Main menu

Background

ကြက်သွန်နီ   စိုက်ပျိုးခြင်းဖြင့်   တောင်သူများ အမြတ်အစွန်း   ပိုမိုရရှိလာ၍  တိုးချဲ့စိုက်ပျိုးသင့် 

Thu, 09/22/2022 - 15:46 -- journal_editor

ကြက်သွန်နီသည် မြန်မာလူမျိုးများသာမက အခြားလူမျိုးများ လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် လည်းကောင်း၊ ဟင်းအနှစ် အဖြစ်လည်းကောင်း စားသုံးကြသကဲ့သို့ ကြက်သွန်နီကို အဆင့်မြင့် ထုတ်ကုန်ဖြစ်သော ကြက်သွန်ကြော်အဖြစ် စားသုံးကြသော သီးနှံဖြစ် သည်။ ကြက်သွန်နီ၏ မူရင်းဒေသမှာ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်းနိုင်ငံတို့မှ စတင်စိုက်ပျိုးခဲ့ကြသည်။ 
ကြက်သွန်နီကို  ရှေးဟောင်းသုတေသနဆိုင်ရာ ခိုင်လုံသော အထောက်အထားများအရ လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ၀ ကျော်က အီဂျစ်ပြည်တွင် ကြက်သွန်နီကိုစိုက်ပျိုးကြောင်း သိရသည်။ ရှေးခေတ် အီဂျစ်လူမျိုးများသည် ကြက်သွန်နီ၏  လုံးဝန်းသောပုံနှင့် အလွှာ အထပ်ထပ်ရှိနေခြင်းကြောင့် အသက်ရှိသည်ဟု ယုံကြည်ကာ ကိုးကွယ် ခဲ့ကြသည်ဟု သိရသည်။ ကြက်သွန်နီကို ၁၄၉၂ ခုနှစ်တွင် ကိုလံဘတ်စ် နှင့်အတူ အမေရိကတိုက်သို့ ရောက်ရှိလာခဲ့သည်။ စပိန်နိုင်ငံတွင် ကြက်သွန်နီကို အရောင်သုံးမျိုးဖြင့် ခွဲခြားထားရာ ကြက်သွန်(အနီ)၊ ကြက်သွန်(အဖြူ)၊ ကြက်သွန် (အဝါ)ဟူ၍ ခွဲခြားထားသည်။  ကြက် သွန် အဝါရောင်သည် အနံ့၊ အရသာနှင့်ပြည်စုံပြီး ချက်ပြုတ်ရာတွင် အရောင်ပြောင်းသွားသည်။ ကြက်သွန်နီအရောင်မှာ အရောင်လှ၍ ကြက်သွန် အဖြူရောင်မှာ မက္ကဆီကန်လူမျိုးများ ကြိုက်နှစ်သက်သည် ဟု သိရသည်။ 
မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ကြက်သွန်နီမျိုးများမှာ ရွှေ ဖလားမျိုး၊ ဘောင်စောက်မျိုး၊ မင်းတုန်းဥမြွှာမျိုးဟူ၍ ရှိသည်။ ရွှေ ဖလားမျိုးမှာ ကြက်သွန်နီဥ ပြားဝိုင်းသည့် ပုံသဏ္ဌာန်ရှိ၍ မျိုးကွဲ အနေဖြင့် ရွှေဒင်္ဂါး၊ ရွှေဖလား ခွက်မှောက် များဟူ၍ ခေါ်ဆိုကြသည်။ ဘောင်စောက်မျိုးမှာ လုံးရှည်ပုံသဏ္ဌာန်ရှိပြီး  မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်းနှင့် ဘင်္ဂလားမျိုးဟူ၍ ခေါ်ဆိုကြသည်။ သပိတ်လုံး ကြက်သွန်နီ ဥမှာ အလျား၊ အနံ အချိုးအစား မျှတမှုရှိသည့်အတွက် လုံးဝိုင်းသော ပုံသဏ္ဌာန်ရှိပြီး အချို့ဒေသတွင် ဦးဝိုင်းမျိုးဟူ၍လည်း ခေါ်ဆိုကြသည်။ မင်းတုန်းဥမြွှာမျိုးမှာ တစ်လုံးတည်း မဟုတ်ဘဲ အမြွှာ၊ အတက်များ ဖြစ်ပေါ်နေသည့်အတွက် အမြိတ်စားကြက်သွန် အဖြစ် အသုံးများ၍ မြန်မာကြက်သွန် သို့မဟုတ် ကြက်သွန်နီကလေး ဟု ခေါ်ဆိုကြသည်။ 
