မြန်မာနိုင်ငံကဲ့သို့စိုက်ပျိုးရန်အခြေအနေပေးသည့် သမမျှတသည့်ရာသီဥတုရှိပြီး စိုက်ပျိုးမြေကျယ်ဝန်းသည့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေးကဏ္ဍသည်အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။စိုက်ပျိုး ထွက်ရှိလာသော ထွက်ကုန်များသည် ကမ္ဘာ့အရပ်ရပ်ရှိ ဈေးကွက်ကြီးများသို့ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေးအတွက် အစားအစာဆိုင်ရာစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိရန် မဖြစ်မနေလိုအပ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာ ကုန်သွယ်ရေးတွင် အစားအစာဘေးကင်းလုံခြုံရေး (Food Safety) သည် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ဆုံးဖြတ်ပေးသည့် အရေးကြီးဆုံးအချက်များထဲမှတစ်ခုဖြစ်သည်။ လယ်ယာထွက်ကုန်များ၏ ထုတ်လုပ်မှုပမာဏတိုးတက်စေရန် ပိုးသတ်ဆေးများကို အသုံးပြုကြသော်လည်း မသင့်လျော်သော ကျင့်စဉ်များအသုံးပြုမှုကြောင့် ကုန်သွယ်မှုတွင် အတားအဆီးများစွာ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ပိုးမွှားနှင့်ရောဂါများကိုထိန်းချုပ်ရန် အသုံးပြုသောပိုးသတ်ဆေးများကို မှန်ကန်စွာမသုံးစွဲပါက သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း(Pesticide Residues) ကျန်ရှိနေနိုင်သည်။ ယနေ့ကမ္ဘာ့ဈေးကွက်တွင် စားသုံးသူများ၏ အစားအစာဘေးကင်းလုံခြုံရေးအပေါ် စိုးရိမ်မှုမြင့်တက်လာသည့်အတွက် ပိုးသတ်ဆေးဓာတ်ကြွင်း (Pesticide Residue) ကို ပိုမိုတင်းကျပ်စွာစစ်ဆေးလျက်ရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏသည် သတ်မှတ်ထားသော အမြင့်ဆုံး ဓာတ်ကြွင်းပါဝင်မှုကန့်သတ်ချက်(Maximum Residue Limit- MRL) ထက်ကျော်လွန်ပါက စားသုံးသူကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် နိုင်ငံတကာကုန်သွယ်ရေးတွင်ပို့ကုန်ပစ္စည်းများကို ငြင်းပယ်ခြင်း (Rejection)၊ ဈေးကွက် ဆုံးရှုံးခြင်းနှင့် ပို့ကုန်အပေါ်ယုံကြည်စိတ်ချရမှု ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်လာနိုင်သကဲ့သို့ တင်ပို့သူများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် နိုင်ငံ၏ စီးပွားရေးကိုလည်း ထိခိုက်စေနိုင်သည်။ ထို့ကြောင့်ကုန်သွယ်မှုတွင်ပိုးသတ်ဆေးဓာတ်ကြွင်းနှင့် ပတ်သက်သော အတားအဆီးများကို နားလည်သဘောပေါက်ပြီး ကြိုတင်ကာကွယ်ဆောင်ရွက်ရန် လိုအပ်ခြင်းဖြစ်သည်။
ပိုးသတ်ဆေးဓာတ်ကြွင်းများသည် လူ့ကျန်းမာရေးအပေါ် ရေတိုနှင့်ရေရှည်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ ရေတိုအကျိုးသက်ရောက်မှုများတွင်အန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အရေပြားယားယံခြင်းတို့ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ရေရှည်ထိတွေ့မှုများကြောင့် ကင်ဆာဖြစ်နိုင်ခြေမြင့်တက်ခြင်း၊ အာရုံကြောစနစ်ထိခိုက်ခြင်း၊ ဟော်မုန်းစနစ်မညီမျှခြင်း၊ မျိုးပွားမှုစနစ်ထိခိုက်ခြင်းနှင့် ကလေးငယ်များ၏ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ကြောင်းWHO နှင့် FAO တို့က ဖော်ပြထားသည်။ ထို့အပြင် ပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုပါက မြေဆီလွှာ၊ ရေထုနှင့် ဇီဝမျိုးစုံလင်မှု (Biodiversity) ကို ထိခိုက်စေပြီးဂေဟဝန်းကျင်အပေါ်ရေရှည်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ Codex Alimentarius