ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်း ထိန်းချုပ်သတ်မှတ်ပေးသွားမည် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မှာ ဝက်သားတစ်ကီလိုကို ဘတ် ၁၅ဝ မှ ၁၆ဝ ဈေးမြင့်တက်လာပြီး ရောင်းအား ၅ဝ ရာခိုင် နှုန်းခန့်ထိကျဆင်းသွားတဲ့အတွက် ချင်းရိုင်းဈေးမှာ ဝက်သားရောင်းသူများအား ထိခိုက်တဲ့အပြင် စားသုံးသူပြည်သူများလည်း အဆမတန်ဈေးကြီးပေးဝယ်နေကြရပါတယ်။ ဒါ့ကြောင့် သြဂုတ်လ ၁၄ ရက်မှ ၂၂ ရက်ထိကာလအတွင်း ဝက်သားမရောင်းဟု ကြေညာခဲ့ကြတယ်လို့သိရပါတယ်။ ကုမ္ပဏီကြီးများက ဝက်သား ၁ ကီလိုဘတ် ၂၅ဝ နှုန်းနဲ့ အိမ်နီးချင်းနိုင်ငံများကို တင်ပို့ နေတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝက်သားပြတ်လတ်နေရတာဖြစ်ပါတယ်။ ဝက်သားရောင်းချမှုအားအစိုးရက ထိန်းချုပ်ပေးမှုမရှိဘဲ ယခုအတိုင်းဆက်လက်ဖြစ်ပွားနေပါက နောင်တစ်ချိန်တွင် ဝက် မွေးမြူရေးသမားများအတွက် အခက်အခဲရှိနိုင်ပြီး ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ် ဈေးနှုန်းခုျပ်ကိုင်သတ်မှတ် လာနိုင်ဖွယ် ရှိတယ်လို့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင်များကဆိုကြပါတယ်။ သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းမှာ ချင်းရိုင်းခရိုင်၊ ဟော့ဝိန်းရပ်ကွက်၊ ချာခမ်းဘန့်ဆန်နှောင် စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ဝက်သားရောင်းဝယ်ရေးလုပ်ငန်းရှင် ၈ဝ ဦးခန့် စုရုံးစည်းဝေးခဲ့ကြပြီးနောက် ယခုလို စီးပွားရေးကျဆင်းနေချိန်မှာ ပြည်သူများ ဝက်သားဈေးကြီးပေးဝယ်စားရခြင်းမရှိစေရန် ဝက်သားရောင်းဝယ်တဲ့ လုပ်ငန်းရှင်အဖွဲ့မှ ဝက်သားဈေးနှုန်းကို သတ်မှတ် ပေးသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကုမ္ပဏီကြီးများက ဝက်သားဈေးကွက်အား လက်ဝါးကြီးအုပ်ပြီး ဝက်မွေးမြူသူများထံက ဈေးနှိမ်ဝယ်ယူကာ ပြည်ပသို့ တင်ပို့ရောင်းချနေတာကြောင့် ဝက်မွေးမြူမှုမှာ ဝင်ငွေလျော့နည်းထိခိုက် လာနိုင်ခြင်း၊ ပြည်တွင်းစားသုံးရန် လုံလောက်မရှိသဖြင့် ဈေးကြီးပေးဝယ်စားရခြင်းတို့ကြောင့် လုပ်ငန်းရှင်များ စုပေါင်းပြီးဝက်သားဈေးနှုန်းထိန်းချုပ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ Source: ထိုင်းရက်သတင်းစာ၊ကျော်လင်းထွန်း
Background