Main menu

Background

စွန့်စားရမည့် ပဲစင်းငုံတိုးချဲ့ထုတ်လုပ်ရေး(၂)

Tue, 02/28/2023 - 15:39 -- journal_editor

စဉ်းစားသုံးသပ်ပြင်ဆင်ရမည့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်ရေး
စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် စိုက်ဧကမှာ ၁၀၆၇၂၀၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စိုက်ဧကမှာ ၁၀၉၁၇၀၅ ဧကရှိသည်ကို တွေ့ရသဖြင့် နှစ်နှစ်နှိုင်းယှဉ်ကြည့်လျှင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထက် ဧက၂၄၄၉၆ လျော့နည်းစိုက်ပျိုးခဲ့သည်ကို တွေ့ရသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပဲစင်းငုံရိတ်သိမ်းဧရိယာမှာ ၁၀၆၂၁၃၁ ဧကဖြစ် ၍ ယခင်နှစ် ရိတ်သိမ်းဧရိယာ ၁၀၉၁၆၈၅ ဧကနှင့် နှိုင်းယှဉ်သော်  ၂၉၅၅၄ ဧက လျော့နည်းခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အထွက်တင်း ၁၄၃၅၀ဝ၄၂ တင်း (တန်ချိန်အားဖြင့် ၄၆၈၆၅၇တန်) ထွက်ရှိသည်ဟု  ဖော်ပြထားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထွက်တင်းမှာ ၁၅၅၆၉၅၇၅ (တန်ချိန်အားဖြင့် ၅၀၈၄၈၆တန်) ထွက်ရှိသည်။  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်   အထွက်တင်းထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  အထွက်တင်းသည် ၁၂၁၉၅၃၃ တင်း (တန်အားဖြင့် ၃၉၈၂၉တန်ခန့်) လျော့နည်းသည်ဟု ဖော်ပြထား သည်။ 
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တစ်ဧကအထွက်နှုန်းမှာ ၁၃ ဒသမ ၅၁ တင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်ဧကအထွက် နှုန်းမှာ ၁၄ ဒသမ ၂၆ တင်းရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထက် အဘက်ဘက်တွင် လျော့ နည်းသည်ကို တွေ့ရသည်။ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် စိုက်ပျိုး ထုတ်လုပ်မှုသည် အနည်းငယ်ပြန်လည်မြင့်တက်လာသည်ကို တွေ့ ရသည်။  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  ပဲစင်းငုံ   စိုက်ဧကမှာ ၁၁၄၅၈၆၁ ဧက၊ ရိတ်ဧကမှာ ၁၁၄၅၈၅၉ ဧက၊ အထွက်နှုန်းမှာ ၁၅ ဒသမ ၆၄ တင်း၊ အထွက်မှာ ၁၇၉၂၂၄၄၃ တင်း (တန်အားဖြင့် ၅၈၅၅၀၉ တန်) ထွက်ရှိသည်။ ယခု ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် အတွက် ပဲစင်းငုံထွက်ရှိမှုကို အတိအကျ မသိရသေးသော်လည်း ယခင်နှစ်ကထက် လျော့နည်းနေမည်လားဟု စိတ်ပူမိပါသည်။
 ပဲစင်းငုံအထွက်သည် တန်ချိန်ငါးသိန်းခန့်ရှိသည်ဟု ဖော်ပြ ထားသော်လည်း  အများဆုံး တင်ပို့နိုင်မှုသည် တန်ချိန် နှစ်သိန်း ဝန်းကျင်သာရှိခဲ့သည်။ ယခုအခါ တင်ပို့မှုသည် တန်ချိန် ၁ ဒသမ ၅ သိန်းခန့်သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရသည်။ တင်ပို့ တန်ချိန်သည် အထွက်တန်ချိန်၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ကို တွေ့ရသဖြင့် အထွက်တန်ချိန် အပြည့်တင်ပို့နိုင်ရေးကို စဉ်းစား သုံးသပ်သင့်ပါသည်။   မည်သည့်နေရာတွင်  လွဲချော်နေသဖြင့် အထွက်တန်ချိန်အတိုင်း တင်ပို့မှု မပြုနိုင်သည်ကို စဉ်းစားရမည် ဖြစ်ပါသည်။ လေလွင့်ပြုန်းတီးမှုများကို  ထိန်းသိမ်းခြင်း၊ အရည် အသွေး  ပိုမိုကောင်းမွန်အောင်  ဆောင်ရွက်ခြင်း၊   အထွက်နှုန်း တိုးလာရေးအတွက် ဆောင်ရွက်ခြင်းများကို ဦးစားပေး ဆောင်ရွက် သင့်သည်။ စိုက်ဧက တိုးချဲ့ခြင်းမျိုးကိုမူ သေချာစဉ်းစားပြီးမှသာ တိုးသင့်သည်ဟု ယူဆမိပါသည်။  
ထို့ပြင် ပဲစင်းငုံ၏ တစ်ခုတည်းသော ဈေးကွက်ကြီးဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် နှစ်ဖက်သဘောတူစာချုပ်များ ခိုင်မာရန်၊ အိန္ဒိယ နိုင်ငံ၏ ကိုတာဖြင့်တင်သွင်းမှုများ ပြန်လည်လုပ်ကိုင်လာမည်ကို သတိပြုရန်၊ အိန္ဒိယသို့ ပဲစင်းငုံတင်သွင်းရာတွင် ပြိုင်ဘက်နိုင်ငံများ ဖြစ်သော တန်ဇန်းနီးယားနိုင်ငံ၊ မိုဇမ်ဘစ်နိုင်ငံနှင့် ဆူဒန်နိုင်ငံများ ၏ အိန္ဒိယနှင့်ဆက်ဆံရေးများကိုပါ ထည့်သွင်းစဉ်းစားသုံးသပ်ရန် စသည့် အချက်များစွာကို သုံးသပ်ပြီးမှသာ ပဲစင်းငုံကို တိုးချဲ့စိုက်ပျိုး သင့်သည်ဟု သုံးသပ်မိပါသည်။ ထပ်မံပြောကြားရမည်ဆိုပါက ပဲစင်းငုံ   ထွက်ရှိသည်ဟု ပြထားသော ကိန်းဂဏန်းများအတိုင်း အပြည့်အဝ တင်ပို့နိုင်ရေးကို ဦးစွာဆောင်ရွက်သင့်သည်ဟု တင်ပြ လိုပါသည်ခင်ဗျာ။ 

မျိုးသူ(ကုန်သွယ်မြှင့်)