ကြက်သွန်နီသည် ရေကြိုက်သော သီးနှံဖြစ်ပြီး အစိုဓာတ်ရှိ သော မြေလွှာအတော်များများတွင် စိုက်ပျိုးနိုင်သည်။ ကြက်သွန်နီ သည် အလွန်ချဉ်သော မြေကို မနှစ်သက်သောကြောင့် အောက် မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းပါးပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များဖြစ်သာ တောင်တွင်းကြီး၊ ဆိပ်ဖြူ၊ ရေနံချောင်းဒေသများတွင် စိုက်ပျိုးမှုများကြောင်း သိရသည်။ အပူအအေး သင့်တင့်သော ရာသီ ဥတုကို ကြိုက်နှစ်သက်၍ နေ့တာရှည်ပါက ဥအထွက်နှုန်း ကောင်းမွန် သည်။ ကြက်သွန်နီ  စိုက်ပျိုးရာတွင် အစေ့ကို တိုက်ရိုက်စိုက်ပျိုးနိုင် သော်လည်း ကုန်ကျစရိတ် များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြ သည်။ ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်း  သုည ဒသမ ဝ၅ ဧကရှိရန် လိုအပ်သည်။ မျိုးစေ့အနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီစေ့  လေးပြည်ခန့် အသုံးပြုရသည်။ ကြက်သွန်နီကို မြေပြန့်ဒေသများတွင်   အောက်တိုဘာလမှ   နိုဝင်ဘာလအထိ ပျိုးထောင်၍ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးကြသည်။ တစ်ဧကလျှင် ပျိုးပင်ပေါက် ငါးသိန်းမှ ခုနစ်သိန်းအထိ  စိုက်ပျိုးစနစ်ပေါ် မူတည်၍ စိုက်ပျိုးနိုင်သည်။ မြစ်ရေများ ကျဆင်းချိန် ကျွန်းများနှင့် သဲသောင်ပြင်များတွင်လည်း ကြက်သွန်နီကို စိုက်ပျိုးနိုင်သည်။ တောင်ပေါ်ဒေသများတွင် မတ်လ နှင့် ဇွန်လအထိ ပျိုးထောင်ကြသည်။ ကြက်သွန်နီ ပျိုးထောင်ရာတွင် ပျိုးမထောင်မီ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်၍ အရိပ်အောက်တွင် ၁၀ မိနစ်ခန့် အခြောက်ခံပြီးမှ ပျိုးထောင်ရပါမည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် အပင်ပေါက်နှုန်း ကောင်းမွန်ပြီး အပင်ကြီး ထွားသန်မာ တုတ်ခိုင်ကာ စုပ်စားပိုးများ၊ မြေအောင်းပိုးများ၊ ပင်မြတ် ပိုးများနှင့်ခါးရိရောဂါများကို ကြိုတင်ကာကွယ်နိုင်သည်။ ကြက်သွန်နီ ကို  ဘောင်ဖော်စိုက်ပျိုးခြင်းနှင့် ကန်သင်းဖော်  စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဘောင်ဖော်စိုက်ပျိုးရာတွင် မြေမျက်နှာပြင် အနိမ့်၊ အမြင့်ပေါ် မူတည်၍ ညီညာသော အပိုင်းများအလိုက် ဘောင်ဖော် ပေးရပါမည်။  ဘောင်ဖော်ရာတွင်  ရေသွင်းရန်အတွက် သုံးပေ၊ လေးပေခြား မြောင်းများ ဖော်ပေးခြင်းဖြင့် ရေသွင်းရန် လွယ်ကူပြီး အကွက်ထဲသို့ ရေရောက်ရှိမည်ဖြစ်ပါသည်။ ပျိုးပင်များကို တစ်ပင်နှင့် တစ်ပင် တစ်တန်းနှင့် တစ်တန်း ၄-၅ လက်မခန့်ခွာ၍ စိုက်ပျိုးရပါ မည်။ ပြီးနောက်  ဘောင်နှင့်ညီအောင် ရေသွင်းပေးရပါမည်။ ကန်သင်းဖော် စိုက်ပျိုးနည်းမှာ ဆည်ရေရရှိသော ဒေသများတွင်သာ စိုက်ပျိုးကြပြီး ပေါင်းရှင်းရာတွင် အပင်များကို ထိခိုက်မှုမရှိစေရန် ကန်သင်းပေါ်မှနေ၍    ပေါင်းရှင်းနိုင်ရန်အတွက် ၄-၅ ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရပါမည်။  ပျိုးပင်များ ၄-၆ ပတ်သားအရွယ်တွင် အပင်ရင်း အနည်းငယ်ကြီးလာပါက စိုက်ပျိုး မြေနေရာသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။
ကြက်သွန်နီသည် အော်လီယံ (Allium) မျိုးရင်းတွင်ပါဝင်သော အောလီယံဆက်မာ (Allium Cepa) မျိုးစိတ်ဖြစ်ပြီး မြေပြင်ပေါ်တွင် ထောင်မတ်နေသော အညှောက်f (Vertical Shoot)  ပါရှိသည်။ ကြက် သွန်ဖြူ နှင့် မျိုးချင်းနီးစပ်၍ အာရှအလယ်ပိုင်းဒေသများတွင် ကြက် သွန်နီ အရိုင်းများ ပေါက်တတ်ပါသည်။ ကြက်သွန်နီသည် အပင်ပျော့ ဖြစ်၍ အမြင့်ပေ တစ်ပေခန့်သာရှိပြီး ပင်စည်အောက်ခြေတွင် ဥ ဥပါသည်။  ကြက်သွန်နီအပွင့်မှာ  လုံးဝိုင်း၍ ထီးပုံသဏ္ဌာန်ရှိပြီး ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့်အဖြူလေးများ ပွင့်ပါသည်။ ကြက်သွန်နီ အပွင့်မှာ ပြာသိုလနှင့် တပို့တွဲလတွင် ပွင့်ပြီး တပေါင်းလတွင်စ၍ ဥနုတ်ယူရပါသည်။ ကြက်သွန်နီစိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေသြဇာအသုံးပြုမှု ကွာခြားပါသည်။ သဲဆန်သော မြေ များတွင် နွားချေးပို၍ အသုံးပြုရသည်။ တစ်ဧကအတွက် လိုအပ် သည့် မြေသြဇာများမှာ နွားချေး ၁၀ စီး မှ ၁၅ စီး၊ ယူရီးယား နှစ်အိတ်၊ တီစူပါ နှစ်အိတ်၊ ပိုတက်ရ် တစ်အိတ်ခန့်လိုအပ်သည်။ ကြက်သွန်နီ အထွက်နှုန်း ကောင်းစေရန်အတွက် ပေါင်းကိုနိုင်အောင် လိုက်ရမည် ဖြစ်ပြီး အရွက်များ စတင်ကျချိန်တွင် ပေါင်းလိုက်ရန် မလိုတော့ဘဲ စိုက်ပျိုးပြီး တစ်လအကြာတွင် မြေသြဇာကို အတန်းကြားတွင် ချပေး ရမည်။ မြေများကျပ်နေပါက နွားချေးနှင့်မြေဆွေး ထပ်မံထည့်ပေးရ မည်။ သာမန်အားဖြင့် ရေကို တစ်ပတ်လျှင် တစ်ကြိမ်သာပေးရပြီး ရာသီဥတုပူပြင်းပါက ၄-၅ ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရပါ မည်။ အရွက်များ စတင်ကျလာချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက် ရပါမည်။ အမြိတ်စား ကြက်သွန်အတွက် ရိတ်သိမ်းချိန်တွင် အရွက် မှာ ခဲတံလုံးခန့်ရှိလျှင် လက်ဖြင့်နုတ်ယူနိုင်ပြီး၊ ကြက်သွန်ဥကြီး ရိတ် သိမ်းလိုလျှင်  အရွက် ၁၅-၂၅ ရာခိုင်နှုန်းခန့်   ခြောက်လာပါက လက်ဖြင့်ဆွဲနုတ်၍ ရိတ်သိမ်းနိုင်သည်။ အရွက်များ  အားလုံးနီးပါး ခြောက်သွေ့လာမှသာ နုတ်သိမ်းလျှင် နုတ်ယူရန် မလွယ်ကူတော့ဘဲ ရောင်းတမ်းလည်း မလှတော့ပါ။ ကြက်သွန်နီဥကို နုတ်ပြီးလျှင်ပြီးချင်း အရွက်ကို ဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည်ဟု သိရ သည်။ တစ်ဧကလျှင် ကြက်သွန်နီအထွက်နှုန်းမှာ ပိဿာချိန် ခြောက် ထောင်မှ ရှစ်ထောင်အထိ ထွက်နိုင်သည်။
ကြက်သွန်နီသည် အခြေခံစားသောက်ကုန် သီးနှံတစ်မျိုးဖြစ် သလို အလှအပအတွက်လည်း ကောင်းကျိုးများစွာရှိသည်။ ကြက် သွန်နီ အရည်ကို ဝါဂွမ်းနှင့်တို့ပြီး မျက်နှာအနှံ့လိမ်း၍ ရေနွေးနှင့် ဆေးချပါက အသားအရေ  တင်းသလို အရေးအကြောင်းကင်းပြီး ဝက်ခြံများလည်း သက်သာစေသည်။ ကြက်သွန်နီတွင် ပါဝင်သော ဗီတာမင်စီက အမည်းစက်နှင့်တင်းတိတ်များ ပျောက်ကင်းပြီး အသား အရောင် ညီညာစေသည်။ ကြက်သွန်နီကို စားသုံးပေးခြင်းကြောင့် ရေဓာတ်ပြည့်ဝပြီး Glow Skin  ဖြစ်ဖို့ အထောက်အကူ ဖြစ်စေသည်။ ကြက်သွန်နီတွင် ပါရှိသောAntionidants က မျက်နှာ အသားအရေ ညစ်နွမ်းမှုကို သက်သာစေပြီး ကျန်းမာဝင်းလက်သည့် အသားအရေ ကို ပိုင်ဆိုင်မှာဖြစ်သည်။ အသားအရေ ကြည်လင်စေခြင်း၊ နှုတ်ခမ်း သား နူးညံ့စေခြင်းနှင့် ဆံပင်များလည်း သန်စွမ်းစေသည်။
ကြက်သွန်နီကို ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်သော ကောင်း ကျိုးများမှာ အရိုးသိပ်သည်းစေခြင်း၊ ကိုလက်စထရော ပမာဏကို လျှော့ချပြီး  နှလုံးကို  ကျန်းမာစေခြင်း၊   အစာခြေအားကိုလည်း ကောင်းစေခြင်း၊ ဆံပင်ပျက်စီးမှုကို လျှော့ချပြီး အန်တီအောက်စီးဒန့် ကို မြှင့်တင်ပေးခြင်း၊ အမြင်အာရုံ အားကောင်းစေပြီး ခံတွင်းကျန်းမာ ရေးကို ကောင်းစေခြင်း၊ ယားယံမှုကို သက်သာစေခြင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကို ပျောက်ကင်းစေခြင်းနှင့် ဆံပင် အတွက်လည်း ကောင်းမွန်စေသည်။ 
ကြက်သွန်နီကို အစိမ်းအတိုင်း စားကြသလို ကြက်သွန်ကြော် များလည်းပြုလုပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ရောင်း ချနိုင်ပါက ကြက်သွန်နီ စိုက်ပျိုးသူတောင်သူများအနေဖြင့် ပိုမိုအကျိုး အမြတ် ဖြစ်ထွန်းမည်ဖြစ်သည်။ ကြက်သွန်နီ စိုက်ပျိုးမှုကို သက်ဆိုင် ရာဌာနများမှ နည်းပညာများ အရင်းအနှီးများ၊ ပြည်တွင်း၊ ပြည်ပဈေး ကွက်များ ရှာဖွေပေးနိုင်ပါက ကြက်သွန်နီ စိုက်ပျိုးသူ တောင်သူများ အနေဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးကြပြီး အမြတ်အစွန်းများလည်း ပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
source - wikipedia, wisarra. com, 
hellosayarwon.com, yoyarlay.com