Main menu

Background

သယ်ယူပို့ဆောင်မှု စရိတ်ကြီးမြင့်လို့ ပါကစ္စတန်ပဲမျိုးစုံ ဈေးနှုန်းမြင့်တက်

Sun, 03/04/2012 - 10:01 -- Anonymous (not verified)

    ပါကစ္စတန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က ရေနံဈေးနှုန်းမြှင့်တင်လိုက်တာကြောင့် သယ်ယူပို့ဆောင် စရိတ်ကြီးမြင့် လာခြင်းနဲ့ ရူပီးတန်ဖိုးကျဆင်းခြင်းတို့ကို အကြောင်းပြုပြီးလွန်ခဲ့တဲ့သီတင်း ၂ပတ်အတွင်းလက်ကား ကုန်သည်များမှ ပဲမျိုးစုံ ဈေးနှုန်းကို ၁ ကီလို ရူပီး ၂ ဒသမ ၁၄ (ကန်ဒေါ်လာ သုည ဒသမ ၀၂၃) ခန့် တိုးမြင့်ခဲ့ကြောင်းသိရပါတယ်။ လက်လီ ရောင်းချသူများကလည်း ဈေးနှုန်းမြှင့်တင်ထားပြီးဖြစ်ပြီး၊ ဈေးကွက်များမှ သိုလှောင်ဖို့ ဝယ်ယူထားခြင်းတို့ကြောင့် ဈေးနှုန်းကို ပိုမို ဖိအားဖြစ်စေနိုင်တယ်လို့ ကရာချိလက်လီရောင်းချသူများအုပ်စု အထွေထွေအတွင်းရေးမှူး Fariel Qureishi မှ ပြောကြားပါတယ်။ နိုင်ငံအတွင်း သကြားသစ်များဝင်ရောက်လာခြင်းအပြင် ယခင်နှစ်လက်ကျန်များနေခြင်း၊ ယခုအချိန်ထိ ပြည်ပတင်ပို့မှု မရှိခြင်းတို့ကြောင့် သကြားဈေးမှာကျဆင်းနေတယ်လို့ဆိုပါတယ်။ လက်ကားဈေးအနေနဲ့ ပွဲတော်နီးစဉ် က တစ်ကီလို ၄၈ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၅၃) ရှိခဲ့ရာမှ ယခုအခါ ရူပီး ၄၅ ဒသမ ၅၀ (ကန်ဒေါ်လာ သုည ဒသမ ၅၀) ကိုကျဆင်းခဲ့ကြောင်း သိရပါတယ်။    လွန်ခဲ့တဲ့သီတင်း၂ ပတ်အတွင်း ပဲတီစိမ်းခွဲခြမ်း လက်ကားဈေးဟာ ရူပီး ၁၁၀ မှ ၁၂၀ (ကန်ဒေါ်လာ ၁ ဒသမ ၂၁ မှ ၁ ဒသမ ၃၂)မြင့်တက်ခဲ့ပြီး၊ကုလားပဲဈေးမှာလည်း ၇၀ ရူပီးမှ၈၄ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၇၇ မှ သုည ဒသမ ၉၂) ကို သိသိသာသာမြင့်တက်ခဲ့ပါတယ်။ ပဲစင်းငုံနဲ့ မတ်ပဲဈေးမှာလည်း ရူပီး ၉၀ နဲ့ ရူပီး ၆၀ (ကန်ဒေါ်လာ သုည ဒသမ ၉၉-သုည ဒသမ ၆၆) ရှိရာမှ ရူပီး ၉၄ နဲ့ ရူပီး ၆၂ (ကန်ဒေါ်လာ ၁ ဒသမ ၀၃-သုည ဒသမ ၆၈) ကို အသီးသီး မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဝယ်လိုအားပါးပြီး  Dandia လက်ကားဈေးကွက်မှာ အရောင်းအဝယ် ထိုင်း နေတယ်လို့ကရာချိလက်ကားရောင်းချသူများအသင်းဥက္ကဌ Auis Majeed မှ ပြောကြားပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်အတွင်း သာ အရောင်းအဝယ်သွက်ခဲ့ပြီး လက်ရှိရောင်းဝယ်မှုပါးတာကြောင့် ကုန်သည်များစွာဟာ ကုန်ကျစရိတ်အောက် လျှော့ဈေး နဲ့ ရောင်းချနေကြတယ်လို့ဆိုပါတယ်။ပြည်တွင်းကုလားပဲထွက်ရှိမှုနဲ့ ပြည်ပတင်ပို့မှု အခြေ အနေကိုကြည့်ရင် ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်အောက်ရှိလို့ ကုလားပဲအထွက်ကျဆင်းမယ်လို့ ဆိုပါတယ်။ ကုလားပဲ အသစ်က မတ်လ၊ ဧပြီလတွေမှာ ဈေးကွက်ကိုဝင်ရောက်တော့မယ်လို့ဆိုပါတယ်။     ပဲတီစိမ်းကတော့မနှစ်ကလိုပါပဲ၊ပြည်တွင်းထုတ်လုပ်မှုကလိုအပ်ချက်ကိုဖူလုံအောင် မဖြည့်ဆည်းနိုင်လို့ တန်ဇန်း နီးယား၊ မြန်မာနဲ့အီသီယိုးပီးယားတို့မှ ပိုမိုတင်သွင်းရဖွယ်ရှိတယ်လို့ဆိုပါတယ်။ယခင်နှစ်က ပဲရာဇာထွက်ရှိမှုကောင်းခဲ့ပေမယ့် ယခု နှစ်မှာတော့ ထွက်ရှိမှုမလုံလောက်လို့ ကနေဒါနဲ့သြစတြေးလျတို့မှ တင်သွင်းခဲ့ကြောင်း၊ ယခင် ၂လခန့်က တစ်တန်ကန် ဒေါ်လာ ၅၀၀ ဈေးရှိခဲ့ရာမှ ယခုအခါ ကန်ဒါ်လာ ၆၀၀ ကိုမြင့်တက်ကြောင်း Majeed က ထပ်လောင်းပြော ကြားပါတယ်။ နိုင်ငံတော်ဘဏ်စာရင်းအရ စုစုပေါင်းပဲမျိုးစုံတင်သွင်းမှုဟာ ၂၀၁၁-၁၂ ဇူလိုင်လမှ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၂၀၃သန်းဖိုးရှိခဲ့ပြီး၊ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ ကန်ဒေါ်လာ ၂၂၉ သန်းဖိုးရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၁၀-၁၁ ဇူလိုင် လ-ဇွန်လအတွင်း စုစုပေါင်းပဲတင်သွင်းမှုဟာ ကန်ဒေါ်လာ ၃၇၀ သန်းဖိုးရှိခဲ့တယ်လို့သိရပါတယ်။ ယမင်းခင်၊Source: daun.com