Commission ၏ အဆိုအရ စားသုံးသူကျန်းမာရေးကို ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဓာတြွ်ကင်းကျန်မှုအား သိပ္ပံနည်းကျအကဲဖြတ်၍ သတ်မှတ်ထားသောအမြင့်ဆုံးဓာတ်ကြွေးပါဝင်မှု ကန့်သတ်ချက် Maximum Residue Limits (MRLs) အောက်တွင် ရှိရမည်ဖြစ်ပြီး နိုင်ငံတကာတွင်လည်း တင်သွင်းလာသော စိုက်ပျိုးရေးထွက်ကုန်များအတွက်MRLs စံနှုန်းများမဖြစ်မနေ သတ်မှတ်ထားသည်ကို တွေ့ရှိရသည်။ ထိုသို့သတ်မှတ်ရာ တွင်လည်း ငွေကြေးတတ်နိုင်သော ဖွံ့ဖြိုးပြီးနိုင်ငံများက သိပ္ပံနည်းကျအကဲဖြတ်ရလဒ်များအပေါ်အခြေခံ၍ ယင်းတို့နိုင်ငံအတွက် ပိုမိုတင်းကျပ်သည့် သီးခြားစံနှုန်းများဖြင့်လည်းကောင်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်သတ်မှတ်ထားသည့် တစ်ပြေးညီစံနှုန်းများဖြင့်လည်းကောင်း ညီညွတ်ခြင်းရှိ၊ မရှိအကဲဖြတ်သည်။သတ်မှတ်ချက်ထက်ကျော်လွန်ပါကကုန်ပစ္စည်းများကို လက်ခံရန်ငြင်းပယ်ခြင်း၊ ပြန်လည်ပို့ဆောင်စေခြင်းသို့မဟုတ်ဖျက်ဆီးခြင်းများဆောင်ရွက်လျက်ရှိရာ ပို့ကုန်များအတွက် ဆုံးရှုံးမှုများဖြစ်စေသလိုတင်ပို့သောနိုင်ငံများ၏ ပို့ကုန်ဂုဏ်သတင်းကိုလည်း ထိခိုက်ကျဆင်းစေသည်။ European Union (EU)သည်ကမ္ဘာပေါ် တွင် Maximum Residue Limit- MRL) သတ်မှတ်ချက်အတင်းကျပ် ဆုံး ဈေးကွက်များထဲမှတစ်ခုဖြစ်သည်။ အချို့သော ပိုးသတ်ဆေးများကို လူ့ကျန်းမာရေးနှင့်ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုကြောင့် နိုင်ငံတကာတွင်တားမြစ်ထားသည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့် Aldrin ၊ Dieldrin ၊ Endrin နှင့် DDT ကဲ့သို့ ပတ်ဝန်းကျင်တွင် ကြာရှည်စွာ တည်ရှိနေတတ်သော အော်ဂဲနစ်ညစ်ညမ်းပစ္စည်း Persistent Organic Pollutants (POPs) များကို စိုက်ပျိုးရေးတွင် အသုံးမပြုရန်နိုင်ငံတကာကတားမြစ်ထားပြီး ထိုဆေးများကို အသုံးပြုထားသည့် သီးနှံများကို နိုင်ငံတကာဈေးကွက်မှ လက်ခံနိုင်မှုမရှိတော့ဘဲတင်သွင်းခွင့်ပိတ်ပင်ခြင်းအထိ ဖြစ်စေသည်။ နိုင်ငံတကာတွင်MRL သတ်မှတ်ချက်များ၊ မှတ်ပုံတင်ထားသော ပိုးသတ်ဆေး အမျိုးအစားများနှင့် စည်းမျဉ်းစည်းကမ်းများ အနည်းငယ်ကွာခြားသည်ကိုတွေ့ရှိရ၍ တင်ပို့သူများအနေဖြင့်ဈေးကွက်အလိုက် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကိုသိရှိနားလည်ထားရန်လိုအပ်လျက်ရှိသည်။ နိုင်ငံတကာ ဈေးကွက်များတွင် ထုတ်ကုန်၏မူလ အရင်းအမြစ်၊ စိုက်ခင်း၊ အသုံးပြုသော ပိုးသတ်ဆေးအမျိုးအစား၊ အသုံးပြုသည့်ရက်စွဲများကို နောက်ကြောင်းပြန်ခြေရာခံနိုင်မှုအားတောင်းဆိုလာကြသည်ကို တွေ့ရှိရပြီး မှတ်တမ်းမှတ်ရာများ မပြည့်စုံပါက ဝယ်ယူသူများ၏ ယုံကြည်မှုကို လျော့နည်းစေပြီး ဈေးကွက်ဝင်ရောက်ရန် အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာနိုင် သည်။
ကုန်ပစ္စည်းအရည်အသွေး စမ်းသပ်စစ်ဆေးသော ဓာတ်ခွဲခန်းများနှင့်ပတ်သက်၍ နိုင်ငံတကာ အသိအမှတ်ပြုဓာတ်ခွဲခန်း accr- edited labs များ၏ စမ်းသပ်ရလဒ်ဖြစ်ပါက တစ်ကြိမ်စမ်းရုံဖြင့် အများက လက်ခံသောမူ once tested ,accepted everywhere principle ကြောင့် ယင်းတို့၏ရလဒ်များလက်ခံရန်လွယ်ကူ၍ ဓာတ်ခွဲခန်း၏တိကျစွာဆောင်ရွက်နိုင်မှု အရည်အသွေးရှိရန်နှင့် အသိအမှတ်ပြုခံရသော ဓာတ်ခွဲခန်းဖြစ်ရန်တို့သည်လည်း ပို့ကုန်အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းအတွက် အရေးကြီးသည်။ ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်ထက်ပိုမိုခြင်းကြောင့်ပို့ကုန်ငြင်းပယ်ခံရပါက တင်ပို့သူသည် အမြတ်အစွမ်းမရရှိသည့်အပြင် သယ်ယူပို့ဆောင်ရေးစရိတ်၊ သိုလှောင်စရိတ်၊ ပြန်လည်တင်ပို့စရိတ်နှင့် ကုန်ပစ္စည်းဆုံးရှုံးမှုတို့ကို ခံစားရသည့်အပြင် ဝယ်ယူသူများ၏ ယုံကြည်မှုကျဆင်းသွားနိုင်ပြီး အနာဂတ်ကုန်သွယ်ရေးအခွင့်အလမ်းများလည်း လျော့နည်းသွားနိုင်သကဲ့သို့ နိုင်ငံတော်အဆင့်တွင်လည်း ပို့ကုန်ဝင်ငွေလျော့နည်းခြင်း၊ နိုင်ငံတော်၏ ဂုဏ်သတင်းထိခိုက်ခြင်းနှင့် နိုင်ငံတကာဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းခြင်းတို့ဖြစ်ပေါ်စေနိုင်သည်။ ဤသက်ရောက်မှုများသည် အရင်းအမြစ်များချို့တဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုမိုပြင်း ထန်လေ့ရှိသည်ကို တွေ့ရှိရသည်။ ပိုးသတ်ဆေးကြွင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှု၏ အကျိုးဆက်အဖြစ် အထက်ဖော်ပြပါ ကုန်ကျစရိတ်များအပြင် အချိန်နှောင့်နှေးမှုများလည်း ဖြစ်ပေါ်လာနိုင်သည်။
ထိုသို့သော ပိုးသတ်ဆေးဓာတ်ကြွင်းသတ်မှတ်ချက်ထက် ပိုမိုခြင်းအခက်အခဲကိုကျော်လွှားရန်အတွက် ကျင့်စဉ်ကောင်းများကို ကျင့်သုံးခြင်း၊ အထူးသဖြင့် ပိုးသတ်ဆေးများကို အညွှန်းစာပါ ရိတ်သိမ်းခြင်းမပြုမီ သတ်မှတ်ထားသော ထားရှိရမည့်ကြားကာလ ( Pre Harvest Interval - PHI) ကို အပြည့်အဝလိုက်နာရန် လိုအပ်သည်။
ထို့အပြင် တားမြစ်ထားသောပိုးသတ်ဆေးကိုသုံးစွဲခြင်းမပြုဘဲ မှတ်ပုံတင်ထားသော ဆေးများကိုသာ အသုံးပြုရန်၊ အသုံးပြုသည့် ပိုးသတ်ဆေးအမျိုးအစား၊ ပမာဏနှင့် အသုံးပြုသည့်ရက်စွဲများကို စနစ်တကျမှတ်တမ်းတင်ရန် တင်ပို့ မည့်ကုန်ပစ္စည်းများကို MRL အပါအဝင် အခြားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးရန်အစိုးရ၊ သုတေသနအဖွဲ့အစည်းများ၊ ဓာတ်ခွဲခန်းများ၊ တင်ပို့သူများနှင့် စိုက်ပျိုးသူများအကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် သင်တန်းများ၊ နည်းပညာအကြံပေးဝန်ဆောင်မှုများ၊ စဉ်ဆက်မပြတ်အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုတွင် အရည်အသွေးဆိုင်ရာစိန်ခေါ်မှုများ ထိရောက်စွာလျှော့ချနိုင်မည်ဖြစ်သည်။
ပိုးသတ်ဆေးဓာတ်ကြွင်း ပြဿနာသည် နိုင်ငံတကာကုန်သွယ်ရေးသာမက လူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလျှော့ချရေးတို့နှင့်လည်း ဆက်စပ်နေ၍ စိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးသတ်ဆေးများကို မှန်ကန်စွာမသုံးစွဲခြင်း၊ တားမြစ်ထားသော ပိုးသတ်ဆေးများကို အသုံးပြုခြင်းနှင့် အရည်အသွေးထိန်းချုပ်မှု အားနည်းခြင်းတို့ကြောင့် နိုင်ငံတကာဈေးကွက်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်သည့်အပြင် ကမ္ဘာ့ဂေဟစနစ်ပျက်စီးခြင်း Global ecological degradation ကို ပိုမိုဆိုးရွားစေသဖြင့် အပြုသဘောဆောင်သော အကျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံး စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ စိုက်ပျိုးရေးပို့ကုန်များမျက်နှာပန်းလှ၍ ကုန်သွယ်မှုရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအုတ်မြစ်ကောင်းအဖြစ်ရပ်တည်နိုင်မှာ မလွဲဧကန်ပင်ဖြစ်သည်။
အဓိက ကျမ်းကိုးများ -
1. World Health Organization (WHO), (2022)
2. Codex Alimentarius Commission, (2023)
3. European Commission, (2023)
ဟန်ကိုဝင်း (CTQM)
