Main menu

Background

စားသောက်ကုန်ပစ္စည်း အညွှန်းအမှတ်အသားတပ်ဆင်ခြင်း

Thu, 02/16/2023 - 11:14 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
   
အဆင့်(၄)  ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာဖြစ်ကြောင်း  
စစ်ဆေးချက် နှင့်  အကောက်ခွန်ရှင်းလင်းခြင်း (CIQ)
တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းရောက်ရှိသည်နှင့် စားသောက်ကုန် များ၏သင်္ဘောတင်အထောက်အထားများနှင့်   အညွှန်းတပ်ဆင်ရ မည့် လိုအပ်ချက်များ ပြည့်စုံခြင်းရှိ၊ မရှိတို့အား ပြန်လည်သုံးသပ်ရေး အတွက် အကောက်ခွန်အရာရှိများက စစ်ဆေးမှု ပြုလုပ်ပါသည်။
၎င်းလုပ်ငန်းစဉ်မှာ  ပထမအကြိမ်  တင်ပို့သူများအတွက် ပိုမို ရှုပ်ထွေးသော်လည်း ပထမအကြိမ် အောင်မြင်စွာ တင်သွင်းပြီးနောက်  နောင်တင်သွင်းမှုများတွင် များစွာလွယ်ကူသက်သာသွားမည်ဖြစ်ပါသည်။

(က) အကောက်ခွန်  ရှင်းလင်းခြင်းနှင့်စစ်ဆေးခြင်းအဆင့်များကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်သည့်ကုန်ပစ္စည်းများ
အကောက်ခွန်ရှင်းလင်းခြင်းနှင့်  စစ်ဆေးခြင်းအဆင့်များကို အောင်မြင်သည့် စားသောက်ကုန်များအတွက် တရုတ်အကောက်ခွန် ဌာနကအသိအမှတ်ပြုထားသောChina Entry-Exit Inspection and Quarantine Bureau  (CIQ)မှ တင်သွင်းသည့် စားသောက်ကုန်များကို စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးပြီး တရုတ်နိုင်ငံသို့ တင်သွင်း ခွင့်ရရှိမည်ဖြစ်ပါသည်။  ၎င်းလက်မှတ်အား  ကုန်ပစ္စည်း၏သင်္ဘော တင်ပို့မှုတိုင်းအတွက် ထုတ်ပေးပါသည်။

(ခ) အထောက်အထားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများ
အကယ်၍ သင်္ဘောတင်ပို့လာသည့် ကုန်ပစ္စည်းများတွင် အထောက်အထား တစ်စုံတစ်ရာပါဝင်မလာသည့်အတွက် အကောက်ခွန်က ဖမ်းဆီးခဲ့လျှင် ၎င်းလိုအပ်နေသော အထောက်အထားအား ထပ်မံတင်ပြခြင်း သို့မဟုတ် CIQ ကြေညာမှုပြုလုပ်ခြင်း နှစ်ရပ်အနက် မည်သည်ကိုမဆို  သက်ဆိုင်သည့်လုပ်ငန်းဘက်မှ ပြုလုပ်ပေးနိုင်သည်။ CIQ ကြေညာချက်ရရှိရန် လုပ်ငန်းလိုင်စင်၊ သွင်းကုန်လိုင်စင်၊ ကိုတာလက်မှတ်၊ စိတ်ချလုံခြုံမှုနှင့်ကိုက်ညီကြောင်း   ကြေညာချက်၊  ကုမ္ပဏီအကြောင်း မိတ်ဆက်နှင့်ကုန်ပစ္စည်းအချက်အလက် အသေးစိတ်တို့အား တင်ပြရမည်ဖြစ်ပါသည်။

