အိန္ဒိယပဲ တင်ပို့မှု ပိတ်ပင်ထားခြင်းက နီပေါပဲတင်ပို့မှုကို မြင့်တက်စေ နီပေါနိုင်ငံရဲ့ ပဲမျိုးစုံတင်ပို့မှုအနေနဲ့ အဓိက ပဲနီလေးတင်ပို့မှုဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ၂၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နီပေါပဲနီလေးစားသုံးမှု ကြီးထွားလာခြင်းနဲ့ အိန္ဒိယက ပဲတင်ပို့မှု ပိတ်ပင်ခြင်းတို့ကြောင့် ခုလိုမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲနီလေးတန်ချိန် ၃ဝ၁၅၁ ၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၇၅ ဘီလီယံ (ကန်ဒေါ်လာ ၆၁ ဒသမ ၁၅ သန်း) တင်ပို့နိုင်ခဲ့လို့ ပြည်ပ တင်ပို့တဲ့ ကုန်စည်များထဲမှာ ပဲနီလေးက ဒုတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။ ယခင်နှစ်ကာလတူက ပဲနီလေး တန်ချိန် ၂၂၃၃၈၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၂၄ ဘီလီယံ (ကန်ဒေါ်လာ ၄၉ ဒသမ ၈၁ သန်း)ဖိုးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မှု တိုးတက်လာတာကြောင့် တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို စုစုပေါင်း တင်ပို့မှုဟာ ၅ဝရာခိုင်နှုန်းတိုးတက်ပြီး ရူပီး၂ ဒသမ ၈၂ ဘီလီယံ (ကန်ဒေါ်လာ ၆၂ ဒသမ ၇၁သန်း) ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဓိက တင်သွင်းနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ ကုန်သွယ်မှုနဲ့ ပြည်ပပို့ကုန်တိုးမြင့်ရေးစင်တာမှ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းအရ ဒီဇင်ဘာလလယ်နဲ့ ဇန်နဝါရီလ လယ်အတွင်း ပဲနီလေး တင်ပို့မှုက ရူပီး ၄၆၇ ဒသမ ၆၉ သန်း (ကန်ဒေါ်လာ ၁ဝ ဒသမ ၄ သန်း) ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခင်ဘဏ္ဍာနှစ်အတွင်း နိုင်ငံရဲ့ စုစုပေါင်းတင်ပို့မှုရဲ့ ၈ ရာခိုင်နှုန်းကို ပဲနီလေးတန်ချိန် ၃၇၅၆၉ တင်ပို့ခဲ့ပြီး ယခင်နှစ်ရဲ့ တတိယအများဆုံးပို့ကုန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စီးပွားကူးသန်းနှင့် ထောက်ပံ့ရေးဝန်ကြီးဌာန ပြောကြားချက်အရ နိုင်ငံတကာဈေးနှုန်း မြင့်တက်ခြင်းနဲ့ နိုင်ငံရဲ့ ပဲတင်ပို့မှု တစ်နှစ်ကြာပိတ်ပင်ထားခြင်းမှ ပြန်ဖွင့်လှစ်ခြင်းတို့ကြောင့် ပဲနီလေးတင်ပို့မှုက ၂ ဆမြင့်တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံဟာ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နေစဉ်အတွင်း ပြည်တွင်းဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်ဖို့ ၂ဝဝ၉ ခု နှစ်စပိုင်းကစပြီး ပဲတင်ပို့မှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ နီပေါပဲနီလေးဟာ အရသာ ထူးခြားမှုကြောင့် ပြည်ပစားသုံး နိုင်ငံတွေအကြား ထင်ရှားမှုရှိပြီး နီပေါပဲနီလေးနဲ့ ပဲနီလေးခွဲခြမ်းကို ဘင်္ဂလားဒေ့ရှ်က အဓိက တင်သွင်းနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: commodityonline
Background