Main menu

Background

အိန္ဒိယကြက်သွန်နီအထွက်ကောင်းခြင်း၊ လက်ကျန်များခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းနေ

Mon, 12/26/2011 - 08:19 -- Anonymous (not verified)

    လွန်ခဲ့တဲ့ ဒီဇင်ဘာလ အိန္ဒိယမှာ ပြည်တွင်းကြက်သွန်နီ ဈေးကြီးမြင့်ခဲ့တဲ့အတွက် စားသုံးသူတွေကို အကာအကွယ်ပေးဖို့ ဈေးကွက်တွေမှာ အစိုးရရဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေလုပ်ပေးခဲ့ပြီး၊ ယခုနှစ်မှာတော့ ထွက်ရှိမှု များတဲ့အတွက် ဈေးနှုန်းနိမ့်ကျ နေတဲ့ တောင်သူတွေကို ကယ်တင်ဖို့ အစိုးရက ကြိုးစားနေရပြန်ပါတယ်။ ကြက်သွန်နီအများဆုံး စိုက်ပျိုးတဲ့ မဟာရှပ်ရှတရာမှာ တစ်ကီလို ၅ ရူပီး(ကန်ဒေါ်လာ သုညဒသမ ၀၉၅)အောက်ကိုကျဆင်းခဲ့လို့ ၄နှစ်အတွင်းပထမဆုံးအနေနဲ့ ဈေးကျဆင်းခဲ့ပါတယ်။     လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ လက်လီဈေးတစ်ကီလို ရူပီး ၁၀၀(ကန်ဒေါ်လာ ၁ ဒသမ ၉၁) အထိမြင့်တက်ခဲ့ခြင်းကြောင့် ကြက်သွန်နီတင်ပို့မှုကိုလျှော့ချခြင်းဖြင့်ဈေးနှုန်းကျဆင်းအောင် အစိုးရကဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် နိုဝင် ဘာလမှာ ရောင်းချရမယ့် ကြက်သွန်နီသိုလှောင်မှုဟာ ဈေးကွက်တွေကို ကြက်သွန်နီအသစ်တွေများစွာဝင်လာတဲ့တိုင် ရောင်းချ ရမှုမရှိတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။     ကာနာတာကာ  စိုက်ပျိုးရေးဌာနမှ ပြည်ထောင်စုအစိုးရကို ကြက်သွန်နီအတွက် ဈေးကွက်ကြားဖြတ် အစီအစဉ်  (MIS)စတင်ပေးဖို့ စာရင်းတင်ပြခဲ့တယ်လို့ ကာနာတာကာ စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး VB  Patil မှ ပြောကြားပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်ရရှိတဲ့တိုင် ပြည်နယ်အစိုးရက ကြမ်းခင်းဈေး အစီအစဉ်နဲ့ ကြက်သွန်များ ဝယ်ယူနေပါတယ်။အဲဒီအစီအစဉ်အရ ကြက်သွန်နီအဆင့် ၃ ဆင့် ခွဲဝယ်ခဲ့ရာ အဆင့်တစ်အတွက် တစ်ကီလို ရူပီး ၇၆၀၀ (ကန်ဒေါ်လာ ၁၄၄ ဒသမ ၈၀)၊ အဆင့် နှစ် ကြက်သွန်ကို တစ်တန် ရူပီး ၅၆၀၀(ကန်ဒေါ်လာ ၁၀၆ ဒသမ ၆၈)နဲ့လည်းကောင်း၊ အဆင့် သုံး ကြက်သွန်ကို ရူပီး ၃၆၀၀(ကန်ဒေါ်လာ ၆၈ ဒသမ ၅၉)နဲ့လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်ကစပြီး၊ ကာနာတာကာ ဈေးကွက်ရှာဖွေရေး ဘုတ်အဖွဲ့ရဲ့ ရန်ပုံငွေအသုံးပြု ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။    နိုင်ငံတကာဈေးကွက်မှာ တစ်တန် ကန်ဒေါ်လာ ၂၀၀ အောက်ရှိနေစဉ် လက်ရှိ ကြက်သွန်တင်ပို့မှု အနိမ့်ဆုံး ဈေး (MEP)မှာ တစ်တန် ကန်ဒေါ်လာ ၂၅၀ ရှိနေပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ စီးပွားကူးသန်း ဝန်ကြီးဌာနကို (MEP) ဈေး တစ်တန် ကန်ဒေါ်လာ ၂၀၀ အောက်လျှော့ပေးဖို့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာ ဝယ်လက်များဟာ အိန္ဒိယကြက်သွန်နီ MEP ဈေးချဖို့ စောင့်မျှော်နေကြတယ်လို့ ကြက်သွန်နီ တင်ပို့သူများအသင်းဥက္ကဌ Ajit  Shah  က ဆိုပါတယ်။ နိုင်ငံတကာဈေးကွက်မှာ တစ်တန်ကန်ဒေါ်လာ ၂၀၀-၂၅၀ အကြားရှိနေတဲ့အတွက် MEP ဈေးကို တစ်တန် ကန်ဒေါ်လာ ၁၅၀ ထိ လျှော့ချပေးမယ်ဆိုရင် တင်ပို့မှု သွက်လက်မြန်ဆန်လာမယ်လို့ ဆိုပါတယ်။    လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လစဉ် ပျမ်းမျှ ဈေးနှုန်းများလေ့လာချက်အရ ၂၀၀၉ နဲ့ ၂၀၀၈ ဒီဇင်ဘာလအတွက် လက်ကား ပျမ်းမျှဈေးနှုန်းမှာ တစ်ကီလို ရူပီး ၁၂ နဲ့ ၁၀ ဒသမ ၆၆ (ကန်ဒေါ်လာ သုညဒသမ ၂၂၇ - သုညဒသမ ၂၀၃) အသီးသီးရှိပြီး ၂၀၁၀ ဒီဇင်ဘာလမှာ ရူပီး ၂၀ (ကန်ဒေါ်လာ သုည ဒသမ ၃၈၁)အထိမြင့်တက်ခဲ့ပါတယ်။ ကြက်သွန်နီဟာ အလုပ်သမား သုံးရတဲ့ သီးနှံဖြစ်ပြီး၊ အလုပ်သမားစရိတ်ပိုမိုခြင်းနဲ့ အခြားစိုက်ပျိုးရေးသွင်းအားစု ကြီးမြင့်ခြင်းတို့ကြောင့် တောင်သူ တွေအတွက် ထုတ်လုပ်မှု စရိတ်ဟာ ၁ ကီလိုကို ၅ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ သုည ဒသမ ၀၉၅)ထက်မှာ ရှိနေတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: economictimes.com