(ဂ) အကောက်ခွန်ရှင်းလင်းခြင်းနှင့်    စစ်ဆေးခြင်းအဆင့်များကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့်ကုန်ပစ္စည်းများ
အကောက်ခွန်ရှင်းလင်းရန် ပျက်ကွက်သော သွင်းကုန်များကို GACC ကြီးကြပ်မှုအောက်၌ ပြန်လည်စစ်ဆေးရန် သို့မဟုတ် ပြန်လည်ပေးပို့ရန် သတိပေးစာကို ထုတ်ပြန်ကာ မူလတင်ပို့သူထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့စေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်းကို ဆောင်ရွက်ပါသည်။
တရုတ်နိုင်ငံအနေဖြင့်  ၎င်း၏အကျိုးအမြတ်များစွာ  ရရှိနိုင် သော ဈေးကွက်သို့ ဝင်ရောက်ရန် တစ်ကမ္ဘာလုံးမှ အစားအသောက် တင်ပို့သူများအတွက် အခွင့်အလမ်းများစွာကို  ဖွင့်ပေးထားပါသည်။ သို့ရာတွင်  ပြည်တွင်းစနစ်ကြောင့်  ပထမဆုံးအကြိမ် တင်ပို့သူများ အတွက် တရုတ်နိုင်ငံ၏အစားအသောက်နှင့် အဖျော်ယမကာ  တင် သွင်းမှုလုပ်ငန်းစဉ်မှာ  အလွန်ခက်ခဲ ရှုပ်ထွေးပါသည်။  အထက်တွင် ဖော်ပြခဲ့သောအဆင့်များမှာ  လုပ်ငန်းရှင်များအတွက် ပိုမိုထိရောက်၍ အဆင်ပြေချောမွေ့စေရန်  အကျဉ်းချုပ် ပြုစုပေးထားခြင်းဖြစ်ပြီး နိုင်ငံခြားမှ လုပ်ငန်းရှင်များအနေဖြင့်   ဈေးကွက်အတွင်း၌လည်းကောင်း၊  ဥပဒေနှင့်လုပ်ရိုးလုပ်စဉ်ပိုင်း၌လည်းကောင်း  အဆင်ပြေချောမွေ့စေရန် တရုတ်ပြည်တွင်းမှ  ကျွမ်းကျင်သူများ၏  အကြံပေးမှု များကိုလည်း ရယူသင့်ပါသည်။

