အလေးထားရမည့် ဝန်ဆောင်မှုကုန်သွယ်ရေး ဝန်ဆောင်မှုကုန်သွယ်ရေး၏ အခန်းကဏ္ဍ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုန်သွယ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်နေရန် အထူးလိုအပ် ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကုန်သွယ်မှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အား မောင်းနှင်ပေးသော အင်ဂျင် (Engine of Economic Growth) ဖြစ်သည်ဟု ပညာရှင်များက ခံယူထားကြပါသည်။ယေဘုယျအားဖြင့် ကုန်သွယ်မှု (Trade) ဟုဆိုရာတွင် ကုန်စည်(ဝါ)ကုန်ပစ္စည်းများ ကုန်သွယ်ခြင်း(Trade in Goods)နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကုန်သွယ်ခြင်း (ဝါ) ဝန်ဆောင်မှု ကုန်သွယ် ရေး(Trade in Services) ဟူ၍ ကုန်သွယ်မှုပြုလုပ်သည့် နည်းလမ်း နှစ်မျိုးတွေ့ရှိရပါသည်။ ယင်းသို့ကုန်သွယ်မှုနည်းလမ်းနှစ်မျိုးရှိသော်လည်း ကုန်သွယ်မှု (Trade) ဟုဆိုလိုက်လျှင် သာမန်အားဖြင့် ကုန်စည်ဖြင့် ကုန်သွယ်မှု ကို သာပြေး၍မြင်မိကြပါသည်။ ကုန်စည်ဖြင့် ကုန်သွယ်ခြင်းသည် ရှေးပဝေဏသီ ကာလကမှ မျက်မှောက်ကာလအထိ ကုန်သွယ်ရေး ၏ အဓိကအကျဆုံးနှင့် အချိုးအစား အကြီးဆုံးအခန်းကဏ္ဍအဖြစ် ရပ်တည်လျက်ရှိပါသည်။ သို့ရာတွင် ဝန်ဆောင်မှုကုန်သွယ်ခြင်း၏ အခန်းကဏ္ဍမှာ သတင်းအချက်အလက်နည်းပညာ (Information Technology) နှင့် အသိပညာ (Knowledge) ကို အခြေခံထား သော မျက်မှောက်ခေတ်တွင် ပို၍ပို၍ အရေးပါလာသည်ကို တွေ့ရှိရပါသည်။ လက်ရှိအခြေအနေတွင် ကမ္ဘာကြီး၏ တန်ဖိုးမြှင့် ထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ သုံးပုံနှစ်ပုံ သည် ဝန်ဆောင်မှုလုပ်ငန်းများ၏ ထုတ် လုပ်မှုတန်ဖိုးများဖြစ်ကြောင်း တွေ့ရှိရပါသည်။ဝန်ဆောင်မှု ကုန်သွယ် ရေး၏ တန်ဖိုးသည် ကမ္ဘာ့စုစုပေါင်းကုန်သွယ်မှုတန်ဖိုးတွင် ပါဝင်မှုမှာ ၂ဝ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာခြင်း မရှိသေးသော်လည်း ရေရှည်တွင် ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိသည့်အားသာချက်များ ကြောင့် ဝန်ဆောင်မှုကုန်သွယ်ခြင်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်လာကြပြီး စုစုပေါင်း ပြည်ပကုန်သွယ်မှု တန်ဖိုး (Volume of Trade) တွင် ပါဝင်သည့် ၎င်း၏တန်ဖိုးမှာ ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာ့နိုင်ငံများနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ဝန်ဆောင်မှုပို့ကုန်များ (Services Export) သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဆော့ဖ် ဝဲလ် (Software) ပို့ကုန်သည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ အတွက် အဓိကကျသည့် ပို့ကုန်ဖြစ်ပါသည်။ ဝန်ဆောင်မှုသွင်းကုန် (Services Import) များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက် ပြောင်း