Main menu

Background

စွန့်စားရမည့်  ပဲစင်းငုံ  တိုးချဲ့ထုတ်လုပ်ရေး(၁)

Thu, 02/16/2023 - 10:42 -- journal_editor

ပဲစင်းငုံ တင်ပို့မှုမြင့်တက်လာပြီး ပြည်တွင်း ပဲစင်းငုံဈေးနှုန်းများသည်လည်း လိုက်ပါမြင့်တက်လာသည်ကို တွေ့နိုင်သည်။ ပဲစင်းငုံသည် ဒီဇင်ဘာတွင် အပြီးသတ်ထွက်ပေါ်သည်ဟု ဆိုနိုင်သဖြင့် ဒီဇင်ဘာလကုန်တွင် ဈေးနည်းတတ်သည်။ သို့ရာတွင် ယခုနှစ်တွင် ဇန်နဝါရီလမှစ၍ပင် ဈေးများမြင့် တက်လာသည်ကို တွေ့ရသည်။ မန္တလေးကုန်စည်ဒိုင်၏နေ့စဉ်ဈေးနှုန်းများအရ ၂၀၂၂ခုနှစ် ဒီဇင်ဘာ  ၃၀ ရက်တွင် ပိဿာ ၆၀၊ သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၆၅၀ဝ၀ ဖြစ်သည်။  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပိဿာ ၆၀၊ သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၆၆၅၀ဝ မှ ၁၆၇၅၀ဝ အထိ ဖြစ်ပေါ်လာသည်။ ဇန်နဝါရီ ၁၇ ရက်တွင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် တစ်သိန်းခုနစ်သောင်း ကျော်သွားပြီး ကျပ် ၁၇၂၀ဝ၀ ဖြစ်လာသည်။ ဖေဖော်ဝါရီ ၁ရက်တွင် သုံးတင်းတစ်အိတ် ဈေးနှုန်းမှာ ကျပ် ၁၈၀ဝ၀ဝ ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၀ရက်တွင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၈၈၀ဝ၀ မှ ကျပ် ၁၈၉၀ဝ၀ အထိရောက်ရှိလာသည်ကို တွေ့ရသည်။ မန္တလေးကုန်စည်ဒိုင်၏ ၂၀၂၂ခုနှစ် အတွင်း လအလိုက်ဖြစ်ပေါ်ခဲ့သော ပိဿာ ၆၀ ဝင် သုံးတင်းတစ်အိတ် ဈေးနှုန်းများကို ရတနာပုံကုန်သွယ်မှုဗဟိုဌာနက ဖော်ပြထားသော ဈေးနှုန်းဇယားတွင် အောက်ပါအတိုင်းဖော်ပြထားသည်-

ယခင် ၂၀၁၇ခုနှစ် နောက်ပိုင်းအခြေအနေ
    ၂၀၁၇ခုနှစ်တွင် အိန္ဒိယနိုင်ငံက ပဲသွင်းကုန်များနှင့်ပတ်သက်ပြီး ကိုတာစနစ်ဖြင့် ကန့်သတ်လိုက်သည့်အတွက် မြန်မာအပါအဝင် အိန္ဒိယသို့ ပဲတင်သွင်းသည့်နိုင်ငံများ အကျပ်ရိုက်ကြရသည်။ မြန်မာနိုင်ငံမှ မတ်ပဲသည် ထိုစဉ်က ဈေးအလွန်ကောင်းနေရာမှ ဈေးအဆုံးထိ ပြုတ်ကျခဲ့သဖြင့် မိုဒီ၏ စီးပွားရေးဗျူဟာ အောင်မြင်သည်ဟု သတ်မှတ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် မတ်ပဲနှင့် ပဲစင်းငုံ၏ Supply Chain တစ်ခုလုံးကို ထိခိုက်နစ်နာစေခဲ့သည်။ နောက်နှစ်များတွင် မတ်ပဲနှင့်ပဲစင်းငုံကို လျှော့ချစိုက်ပျိုးမှုများ ပြုလုပ်လာခဲ့သည်။ မတ်ပဲသည် အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ်ပဲဖြစ်သဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် အိန္ဒိယကဝယ်ယူသော်လည်း ဈေးနှုန်းမပေးရစေရန် အိန္ဒိယက နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်ခဲ့သည်။ ထိုအခြေအနေသည် ကိုဗစ်-၁၉ ဖြစ်ပွားချိန်အထိ ရောက်လာခဲ့သည်။ ကိုဗစ်ရောဂါ၏ သက်ရောက်မှုများကြောင့် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံသွင်းကုန်မူဝါဒများကို ပြောင်းလဲခြင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယနှင့် နှစ်နိုင်ငံသဘောတူညီချက်အချို့ ရယူနိုင်ခြင်းကြောင့် မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုမှာ ဆက်လက်ရှင်သန်လျက်ရှိသည်။ ပဲစင်းငုံမှာ အညာမြေတွင် မစိုက်မဖြစ် ပဲဖြစ်သော်လည်း သီးညှပ်စိုက်ပျိုးမှုတွင် လျှော့ချလာသကဲ့သို့ သီးထပ်စိုက်ပျိုးမှုတွင်လည်း လျှော့ချလာသဖြင့် ပဲစင်းငုံ  စိုက်ပျိုးမှုမှာ  ကျဆင်းလာသည်။ မြန်မာနိုင်ငံအနေဖြင့် ပဲစင်းငုံတင်ပို့မှုတွင်လည်း များစွာကျဆင်းသွားသည်ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းဌာနခွဲ၏ အောက်ပါမှတ်တမ်း ဇယားတွင် တွေ့နိုင်သည်-

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ပဲစင်းငုံတင်ပို့မှုမှာ ၅၃၃၇၇ တန်ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၉၆ သန်းအထိ ကျဆင်းသွားသည်ကိုတွေ့နိုင်သည်။ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁-၄-၂၀၂၂ မှ ၂၀-၁-၂၀၂၃ အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုမှာ ၁၄၆၃၅၈တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၅ ဒသမ ဝ၅၁ သန်းဖြစ်သဖြင့် တင်ပို့မှုပုံစံမှာ အတက်ဘက်သို့ ပြန်လည်ရောက် ရှိလာသည်ကို တွေ့နိုင်သည်။ 
    အခြားသော ပဲစင်းငုံတင်ပို့သည့်နိုင်ငံများမှ ထိပ်တန်းပဲစင်းငုံတင်ပို့သည့် နိုင်ငံသုံးခု၏ ယခင်နှစ်များက ပဲစင်းငုံတင်ပို့မှုဂရပ်များကို ကြည့်လျှင်လည်း အိန္ဒိယမှ ကိုတာဖြင့် တင်သွင်းခွင့် ကန့်သတ်သည့် နောက်နှစ် ၂၀၁၈ ခုနှစ်တွင် ပဲစင်းငုံတင်ပို့မှုသည်အောက်ဆုံးသို့ ကျဆင်းသွားသည်ကို  အောက်ပါ ဂရဖ်များတွင် တွေ့နိုင်သည်-

(ဆက်လက်ဖော်ပြပါမည်။)

မျိုးသူ(ကုန်သွယ်မြှင့်)