Main menu

Background

ကုန်သွယ်မှုအတွက် ယုံကြည်မှုတည်ဆောက်ပေးမည့် အရည်အသွေး အခြေခံအဆောက်အအုံစနစ် (၁)

Tue, 01/03/2023 - 14:33 -- journal_editor

အရည်အသွေးအဆောက်အအုံစနစ်ကို ထူထောင်ခြင်းသည် နိုင်ငံ၏စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုအတွက်  အပြုသဘောဆောင် သည့် လက်တွေ့ကျသော ခြေတစ်လှမ်းဖြစ်သည်။ အရည်အသွေး အဆောက်အအုံစနစ်သည် နိုင်ငံတွင်းရှိစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် မူဝါဒများချမှတ်ရာတွင် အစိုးရအဖွဲ့အစည်းများအတွက် အထောက်အပံ့ဖြစ်စေရုံသာမက သဘာဝ အရင်းအမြစ်များ၊ လူသားအရင်းအမြစ်များ၊ အစားအသောက် ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုတို့အတွက်လည်း အကျိုးရှိရှိ အသုံးချနိုင်စေ မည်ဖြစ်သည်။
အရည်အသွေး  အဆောက်အအုံစနစ်သည် ပြည်သူများ၊ စားသုံးသူများ၊   စီးပွားရေးလုပ်ငန်းများနှင့်  ၎င်းတို့၏ ထုတ်ကုန်/ ဝန်ဆောင်မှုများကို  မှာယူသုံးစွဲမည့်   အဖွဲ့အစည်းများအတွက် ပြီးပြည့်စုံသော  Package တစ်ခုကို  ဖန်တီးပေးနိုင်သည်။ အရည် အသွေး အဆောက်အအုံစနစ်ဟုဆိုရာတွင် မူဝါဒများ၊ အဖွဲ့အစည်း များ၊ ဝန်ဆောင်မှုပေးသူများ၊  နိုင်ငံတကာ  စံချိန်စံညွှန်းများနှင့် အရည်အသွေးကိုက်ညီမှုအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များကို တန်ဖိုး မြှင့် အသုံးချခြင်း စသည့် မရှိမဖြစ်အရေးကြီးသည့် ကဏ္ဍအားလုံး အကျုံးဝင်သည်။
အရည်အသွေး အဆောက်အအုံစနစ်သည် တီထွင်ကြံဆမှု များ၊  လုပ်ငန်းကဏ္ဍအလိုက် အဖွဲ့အစည်းများ၊  အသင်းအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်  လူပုဂ္ဂိုလ်များ ပေါင်းစပ်ထားသော စနစ်တစ်ခုဖြစ်သည်။ အဆိုပါစနစ်တွင် အမျိုးသား အရည်အသွေး ဆိုင်ရာ မူဝါဒများနှင့် ၎င်းမူဝါဒများကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ၊ အခြေခံမူဘောင်များ၊ အရည်အသွေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများ၊ စီးပွားရေးလုပ်ငန်းများ၊ ဖောက်သည်များ၊ စားသုံးသူ ပြည်သူများလည်း ပါဝင်သည်။
အရည်အသွေးဆိုတာ ဘာလဲ
အရည်အသွေးဆိုသည်မှာ ထုတ်ကုန်နှင့်  ဝန်ဆောင်မှုများ သည်  ဖောက်သည်၏ လိုလားချက်နှင့် ကိုက်ညီမှုရှိခြင်းပင်ဖြစ်သည်။ အခြားအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ အရည်အသွေး  ဆိုသည်မှာ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများသည် သုံးစွဲရသည့် ရည်ရွယ်ချက်နှင့် ကိုက်ညီမှုရှိခြင်းပင်ဖြစ်သည်။ ဥပမာ-ဈေးကြီးသော သားရေရှူး ဖိနပ်သည် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်သော်လည်း ရွှံ့နွံထဲတွင် အလုပ်လုပ်ရသည့် လယ်သမားတစ်ယောက်အတွက်မူ ဈေးသက်သာပြီး အကြမ်းခံသော လည်ရှည်သားရေဘွတ်ဖိနပ်က သူ၏လိုအပ်ချက်နှင့် ပို၍ကိုက်ညီမှုရှိစေမည်ဖြစ်သည့်အတွက် ဈေး ကြီးသော  သားရေရှူးဖိနပ်သည် ထိုလယ်သမားအတွက် လိုအပ် သည့် အရည်အသွေးမဟုတ်ဟု ဆိုနိုင်သည်။ သို့ဖြစ်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ကြရာတွင်  ၎င်းတို့၏  အရည်အသွေး မြှင့်တင်ရာတွင်  လည်းကောင်း၊ ကျယ်ဝန်းသော စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင်လည်းကောင်း ဖောက်သည်များ၏ လိုလားချက်နှင့် ကိုက်ညီမှုရှိစေရေးအတွက်  အရည်အသွေး  အဆောက်အအုံကို အသုံးချနိုင်မည်ဖြစ်သည်။
Dynamic System
အရည်အသွေး ဆောက်အအုံစနစ်သည် Dynamic Systemတစ်ခုဖြစ်သည်။  Dynamic သည် လက်တွေ့ဆောင်ရွက်မှုအပေါ် အလေးပေးသည်။  အဆိုပါ   ဆောင်ရွက်မှုများသည် ရလဒ်ကို အထောက်အပံ့ဖြစ်စေရန်  ရည်ရွယ်ပြီး အဆိုပါရလဒ်များအပေါ် ဆန်းစစ်အကဲဖြတ်ကြရသည်။   System  ဆိုသည်မှာ တစ်ဦးချင်း ဆောင်ရွက်မှုထက်  ပိုမိုမြင့်မားသော အောင်မြင်မှု ရရှိစေနိုင်မည့် အရည်အသွေး အဆောက်အအုံ၏ အကျိုးရလဒ်များ ရရှိကြစေရေး အထောက ်အပံ့ဖြစ်စေသော  အပြန်အလှန်ချိတ်ဆက်  ဆောင်ရွက် မှုများဖြစ်သည်။ 
ကမ္ဘာ့ဈေးကွက် ထိုးဖောက်ရန်နှင့်  ဈေးကွက်ယှဉ်ပြိုင်ရန်
အရည်အသွေး အဆောက်အအုံစနစ်သည် နိုင်ငံတစ်နိုင်ငံ အနေဖြင့်ကြည့်ပါက ထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့၏ အရည်အသွေး မြင့်မားစေရေး  အထောက်အကူဖြစ်စေသည်။ သို့ဖြစ်ရာ အဆိုပါ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအားကို လှုံ့ဆော်ပေးနိုင်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီကို လည်းကောင်း၊ နိုင်ငံ့စီးပွားရေးကို လည်းကောင်း ခိုင်မာတောင့်တင်းစေမည်ဖြစ်သည်။ နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ပို့ကုန်ဈေးကွက်၏ လိုလားချက်များနှင့် ကိုက်ညီမှုရှိစေရေး ကူညီထောက်ပံ့ခြင်းဖြင့် အရည်အသွေး အဆောက်အအုံစနစ်သည် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်ပေး နိုင်သကဲ့သို့ တန်ဖိုးကွင်းဆက်တစ်လျှောက်နှင့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ပါဝင်ဆောင်ရွက်နိုင်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတကာလိုအပ်ချက်များနှင့်  ကိုက်ညီမှုရှိ
