အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ပြီး အမည်ပြောင်းမှတ်ပုံတင်လျှောက်ထားရာတွင် စက်တင်ဘာ ၁ ရက်မှစတင်၍ ဝယ်ယူသူ၏ ဝင်ငွေခွန်ဆိုင်ရာထောက်ခံချက်အပြင် ရောင်းချသူ၏အခြေပစ္စည်းမှမြတ်စွန်းငွေနှင့်ပတ်သက်သည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကိုပါ တင်ပြရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါလုပ်ငန်းစဉ်သည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့တွင် အမည်ပြောင်းလျှောက်ထားခြင်းများ၌သက်ဆိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများအနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီးနောက် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်ဝင်ငွေရလမ်းစိစစ်မှုခံယူ၍ အခွန်စည်းကြပ်မှု ဆောင်ရွက်ရမည်ဖြစ်သည်။
တစ်ချိန်တည်းတွင် ရောင်းချသူများကလည်း အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းရောင်းချမှုကြောင့် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ်ပေါက်ခြင်းရှိ၊ မရှိ စိစစ်မှုခံယူကာ သက်ဆိုင်ရာအခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံများကို ကြိုတင်ရယူထားရန်လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ကိုတိုး
