Main menu

Background

ကကတစ်ငါးနှင့် မြိတ်မြို့ ဈေးကွက်ပေါက်ဈေး

Mon, 07/01/2024 - 15:29 -- journal_editor

မြန်မာနိုင်ငံသည် ရှည်လျားသော ကမ်းရိုးတန်းများရှိပြီး ၎င်းကမ်းရိုးတန်းတစ်လျှောက် စီးဝင် နေသော မြစ်ချောင်းများ အလွန်များပြားသည့်အလျောက် သက်ရှိသယံဇာတပစ္စည်းများလည်း အလွန် ပေါများသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယင်းသယံဇာတပစ္စည်းများအနက် ငါး၊ ပုစွန်သည် အရေးပါ သော ကဏ္ဍတွင် ပါဝင်လျက်ရှိပြီး  ပြည်တွင်းစားသုံးရန်သာမက နိုင်ငံတကာဈေးကွက်များသို့ တင်ပို့  ရောင်းချသည်အထိ ဆောင်ရွက်လျက်ရှိသည်။
 တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့တွင် ကကတစ်ငါး မွေးမြုလုပ်ကိုင်မှု များပြားလျက်ရှိပြီး မွေးမြူရာတွင် အကြမ်းခံနိုင်ခြင်း၊ ကြီးထွားနှုန်းကောင်း၍ ရှစ်လမှ ကိုးလအတွင်း ဈေးကွက်ဝင်အရွယ် ရောက်ရှိနိုင်ခြင်း၊ ပြည်တွင်းဈေးကွက်တွင်လည်း ဈေးကောင်းရသကဲ့သို့ ပြည်ပတွင်လည်း ဈေးကွက်  တည်မြဲခြင်း၊ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနိုင်သော ငါးမျိုးဖြစ်ပြီး မွေးမြူ သူအနေဖြင့်လည်း အကျိုးများသော လုပ်ငန်းဖြစ်သည်။
ကကတစ်ငါးသည်အရွယ်အစားပေါ် မူတည်ပြီး အစာကျွေးမွေးမှုမတူသလို ကျန်းမာမှုအပေါ် မူတည်ပြီး အရွယ်အစား ပြောင်းလဲနိုင်သည်။ ဈေးကွက်ဝင်ကကတစ်ငါးများသည် ပုံမှန်အားဖြင့် ခန္ဓာ ကိုယ်အလျား ၂၅ မှ ၁၀ဝ စင်တီမီတာအတွင်းရှိပြီး အကြီးဆုံးမှာ  စင်တီမီတာ၂၀ဝ အထိ ရှိကြသည်။ ကကတစ်ငါးများကို ၃ လက်မ သို့မဟုတ် ၄ လက်မအရွယ်မှ စတင်မွေးမြူပါက ခုနစ်လအကြာတွင် ပျမ်းမျှ  ၇၅၀ ဂရမ်သို့ရောက်ရှိပြီး ဈေးကွက်ဝင် အရွယ်အစားများရရှိကာ ကျန်းမာသန်စွမ်းသော အချို့ငါးများသည် ခြောက်လအရွယ်တွင်ပင် ဈေးကွက်ဝင်အရွယ်သို့ ရောက်ရှိနိုင်သည်။ ကကတစ် ငါးများကို ရေချိုတွင်လည်းကောင်း၊ ရေချို ရေငန်စပ်တွင်လည်း ကောင်း၊ ရေငန်တွင်လည်းကောင်း စီးပွားဖြစ် မွေးမြူကြပြီး မြေကန်များနှင့် မြစ်ချောင်းများတွင် လှောင်အိမ်များဖြင့်လည်း မွေးမြူကြ သည်။ 
မြိတ်မြို့၌ ဇွန်လ စတုတ္ထပတ်အတွင်း ကကတစ်ငါး တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀ ဖြင့် ရောင်းချ နေပြီး ရန်ကုန်မြို့နှင့် အခြားမြို့များသို့ သယ်ယူစရိတ်ပေါင်းကာ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀ ဖြင့် တင်ပို့ရောင်းချပေးနေကြောင်း သိရှိရသည်။ အဓိက ရန်ကုန်သို့ အများဆုံးတင်ပို့လျက်ရှိပြီး ဟိုတယ် များနှင့် ပြည်ပသို့တင်ပို့ရန် အအေးခန်းစက်ရုံများမှ မှာယူလျက်ရှိကြောင်း သိရသည်။

 

ကျော်နိုင် (မြိတ်)