အရည်အသွေး   အဆောက်အအုံစနစ်သည်  ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် အရည်အသွေးဆိုင်ရာ အဓိပ္ပာယ်သတ်မှတ် ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတကာ လိုအပ်ချက်များနှင့် ကိုက် ညီမှုရှိကြောင်း တိုက်ဆိုင်စစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်သော အားကောင်းသည့် ကိရိယာတစ်ခုဟုလည်း  ဆိုနိုင်သည်။ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် သတ်မှတ်ထားသည့် လိုအပ်ချက် များနှင့် အမှန်တကယ်ကိုက်ညီမှုရှိကြောင်းကို အရည်အသွေး အဆောက် အအုံစနစ်က လက်တွေ့ပြနိုင်၊ တိုက်ဆိုင်စစ်ဆေးနိုင်သည်။ ထုတ် ကုန်နှင့် ဝန်ဆောင်မှုတို့သည်  နိုင်ငံတကာကုန်သွယ်မှုတွင် ပါဝင် ဆောင်ရွက်နိုင်ရေး အကောင်းဆုံး အလေ့အထများနှင့်လည်းကောင်း၊ လုံခြုံစိတ်ချရမှုဆိုင်ရာ လိုအပ်ချက်များနှင့်လည်းကောင်း ကိုက်ညီမှု ရှိစေရေး သေချာစေရန် အရည်အသွေး  အဆောက်အအုံစနစ်က ထောက်ပံ့ဆောင်ရွက်ပေးမည် ဖြစ်သည်။
အားလုံးနှင့်ကိုက်ညီသည့် စံပြမော်ဒယ်မရှိ
နိုင်ငံအားလုံးနှင့် ကိုက်ညီသည့် အရည်အသွေး အဆောက် အအုံစနစ် ရယ်ဒီမိတ်မော်ဒယ် မရှိကြောင်း၊ မိမိနိုင်ငံနှင့် ကိုက်ညီမှု ရှိစေရေး ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံအတွက် စနစ်သည် နိုင်ငံတွင်းနှင့် ဒေသတွင်း  လိုအပ်ချက်များနှင့် ကိုက် ညီမှုရှိစေရန် ချိန်ညှိဆောင်ရွက်ရမည်ဖြစ်ကြောင်းUNIDO  က ဆိုသည်။ အရည်အသွေး အဆောက်အအုံစနစ်သည် Supply Chain  နှင့် Demand Chain တစ်လျှောက် ပါဝင်သူအားလုံးကို အကျိုးရှိစေမည်ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်များတွင် စားသုံးသူများ၊ ထုတ်လုပ်သူ များ၊ တင်သွင်းသူများလည်း ပါဝင်သည်။  စားသုံးသူများအတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် ၎င်းတို့၏ သုံးစွဲရသည့် ရည် ရွယ်ချက်နှင့် ကိုက်ညီကြောင်း ယုံကြည်ရမှုရှိစေရေး အဆိုပါစနစ်က ဖော်ဆောင်ပေးသည်။ ကုန်စည်ထုတ်လုပ်သူများနှင့် တင်သွင်းသူများ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် လိုအပ်ချက် များနှင့် ကိုက်ညီမှုရှိစေရေးအတွက် နိုင်ငံတကာ  စံချိန်စံညွှန်းများ အသုံးပြုမှုကို မြှင့်တင်ပေးခြင်းနှင့်  ၎င်းစီးပွားရေးလုပ်ငန်းများ၏ စီမံခန့်ခွဲမှု  လုပ်ငန်းစဉ်များသည် ကမ္ဘာ့အသိအမှတ်ပြု စီမံခန့်ခွဲမှု စံချိန်စံညွှန်းများအပေါ် စံပြုဆောင်ရွက်စေခြင်းဖြင့် အရည်အသွေး  အဆောက်အအုံစနစ်သည် ထုတ်လုပ်သူများနှင့် တင်သွင်းသူများကို အကျိုးဖြစ်ထွန်းစေသည်။
ထိန်းကျောင်းဆောင်ရွက်ရသူများ  (Regulatory Bodies)  အနေဖြင့် စံချိန်စံညွှန်းများနှင့် အရည်အသွေး ကိုက်ညီမှု အကဲဖြတ် ခြင်းလုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အရည်အသွေး အဆောက်အအုံ စနစ်က အထောက်အကူပြုသည်။ ထိန်းကျောင်းဆောင်ရွက်ရသူများ အနေဖြင့်  သက်ဆိုင်ရာ  ကဏ္ဍအလိုက်  အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်း  လုပ်ငန်းစဉ်များကို  ချမှတ်ဆောင်ရွက်ရလေ့ရှိပြီး အရည်အသွေး