုကုန်သွယ်မှုတွင် အထူးဦးစားပေးအခွင့်အရေးများပေးသည့် စနစ်ဖြစ်ပြီး လက်ရှိတွင် ၎င်း၏ အကျိုးသက်ရောက်မှုမှာ ပိုမိုထင်ရှားလာသည်။
ယခင်က ကုမ္ပဏီကြီးဖြစ်စေ၊ သမားရိုးကျကုန်သည်ဖြစ်စေ နယ်စပ်ဂိတ်တွင်တန်းစီပြီး တန်းတူစစ်ဆေးမှုခံယူရလေ့ရှိသည်။ သို့သော် လက်ရှိမူဝါဒအသစ်အရ AEO အသိအမှတ်ပြုလက်မှတ်ရကုမ္ပဏီများ၏ ကုန်စည်များကိုဦးစားပေးလမ်းကြောင်း (Green Channel) မှတစ်ဆင့် စစ်ဆေးမှုအနည်းဆုံး (Minimum Inspection) သို့မဟုတ် လုံးဝမစစ်ဆေးဘဲ ဖြတ်သန်းခွင့်ပြုသည့် အခွင့်အရေးကို ပေးအပ်ထားသည်။
ဤအချက်ကြောင့် ကုန်ပစ္စည်းရှင်းလင်းရေး အချိန်တွင်များစွာကွာခြားသွားသည်။ ယခင်က စာရွက်စာတမ်းနှင့် ကုန်ပစ္စည်းစစ်ဆေးမှုများကြောင့် နယ်စပ်ဂိတ်များတွင် ရက်အနည်းငယ်အထိ ကြန့်ကြာတတ်သော်လည်း AEOရရှိထားသည့် ကုမ္ပဏီများအတွက်မူ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းရချိန် ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားပြီး ကုန်သွယ်မှု အကျပ်အတည်း ဖြစ်ချိန်များတွင်ပင် ၎င်းတို့၏ ကုန်စည်များကို ဦးစားပေးရှင်းလင်းပေးသည်။
နောက်ဆုံးထူးခြားချက်မှာ အပြန်အလှန် အသိအမှတ်ပြုမှုစနစ် ဖြစ်သည်။ ယခင်က မိမိနိုင်ငံ အကောက်ခွန်အဖွဲ့၏ စိစစ်မှုကိုသာ အခြေခံပြီး နယ်စပ်တစ်ဖက်ခြမ်းတွင် အကျိုးခံစားခွင့် မရရှိနိုင်သော် လည်း လက်ရှိတွင် တရုတ်နိုင်ငံနှင့် AEO အပြန်အလှန် အသိအမှတ် ပြုထားသည့်(Mutual Recognition) နှစ်နိုင်ငံမှ ကုန်သည်များဖြစ်ပါက တစ်ဖက်နိုင်ငံ၏ နယ်စပ်ဂိတ်များတွင်ပါ တန်းတူ အထူးဦးစား ပေး အခွင့်အရေးများ ရရှိခံစားနိုင်မည်ဖြစ်သည်။
နိဂုံးနှင့် သုံးသပ်ချက်
ခြုံငုံသုံးသပ်ရလျှင် တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စည်း မျဉ်းအသစ်များသည် နည်းပညာပိုင်းအရ မြန်ဆန်ချောမွေ့မှုကို ပေးစွမ်းနိုင်သော်လည်း ကုန်စည်အရည်အသွေးပိုင်းတွင်မူ အမှားအယွင်းမခံဘဲ ပိုမိုတင်းကျပ်လာသည့်သဘောရှိလာသည်။ ယခင်ကကဲ့သို့ နယ်စပ်ရောက်မ အဆင်ပြေသလို ညှိနှိုင်းမည်ဆိုသည့် သမားရိုးကျ အတွေးအခေါ်မျိုးဖြင့် ကုန်သွယ်၍မရတော့ဘဲ စနစ်တကျပြင်ဆင်မှုရှိသည့် ကုန်သည်များသာရေရှည်ရပ်တည်နိုင်တော့မည့် သဘော ဖြစ်သည်။
ထို့ကြောင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကုန် ပစ္စည်းများကို မတင်ပို့မီ ပြည်တွင်း ဓာတ်ခွဲခန်းများတွင် ပိုးမွှားနှင့် ဓာတြွုကင်းကျန်မှု ရှိ၊ မရှိ ကြိုတင်စစ်ဆေးခြင်း၊ GACC မှတ်ပုံတင်ခြင်းကိုစနစ်တကျပြုလုပ်ခြင်း၊ ထုပ်ပိုးမှုစံနှုန်းများကို တရုတ်ဘာသာစကားဖြင့် တိကျစွာ ပြင်ဆင်ခြင်းနှင့် ဒစ်ဂျစ်တယ်စနစ်များကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်လေးနက်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။
ရင်းမြစ်-
English. Customs.gov.cn
China import food Enterprise Registration
Reports on Authorized Economic Operator - Customs AEO- Bejing
ဇာနည်တင်
