အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၃ သန်းနှင့် ကျပ် ၁၁၇၈ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။
ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နံမှုလုပ်ငန်းအသစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်နှစ်ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၂ ခုဖြင့် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့ဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၃၆ နေရာထိ ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယခုနှစ် ဇူလိုင်လကုန်အထိ ပြည်တွင်းတွင် စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် နိုင်ငံများဖြစ်ပြီး လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၂၈ ဒသမ ဝ၆ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၀ ဒသမ ၄၁ ရာခိုင်နှုန်းနှင့် စက်မှုကဏ္ဍတွင် ၁၅ ဒသမ ၄၇ ရာခိုင်နှုန်းအထိ အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန် ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Background