ကိုက်ညီမှုမရှိသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို တားမြစ်နိုင်ရေး ဆောင်ရွက်ကြရသည်။ အရည်အသွေး အဆောက် အအုံစနစ်သည် ကမ္ဘာ့ဈေးကွက်တွင် မိမိတို့၏စီးပွားရေးလုပ်ငန်းများ ၏ ဈေးကွက်ယှဉ်ပြိုင်မှုကို အားပေးမြှင့်တင်ခြင်း၊ အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်စေခြင်း၊ နည်းပညာများကို မည်သို့အကျိုးရှိရှိ အသုံးချရမည်ကို မျှဝေအသိပေးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စေခြင်း နှင့် အစားအသောက် ဘေးကင်းလုံခြုံရေး အပါအဝင် ပြည်သူ့ကျန်းမာ ရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် အဆိုပါ စီးပွားရေးလုပ်ငန်း များ၏ တာဝန်ယူမှု တာဝန်ခံမှုကို မြှင့်တင်ပေးခြင်းတို့ဖြင့် နိုင်ငံ့စီးပွား ရေးကို ဖွံ့ဖြိုးစေနိုင်မည့် စနစ်တစ်ခုကို ဖန်တီးပေးနိုင်သည်။
ဈေးကွက်နှင့် စားသုံးသူများ
ကမ္ဘာ့ဈေးကွက်မှ  ယှဉ်ပြိုင်လာသော ထုတ်ကုန်များထဲမှ ရွေးချယ်ခွင့်  ပိုမိုရရှိလာခြင်းနှင့်အတူ  ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် ဈေးနှုန်းဖိအား လျော့ကျလာခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်များသည် ဈေးနှုန်းနည်းစေကာမူ အရည်အသွေး ပြည့်မီ ခြင်းမရှိပါက  ဝယ်ယူခြင်းမပြုဘဲ ငြင်းပယ်ခွင့်ပိုမိုရရှိလာမည်ဖြစ် သည်။ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်လာနိုင်ခြင်းနှင့် ဈေးကွက်ယှဉ် ပြိုင်မှုသည် စားသုံးသူများအနေဖြင့် ဈေးနှုန်းတူသော်လည်း အရည် အသွေး မြင့်သည်ကို ရွေးချယ်နိုင်ရန် အခွင့် အရေး ပိုမိုရရှိလာစေမည် ဖြစ်သည်။ အရည်အသွေး အဆောက်အအုံစနစ်သည် ဈေးကွက်နှင့် စားသုံးသူများအပေါ် အလေးပေးသည်။ စနစ်၏ ယန္တရားအချင်းချင်း တကြွ်ကစွာ ချိတ်ဆက်ဆောင်ရွက်ကြသည်။ အဆိုပါ ဆောင်ရွက်ချက် များသည် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအပေါ် ကြီးမား သော သက်ရောက်မှုရှိကြသည်။ ဖောက်သည်များ၏ ကျေနပ်မှုအဆင့် ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တုံ့ပြန်မှုများ ရရှိစေနိုင်ပြီး စီးပွားရေးလုပ်ငန်များအနေဖြင့် ၎င်းတို့၏ထုတ်ကုန်နှင့် ဝန်ဆောင်မှု များ၏ ရောင်းအား တိုးတက်စေရေး စီမံဆောင်ရွက်နိုင်စေသည်။ အရည်အသွေး အဆောက်အအုံ၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အစိုးရဌာနများမှတစ်ဆင့် ဈေးကွက် တုံ့ပြန်မှုကို ရရှိနိုင်သည်။ အဆိုပါ တုံ့ပြန်မှုများကို သုံးသပ်ခြင်း၊ မွမ်းမံ ခြင်းအားဖြင့် အရည်အသွေး အဆောက်အအုံ၏ အစိတ်အပိုင်းများကို လည်းကောင်း၊ အရည်အသွေး အဆောက်အအုံ တစ်ခုလုံးကိုလည်း ကောင်း တိုးတက်စေရန် ဆောင်ရွက်နိုင်သည်။
(ဆက်လက်ဖော်ပြပါမည်)
ဝေဖြိုးထက် (စားသုံး-စစ်ကိုင်း)