ရရှိမည့်နည်းပညာနှင့် အရင်းအနှီးဖွံ့ဖြိုးမှုမှ တစ်ဆင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ဆွဲတင်သွားနိုင်ပါသည်။သို့ရာတွင် လေ့လာတွေ့ရှိချက်များအရ ဝန်ဆောင်မှု ကုန်သွယ်ရေးလုပ်ငန်းများမှာ အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဖွံ့ဖြိုးမှု အားနည်းလျက်ရှိပါသည်။ အဆိုပါတိုင်းပြည်များ၏ စုစုပေါင်းပြည်ပ ကုန်သွယ်မှု တန်ဖိုး (Volume of Trade) တွင် ဝန်ဆောင်မှု ကုန်သွယ်ရေးတန်ဖိုး (Volume of Services Trade) ပါဝင်မှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်း လျက်ရှိပါသည်။ သို့ရာတွင် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း၌ အချို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဝန်ဆောင်မှုကုန်သွယ်ရေးမှာ အလွန်လျင်မြန်သောနှုန်း ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့ရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ ၏ဝန်ဆောင်မှုကုန်သွယ်ရေးမှာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးဖြစ်ပြီး ၎င်းတို့၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုတန်ဖိုးတွင် ပါဝင်သော လာ ၉၆၁ ဘီလီယံဖြစ်ပါသည်။ အာရှနိုင်ငံများမှ ကုန်သွယ်မှုထိပ်သီးနိုင်ငံ တရုတ်၏ ၂ဝ၁ဝခုနှစ် ပို့ကုန်ဝန်ဆောင်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ဝ ဘီလီယံနှင့် သွင်းကုန် ဝန်ဆောင်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉၂ ဘီလီယံဖြစ် ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၂ဝ၁ဝ ခုနှစ်၌ ပို့ကုန်ဝန်ဆောင်မှုတန်ဖိုးတွင် စတုတ္ထမြောက်နှင့် သွင်းကုန် ဝန်ဆောင်မှုတန်ဖိုးတွင် တတိယမြောက် အများဆုံးဆောင်ရွက်နိုင်ခဲ့ ကြောင်း တွေ့ရှိရပါသည်။ ဝန်ဆောင်မှုကုန်သွယ်ရေး သတ်မှတ်ပုံစံများ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီ(WTO) ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ အထွေထွေ သဘောတူညီချက်(General Agreement on Trade in Services) တွင် ဝန်ဆောင်မှုကုန်သွယ်ရေး အဖြစ် အသိအမှတ်ပြုနိုင်သည့် ဝန်ဆောင်မှုကုန်သွယ်ရေးပုံစံ (၄) မျိုးကို ဖော်ပြထားပါသည်။ ပထမပုံစံကို Cross Border Trade ဟု သတ်မှတ်ထားပါ သည်။ နိုင်ငံတစ်ခု (သို့မဟုတ်) ၎င်း၏ အခွင့်အာဏာဖြန့်ကျက်ထား သော နယ်ပယ်အပိုင်းအခြားတစ်ခုမှ အခြားနိုင်ငံတစ်ခုသို့ နိုင်ငံဖြတ် ကျော်ဝန်ဆောင်မှုပေးရာတွင် ဝန်ဆောင်မှုလုပ်ငန်းများကို စာတိုက်၊ ဖုန်း၊အီးမေးလ်နှင့် အင်တာနက်တို့မှ တစ်ဆင့် ဝန်ဆောင်မှုပေးခြင်း မျိုးဖြစ်ပါသည်။ ၎င်းသည် သမားရိုးကျကုန်စည်ဖြင့် ကုန်သွယ်ခြင်း ပုံစံနှင့် ဆင်တူဖြစ်ပြီး ဝန်ဆောင်မှုအသုံးပြုသူ(Service Consumer) နှင့် ဝန်ဆောင်မှုဖြန့်ဖြူးသူ (Service Supplier) တို့သည် မိမိတို့၏ သက်ဆိုင်ရာနိုင်ငံ အသီးသီးတွင် နေထိုင်ကာ စာတိုက်၊ ဖုန်း၊ အီးမေးလ်နှင့် အင်တာနက်တို့မှတစ်ဆင့် တိုက်ရိုက်ကူးလူး ဆက်ဆံကြခြင်းဖြစ်သည်။ ထို့အပြင် ကုန်စည်များ ကူးသန်းရောင်း ဝယ်ခြင်းလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သော ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ယင်းပုံစံတွင်ထည့် သွင်းစဉ်းစားပါသည်။ ဒုတိယပုံစံကို Consumption Abroad ဟု သတ်မှတ်ထား ပါသည်။ နိုင်ငံတစ်ခုမှ ဝန်ဆောင်မှု အသုံးပြုသူသည် အခြားနိုင်ငံ တစ်ခုရှိ ဝန်ဆောင်မှုရှိရာသို့ သွားရောက်ကာ ဝန်ဆောင်မှုခံယူ ကြခြင်း (သို့မဟုတ်) အသုံးပြုကြခြင်းမျိုးဖြစ်ပါသည်။ ယင်းသို့သော ဝန်ဆောင်မှုပုံစံမျိုးကို မိမိတို့နိုင်ငံမှ ပြည်ပသို့အပန်းဖြေခရီးသွားခြင်း၊ ပြည်ပသို့ ပညာသင်ကြားရန်သွားခြင်းနှင့် ကျန်းမာရေးအရ ဆေး ကုသရန် ပြည်ပသို့သွားရောက်ခြင်းစသည်တို့တွင် တွေ့ရှိရပါသည်။ တတိယပုံစံကို Commercial Presence ဟု သတ်မှတ်ထားပါသည်။ နိုင်ငံတစ်ခုမှ ဝန်ဆောင်မှု အသုံးပြုသူသည် အခြားနိုင်ငံ တစ်ခုရှိ ဝန်ဆောင်မှုဆောင်ရွက်ပေး သော Firm တစ်ခုမှ မိမိ နိုင်ငံသို့လာရောက်ကာ အခြေစိုက် ဖွင့်လှစ် သော လုပ်ငန်းခွဲ (သို့မဟုတ်) ရုံးခွဲသို့သွားရောက်ကာ ဝန်ဆောင်မှု အသုံးပြုခြင်း မျိုး ဖြစ်ပါသည်။ ပြည်ပ နာမည်ကြီး ဆေးရုံတစ်ခုမှ မိမိတို့နိုင်ငံတွင် ရင်းနှီး မြှုပ်နံှဖွင့်လှစ်ထားသော ၎င်းဆေးရုံပိုင် ဆေးရုံ ခွဲများတွင် တက်ရောက် ဆေးကုသမှုခံယူခြင်း၊ ပြည်ပတက္ကသိုလ် တစ်ခုမှ မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နံှဖွင့်လှစ်ထားသော ၎င်း တက္ကသိုလ်ပိုင်သင်တန်း၊ ကျောင်းများတွင် ပညာတက်ရောက် သင်ကြားခြင်းတို့သည် အဆိုပါ ဝန်ဆောင်မှု ပုံစံတွင် ပါဝင် ပါသည်။ စတုတ္ထပုံစံကို Presence of Natural Persons ဟုသတ်မှတ် ထားပါသည်။ အဆိုပါ စတုတ္ထ ပုံစံကို ဝန်ဆောင်မှုပေးခြင်း (Services) နှင့် ယာယီလုပ်သားအဖြစ် အခစားဝင်ရောက်လုပ်ကိုင်ခြင်း (Short-term Employment) ဟူ၍ ပုံစံနှစ်မျိုးထပ်မံခွဲခြားထားပါ သည်။ နိုင်ငံတစ်ခုရှိ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာ စာရင်းစစ်ဆေးခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အခြားနိုင်ငံ တစ်ခုရှိ စာရင်းစစ် Firm တစ်ခု၏ ကျွမ်းကျင်သူ ဝန်ထမ်း (သို့မဟုတ်) အခြားနိုင်ငံတစ်ခုရှိ ပုဂ္ဂလိက စာရင်းစစ် ကျွမ်းကျင်သူတစ်ဦးအား ငှားရမ်းစစ်ဆေးခြင်းမျိုးသည် စတုတ္ထပုံစံ၏ ပထမအမျိုးအစားတွင် ပါဝင်ပါသည်။ နိုင်ငံတစ်ခုရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအနေဖြင့် အခြားနိုင်ငံတစ်ခုမှ ကျွမ်းကျင်ဝန်ထမ်းအား ယာယီ ကာလအပိုင်း အခြားတစ်ခု သတ်မှတ်စာချုပ်ချုပ်ဆိုခေါ်ယူကာ ယာယီလုပ်သား အဖြစ် အသုံးပြုခိုင်းစေခြင်းသည် စတုတ္ထပုံစံ၏ ဒုတိယအမျိုးအစား တွင်ပါဝင်ပါသည်။ ဝန်ဆောင်မှုနယ်ပယ်များနှင့် သွင်းအားစုများ ဝန်ဆောင်မှုကုန်သွယ်ရေးဆောင်ရွက်နိုင်သော နယ်ပယ် (၁၂) မျိုးကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှ သတ်မှတ်ထားပါသည်။ အဆိုပါနယ်ပယ်များမှာ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်း၊ဆက်သွယ် ရေး ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်း များ ပါဝင်ဆက်စပ်နေသော ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ဖြန့်ဖြုူးမှု ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း၊ခရီးသွားဝန်ဆောင်မှု လုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အားကစား ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ အထက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများ တွင် မပါဝင်သော အခြားဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ပါသည်။ အထက်ဖော်ပြပါဝန်ဆောင်မှုနယ်ပယ်များကို ဆောင်ရွက်ရာ၌ လိုအပ်သည့်အထူးပြု သွင်းအားစုများမှာ ဝန်ဆောင်မှု သဘော သဘာဝအရ တူညီမှုမရှိနိုင်ဘဲ ကွဲပြားခြားနားနိုင်ပါသည်။ ဝန် ဆောင်မှု လုပ်ငန်းများအတွက် လိုအပ်သော အထူးပြုသွင်းအားစုများကို အခြေခံကာ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်သားအထူးပြု ဝန်ဆောင်မှုလုပ်ငန်း (Labour Intensive Services)၊လုပ်သားနှင့် မူလရင်းမြစ်အထူးပြုဝန်ဆောင်မှုလုပ်ငန်း (Labour and Resource Intensive Services) ၊ ကျွမ်းကျင်မှုနှင့် နည်းပညာအထူးပြု ဝန်ဆောင်မှုလုပ်ငန်း (Skill and Technology Intensive Services) ဟူ၍ သတ်မှတ်ကြပါသည်။ ဥပမာ-ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်သားအထူးပြု ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို လုပ်သားနှင့် မူလရင်းမြစ်အထူးပြု ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို ကျွမ်းကျင်မှုနှင့် နည်းပညာအထူးပြုဝန်ဆောင်မှုလုပ်ငန်းဟူ၍ ယေဘုယျ အားဖြင့် သတ်မှတ်နိုင်ပါသည်။ ရေရှည်အကျိုးစီးပွားနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး ဝန်ဆောင်မှုကုန်သွယ်ရေးကို လေ့လာကြည့်မည်ဆိုပါက ရင်းမြစ်များ အားပြုရယူ သုံးစွဲရသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရင်း မြစ်များကို ရယူသုံးစွဲမှုနည်းပါး သည့် ဝန်ဆောင်မှုလုပ်ငန်းများဟူ၍ အကြမ်းဖျဉ်းအားဖြင့် ထပ်မံခွဲခြားနိုင်ပါသည်။ ရင်းမြစ်အားပြု သုံးစွဲ ရသည့် ဝန်ဆောင်မှုလုပ်ငန်းသည် ရင်းမြစ်အားပြုသုံးစွဲသည့် ကုန်စည်ထုတ်လုပ်မှုများအပေါ်တွင် မြင်သာသည့် နှိုင်းယှဉ်အားသာချက်ကို ဖော်ပြ ရန် မလွယ်ကူသော်လည်း ရင်းမြစ်သုံးစွဲခြင်း နည်းသည့် ဝန်ဆောင်မှုလုပ်ငန်း သည်ရင်းမြစ်အားပြုသုံးစွဲရသည့် ကုန်စည်ထုတ်လုပ်မှုများအပေါ်တွင် နှိုင်းယှဉ် အားသာချက် များစွာ ရှိပါသည်။ ရင်းမြစ်သုံးစွဲခြင်းနည်းသည့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်သားအင်အား၊ ကျွမ်းကျင်မှုနှင့် နည်းပညာများမှာ အလွန်အခ ရကျသော သွင်းအားစုများဖြစ်ပါသည်။ ၎င်းသွင်းအားစုများသည် ရင်းမြစ်အားပြု သုံးစွဲရသည့် ကုန်စည်ထုတ်လုပ်မှု လုပ်ငန်းများ၏ အဓိကသွင်းအားစုများဖြစ်သည့် သဘာဝသယံဇာတများ၊ အခြားကုန်ကြမ်းများ၊ လောင်စာစွမ်းအားများနှင့် နှိုင်းယှဉ်ပါက ထုတ်နုတ်သုံးစွဲမှုကြောင့် ရေရှည်တွင် အရင်းအမြစ်များကုန်ခမ်း နိုင်ခြင်း၊ ပတ် ဝန်းကျင်ယိုယွင်းပျက်စီးမှု များ ဖြစ်ပေါ်ခြင်း၊ လူမှုပတ်ဝန်းကျင်အား ခြိမ်း ခြောက်ခြင်းကဲ့သို့ ဆိုးကျိုးများမရှိသလောက် နည်းပါးသည်ကို တွေ့ရပါသည်။ အထက်ဖော်ပြပါအချက်များနှင့် ဆက်စပ်ကြည့်မည်ဆိုပါက ရင်းမြစ်များကို ရယူသုံးစွဲမှုနည်းပါးသော ဝန်ဆောင်မှုကုန်သွယ်ရေး လုပ်ငန်းများသည် အနာဂတ် တွင် ရေရှည်တည်ငြိမ်မှုရှိပြီး အာမခံချက် ပေးနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု မျိုး(Sustainable Development) ကိုရောက်ရှိအောင် ဆောင်ကြဉ်းပေးနိုင်ရေး အတွက် ကြီးစွာသော အထောက်အပံ့ဖြစ်စေသည်ဟု ပညာရှင်များက ယူဆကြပါ သည်။ ဝန်ဆောင်မှုကုန်သွယ်ရေး တိုးမြှင့်ရန် ဝန်ဆောင်မှုကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်မည့် အစီအမံများကို ချမှတ် ဆောင်ရွက်ရာ၌ ကနဦးအနေဖြင့် မိမိတို့နိုင်ငံမှ အားသာချက်ရှိသည့် သွင်းအားစု များဖြင့် ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို အခြေခံကာ စဉ်းစား လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ ဆက်လက်ပြီး အနာဂတ်အကျိုး မျှော်ကိုးကာ ရေရှည်တွင် အာမခံချက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးကို အထောက် အပံ့ပေးနိုင် သော ဝန်ဆောင်မှုကုန်သွယ်ရေးသို့ တဖြည်းဖြည်း ကူးပြောင်းနိုင်ရေး ရေရှည် စီမံချက်များကို ရေးဆွဲဆောင်ရွက်ရပါမည်။ ဝန်ဆောင်မှုကုန်သွယ်ရေးတိုးမြှင့်ရန်အတွက် အဓိက လိုအပ်သော နည်း ပညာ၊ အခြေခံ အဆောက်အဦနှင့် ကျွမ်းကျင်မှု အရည်အသွေးများရရှိရန်အတွက် ဝန်ဆောင်မှုလုပ်ငန်းများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု(FDI)များ ပိုမိုတိုးတက် ရရှိရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။ဆက်လက်ပြီး သတင်းအချက်အလက် နည်းပညာ နှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများကိုလည်း ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါသည်။ ယင်းကဲ့သို့ အခြေခံ လိုအပ်များ ပြည့်စုံမည် ဆိုပါက နိုင်ငံ၏ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံ၏ ဝန် ဆောင်မှု ကုန်သွယ်ရေးသည်လည်း မလွဲမသွေတိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်ကို တိုက်ရိုက် အကျိုးပြု သွားနိုင်မည်ဖြစ်ပါသည်။
Background