Main menu

Background

ပွဲတော်ရာသီ အရောင်းအဝယ်သွက်တဲ့ မန်းငရုတ်ဈေးကွက်

Mon, 11/14/2011 - 05:03 -- Anonymous (not verified)

                    မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၁-၁၂ ခုနှစ်အတွင်း ငရုတ် စိုက်ဧကပေါင်း ၁ ဒသမ ၄၂ သိန်း စိုက်ပျိုးခဲ့ ရာမှာ ယနေ့ဆို ငရုတ်ခြောက်တွေ ပွင့်လင်းရာသီမှာ အရောင်း အဝယ်ဖြစ်နေကြပါပြီ။ ငရုတ်အများဆုံးစိုက်တဲ့ ရမည်းသင်း၊ ပျော်ဘွယ်မြို့တို့မှာ ကျေးရွာများက လာရောက်ရောင်းဝယ် ကြတဲ့ ထော်လာဂျီ၊ ဂျစ်ကား၊ ၆ ဘီးကား မျိုးစုံ ငရုတ် ခြောက်များ အတင်အချနဲ့ ပွဲရုံများမှာ သွားရောက်ရောင်းဝယ် ပျားပန်းခတ်စည်ကားပြီး တောင်သူများ ငွေရွှင်တဲ့ ကာလလည်း ဖြစ်ပါတယ်။                   " ကျွန်တော်က ရမည်းသင်း၊ ပျော်ဘွယ်မြို့ နယ်စပ်ရွာ လေးက ဖြစ်ပါတယ်။ မိုးများလို့ ငရုတ်အထွက် နည်းတဲ့ တောင်သူတွေရှိသလို၊ မိုးလွတ်ပြီး ကုန်းကွက်တွေမှာ စိုက်တဲ့ ကျွန်တော်တို့ရွာမှ တောင်သူတွေကတော့ ငရုတ်အထွက်နှုန်း ကောင်းကြပါတယ်။ တစ်ဧက ပျမ်းမျှ ငရုတ်ခြောက် ပိဿာ ၂၀၀ ဝန်းကျင်ထွက်ပါတယ်။ ယခင်လက မိုးကြောင့် ရွာမှာ လာဝယ်တဲ့ ပွဲစားတွေက တစ်ပိဿာ ၁၈၀၀ ကျပ် - ၂၀၀၀ ကျပ် ဝန်းကျင်နဲ့ ကောက်ကြပြီး၊ ယခုလ မိုးကင်းတဲ့ ပွင့်လင်း ရာသီမှာ တစ်ပိဿာ ၂၃၀၀ ကျပ် - ၂၅၀၀ ကျပ်နဲ့ ဈေးဖွင့် ဝယ်ကြပါတယ်။ ဒီဈေးနဲ့ဆို တောင်သူတွေ တွက်ခြေကိုက် ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကထိန်လရာသီဆိုတော့ လှူတန်းဖို့ ငွေရွှင်တဲ့ ရာသီကာလပေါ့" လို့ ရွာတန်းကျေးရွာမှ ငရုတ်စိုက် တောင်သူက အထွက်နှုန်း၊ ဈေးနှုန်းနဲ့ တွက်ခြေ ကိုက်တဲ့ အကြောင်းလေးကို ပြောပါတယ်။                      ပျော်ဘွယ်မြို့ရဲ့ ငရုတ်ပွဲရုံပိုင်ရှင် တစ်ဦးက " ဒီနှစ် ငရုတ်ရာသီမှာ ဝယ်ရတာ စွန့်စားဝယ်ရတာပါ။ ငရုတ်နဲ့ ချမ်း သာသွားတဲ့ ကုန်သည်တွေရှိသလို ငရုတ်နဲ့ ဆင်းရဲကျပ်တည်း သွားကြတဲ့ ကုန်သည်တွေလည်းရှိပါတယ်။ အဓိက ကတော့ ဈေးကွက်မှာ ဈေးနှုန်းကစားမှုကြောင့် ခံရတာပါပဲ။ ပျော်ဘွယ် မှာ ငရုတ်ပွဲရုံပေါင်း ၂၀ ကျော် ရှိပါတယ်။ အဲဒီပွဲရုံတွေမှာ  ပိဿာချိန် ၃ သိန်းကျော် ၄ သိန်းနီးပါးရှိကြပါတယ်။ အဓိကဈေးကွက်ဖြစ်တဲ့ ရန်ကုန်ကို နေ့စဉ် ၆ ဘီးကား ၃ စီး - ၄ စီးခန့်ထွက်ပါတယ်။ ဒီနေ့ဈေးကတော့ တစ်ပိဿာ ၂၄၀၀ ကျပ် - ၂၆၀၀ ကျပ်ဈေးနဲ့ ဖြတ်ဝယ်တယ်။ ရှေ့လမှာ တစ်ပိဿာ ၃၀၀ ကျပ် - ၄၀၀ ကျပ် ခန့် တက်နိုင်သေးတယ် လို့ ရန်ကုန် ပွဲရုံတွေထံကသိရပါတယ်။ ရန်ကုန်၊ မန္တလေးပွဲရုံ များကတော့ ၂၈၀၀ ကျပ်နဲ့ ဝယ်ပါတယ်။ ဒီတော့ တစ်ပိဿာ ကို ၂၀၀ ကျပ် - ၃၀၀ ကျပ်ခန့် မြတ်ပြီလို့ ပြောလို့မရပါဘူး။ ငရုတ်ခြောက်တစ်ပိဿာကို ဝယ်ရင်နေလှန်း အလျော့တွက်နဲ့ ဖလံများကိုလည်း ပယ်လိုက်ရင် ၂၀ ကျပ်သားခန့် လျော့ပါ တယ်။ ဝယ်တဲ့နေရာမှာ အကဲဖြတ် ကျွမ်းကျင်ဖို့လိုပါတယ်။                    ကာလရှည်စွာ သိုလှောင်ခဲ့ရင်လည်း အလျော့တွက်က များ လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ပွဲရုံတွေက မြန်မြန်ဝယ်၊ နေလှမ်း၊ အမြန်ရောင်းစနစ်ကိုဘဲ ကျင့်သုံးပါတယ် "လို့ ငရုတ် ကုန်သည်တစ်ဦးက ပြောပါတယ်။ ကျော်ဦး