 တရုတ်နိုင်ငံသို့     စားသောက်ကုန်  တင်ပို့မည့်သူများထံ    အကြံပြုချက်
တရုတ်အကောက်ခွန်ဌာနမှ ရရှိသော ၂၀၁၉ ခုနှစ်၏ စာရင်း များအရ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းအချို့အား တရုတ်နိုင်ငံ၏ ပြည် နယ်အချို့သို့ တရားဝင် တင်ပို့ထားခဲ့ပြီး    ကုန်စည်ပြပွဲများတွင် လာရောက် ပြသခြင်းဖြင့်လည်း တဖြည်းဖြည်း လူသိများလာပြီ ဖြစ်ပါသည်။ သို့ရာတွင် တရုတ်၏သွင်းကုန်ပစ္စည်း စုစုပေါင်းအနက် မြန်မာ စားသောက်ကုန်ပစ္စည်းများ တင်သွင်းမှု၏  ပါဝင်မှုရာခိုင်နှုန်းမှာ အလွန်နည်းပါးနေဆဲဖြစ်သည်။ 
ထိုကဲ့သို့နည်းပါးနေရခြင်းမှာ တရုတ်နိုင်ငံဘက်သို့ တရားဝင် ရောက်ရှိလာသော ကုန်ပစ္စည်းများ   နည်းပါးနေသေးခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ တရုတ်ဝယ်လိုသူများ၏လိုအပ်ချက်အတိုင်း မြန်မာ စားသောက်ကုန်များက (ထုပ်ပိုးမှုမှစ၍ အရသာအထိ) ထုတ်လုပ်နိုင် ခြင်း အားနည်းနေသောကြောင့် ဖြစ်နိုင်ပါသည်။    
တရားဝင်ရောက်ရှိမှု နည်းပါးနေသေးသည်ဟု ဆိုလိုရခြင်းမှာ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချနေသည့် မြန်မာစားသောက်ကုန်များကို နယ်စပ်ဒေသမှတစ်ဆင့် သယ် ယူပို့ဆောင်ရေးလုပ်ငန်းများဖြင့် ပို့ဆောင်နေကြရာ ၎င်းပစ္စည်းများမှာ ပုဂ္ဂိုလ်ရေးသုံးပစ္စည်းအနေဖြင့်သာ   အကျုံးဝင်ပါသည်။ ထိုသို့ သော ပစ္စည်းမျိုးကို စီးပွားဖြစ်ရောင်းဝယ်ခြင်းနှင့်  အွန်လိုင်းပေါ်မှ တရားဝင် ရောင်းချနိုင်ခြင်းမျိုးမရှိဘဲ  နားလည်မှုဖြင့်သာ ရောင်း ဝယ်နေကြရပါသည်။ တစ်နည်းအားဖြင့်ဆိုရသော်    တင်သွင်းလာချိန်၌  တရုတ်နိုင်ငံဘက်ရှိ အကောက်ခွန်ဌာနတွင် ကြေညာခြင်းနှင့် အကောက်ခွန် ရှင်းလင်းမှုများ   ပြုလုပ်ခြင်းမရှိသည့်အတွက်  ၎င်း နိုင်ငံ၏ဈေးကွက်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း မရှိရာ အလွန်ဆုံးရှုံးနိုင်ခြေ များပြားပါသည်။ ထို့ကြောင့် မြန်မာ စားသောက်ကုန်များကို တရားဝင် ဝယ်ယူကာ အကောက်ခွန် ရှင်းလင်းပေးနိုင်မည့် မှန်ကန်မှုရှိသည့် တရုတ်ဝယ်လက်မျိုးကို ရှာဖွေ ချိတ်ဆက်ရန် လိုအပ်ပါသည်။
အကယ်၍ တရုတ်စားသုံးသူများအကြိုက် ထုတ်လုပ်နိုင်မှုတွင် အားနည်းနေခြင်းဖြစ်ပါက ၎င်းတို့အကြိုက် စားသောက်ကုန်ပစ္စည်းများ ပြုပြင်ပြောင်းလဲထုတ်လုပ်မည်ဆိုလျှင် ဈေးကွက်အခွင့်အလမ်းသစ် ရရှိနိုင်မည့် အနေအထားဖြစ်ပါသည်။ ၎င်းအခြေအနေအတွက် တရုတ်ဘက်မှ အကျိုးတူ ရင်းနှီးမြှုပ်နှံမည့်သူများကို ဖိတ်ခေါ်နိုင်ပါ သည်။
မြန်မာစားသောက်ကုန်များမှာ လယ်ယာစိုက်ပျိုးရေးနှင့်မွေး မြူရေး အခြေခံကုန်ပစ္စည်းများဖြစ်ကြ၍   ၎င်းထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ကိုလည်း မြှင့်တင်ပေးကြရပေမည်။ တစ်နည်းအားဖြင့်ကုန်ကြမ်းများအတိုင်း  တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ကုန်စည်များကို တင်ပို့ခြင်းက ဆုံးရှုံးမှုလည်းနည်း၊ ဈေးကွက်လည်း ပိုဝင်မည်ဖြစ်သည်။ ထိုကဲ့သို့ မြှင့်တင်ပေးရန်အတွက် လစ်ဟာနေသည့် ဝယ်လိုအားနှင့် ရောင်းလို အားကြားမှ ကွင်းဆက်ကိုလည်းကောင်း၊  ထုတ်လုပ်ရောင်းချလိုသည့်ဘက်မှ အားနည်းချက်များကို ပြင်ဆင်ရန်လည်းကောင်း ဆောင်ရွက်ရမည့်ကာလလည်း ရောက်လာပြီဖြစ်ပါသည်။
ပိုမိုဖွံ့ဖြိုးလာသည့် တရုတ်နိုင်ငံ၏စားသောက်ကုန် ဈေးကွက်အတွင်းသို့  ထိုးဖောက်ဝင်ရောက်နိုင်စေရေးအတွက် မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်စားသုံးသူများ၏   စားသောက်ကုန်များအပေါ် စိတ်ချလုံခြုံမှု ရှိ၊ မရှိ ပူပန်လာမှုများ၊ ကျန်းမာရေးအတွက် ကောင်းမွန်သော အစားအသောက်များကို ခုံမင်လာမှုများအပေါ် အခြေခံလျက် ၎င်းတို့၏ စိတ်ကြိုက်အရသာ၊   ထုပ်ပိုးမှုနှင့် အရည်အသွေးစသည့် ဈေးကွက်အခြေအနေတို့ကို သေချာစွာ လေ့လာထား သင့်ပါသည်။ ထို့ပြင် တရားဝင် တင်သွင်းနိုင်စေရေးအတွက် ဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ ကုန်ပစ္စည်းအညွှန်း အမှတ်အသား တပ်ဆင်မှုများကိုလည်း  ကြိုတင်လေ့လာ၍   ပြင်ဆင်ထားသင့်ပါသည်။ 
သို့မှသာ ကုန်စည်ပြပွဲများ၊  Business Matching  များနှင့် တရုတ်နိုင်ငံမှ  စုံစမ်းမေးမြန်းလာမှုများရှိသည့်အခါ  မိမိဘက်မှ အသင့်အနေအထားရှိနေမည်ဖြစ်ကာ ညှိနှိုင်းဆွေးနွေးကြရာ၌ အသာစီးရရှိမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြ အပ်ပါသည်။ ​​

ဒေါက်တာရွှေစင်ကို