ဈေးကွက်ကို အဝင်လှိုင်တဲ့ ရှမ်းကြက်သွန်ဖြူ ရှမ်းကြက်သွန်ဖြူတွေက ဈေးကွက်ကို အဝင်လှိုင်လာပါပြီ၊ တောင်ကြီးခရိုင်ရဲ့ မြောက်ဘက်ခြမ်းဖြစ်တဲ့ ရွှေညောင်၊ တောင်နီ၊ ဟက်ကက်စတဲ့နယ်တွေ တန်ဆောင်မုန်း စိုက်ကြက်သွန်တွေ ဈေးကွက်ကို ဝင်လာတာ ဖြစ်ပါတယ်။ တောင်ကြီးခရိုင် တောင်ဖက်ခြမ်းဖြစ်တဲ့ နောင်ကား၊ ကျောက်တလုံးကြီး၊ ဟမ်းဆီစတဲ့ နယ်တွေက သီတင်းကျွတ်စိုက် ကြက်သွန်ဖြူတွေက ဈေးကွက်ကို ဒီထက်စောပြီး ဝင်လာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်တဲ့ ကြက်သွန်ဖြူတွေမှာလည်း တောင်ကြီး ခရိုင် တောင်ဖက်က ထွက်တဲ့မျိုးက ပိုကောင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြောက်ဖက်ခြမ်းကထွက်တဲ့မျိုးကတော့ ရေများတာကြောင့် အထားမခံဘဲ အနည်းငယ် ကြာရင် ပိန်သွားတယ်လို့ သိရပါတယ်။ ရှမ်းကြက်သွန်ဖြူက ပေါ်ကာစမှ အဝင်ကလည်းနည်းပြီး အစိုဓါတ်ကြောင့် လှောင်လက်သမားတွေ အဝယ်နည်းပေမဲ့ ပြည်တွင်းသုံး လက်လီသမားတွေ ဝယ်ယူ နေတာကြောင့် ဈေးတက်လာပါတယ်။ ဧပြီလဆန်းမှာ ငွေလိုတဲ့ တောင်သူတွေက ဖော်ပြီးရောင်းလာတာကြောင့် ဈေးကွက်ကို အဝင်များလာပါတယ်။ ဒီတစ်ပတ် တောင်ကြီး ဈေးကွက်မှာ ကြက်သွန်ဖြူ လတ်ခြား တစ်ပိဿာ ၈ဝဝ ကျပ်၊ (ထူး- ၁) ၉ဝဝ ကျပ်၊ (ထူး-၂) ၁ဝဝဝ ကျပ်၊ (ထူး-၃) ၁၄ဝဝ ကျပ်၊ (ထူး-၄) ၁၆ဝဝ ကျပ်ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာ (လတ်ခြား) ၉ဝဝ ကျပ်၊ (ထူး -၁) ၁၂ဝဝ ကျပ်၊ (ထူး-၂) ၁၄ဝဝ ကျပ်၊ (ထူး-၃) ၁၆ဝဝ ကျပ်၊ (ထူး -၄) ၁၇ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
Background