Main menu

Background

မြန်မာ့ရိုးရာဆေးသနပ်ခါးဟု တင်စားခေါ်ယူ စန္ဒကူးနံ့သာဖြူ

Wed, 05/10/2023 - 12:49 -- journal_editor

နံ့သာငါးပါးထဲတွင် ပါဝင်သော စန္ဒကူး(ခေါ်)နံ့သာဖြူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းပင် အာရှဒေသများတွင် အလေးအနက်ထား သုံးစွဲခဲ့ကြသည့် အပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်သည် ဆေးဖက်ဝင်သကဲ့သို့ အမွှေးနံ့သာအဖြစ်လည်း အသုံးပြုလျက်ရှိကြပြီး အချို့သော ဘာသာရေး အခမ်းအနားများတွင်လည်း အမွှေးနံ့သာအဖြစ် အသုံးပြုကြသည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင်တည်ရှိသော သမိုင်းဝင်ကျောင်းတော်ရာဘုရားကြီး၌ စန္ဒကူးပင် စုစုပေါင်း ၂၅၀ဝ ခန့် စိုက်ပျိုးထားရှိပြီး အမှတ်စဉ်များ တပ်ကာ စိုက်ပျိုးထားလျက်ရှိရာ နံပါတ်စဉ်(၉)သည် အခြားအပင်များထက် လွန်စွာမွှေးပျံ့ကြိုင်လှိုင်လျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။ ဘုရားဝင်းတစ်ဝင်းလုံးတွင်လည်း နံ့သာဖြူရနံ့များ သင်းပျံ့ မွှေးကြိုင်လျက် ဘုရားဖူးလာသူ မိဘပြည်သူများရင်ဝယ် စိတ်အေးချမ်းသာယာမှုကို ရရှိစေသည်။
စန္ဒကူး(ခေါ်)နံ့သာဖြူပင်များသည် အမြဲစိမ်းလန်းသည့် အလယ်အလတ် သစ်ပင်မျိုးဖြစ်ပြီး အခြားအပင်များ၏အစာများကို မြေအောက်အမြစ်များမှတစ်ဆင့် စုပ်ယူစားသုံးကြသည့် ကပ်ပါးပင် အမျိုးအစားလည်းဖြစ်သည်။ နံ့သာဖြူပင်၏ အဆီအနှစ်ကို ရေမွှေ ထုတ်လုပ်ရာတွင် အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပြီး အဆီအနှစ်ပါသည့် နံ့သာဖြူသား တစ်ပိဿာကို ကျပ်နှစ်သိန်းမှ သုံးသိန်းအထိ တန်းဖိုးရှိကြောင်းလည်း လေ့လာသိရှိရသည်။ 
နံ့သာဖြူပင်သည် နေရောင်ကောင်းစွာရရှိ၍ ပူအိုက်စိုစွတ်သည့် ရာသီဥတုမျိုးကို နှစ်သက်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ဝ၀ မှ ပေ ၃၀ဝ၀ ကျော်အမြင့်အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ကာ မိုးရေချိန် လက်မ ၃၀ မှ ၇၀ အတွင်း ကောင်းစွာ ဖြစ်ထွန်းအောင်မြင်နိုင်သော သက်တမ်းရင့် အပင်တစ်မျိုးဖြစ်သည်။ နံ့သာဖြူပင်သည် နုန်းဆန်သော ရေစိမ့်ဝင်မှုအားကောင်းသည့် မြေများတွင် စိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်နိုင်သော်လည်း နံ့သာဖြူ၏ အရည်အသွေး မှာမူ အဆီအနှစ်ပါဝင်မှု နည်းပါးပြီး ရနံ့မွှေးပျံ့မှု နည်းပါးကြောင်းနှင့် မြေနီ၊ ခဲမြေ၊ ကျောက်စရစ်ဆန်သော မြေများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန် အောင်မြင်နိုင်ကြောင်း သိရှိရသည်။
နံ့သာဖြူပင်သည် စိုက်ပျိုးသည့်မြေတွင် တိုက်ရိုက်အစေ့ချပြီး စိုက်ပျိုးရသော်လည်း ပျိုးထောင်ပြီးမှ စိုက်ပျိုးပါက ပိုမိုကောင်းမွန်ကြောင်း၊ ပျိုးအိတ်တစ်အိတ်ကို မျိုးစေ့နှစ်စေ့နှုန်းဖြင့် ပျိုးထောင်နိုင်ပြီး ပျိုးအိတ်များကို နေ့စဉ်ရေလောင်းပေးရကြောင်း၊ ရေမများနိုင်စေရန်လည်း ဂရုစိုက်ပေးရန်လိုကြောင်း၊ တစ်လ၊ တစ်လ ခွဲခန့်တွင် အပင်ပေါက်ပြီး အပင်ပေါက်များမှာ တစ်ပေခွဲ၊ နှစ်ပေခွဲအရွယ်ရှိလျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ကြောင်းလည်း သိရှိရသည်။ အပင်ပေါက်များကို ပြောင်းရွှေ့စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမည့်မြေကို တစ်ပေပတ်လည် ကျင်းတူးရကြောင်း၊ ထို့နောက် မြေတစ်ဆ၊ နွားချေးမြေဆွေး တစ်ဆ၊ သဲတစ်ဆရော၍ စိုက်ပျိုးမည့်မြေကျင်းအား ရေလောင်းကာ နှစ်ရက်၊ သုံးရက်ကြာ နှပ်ထားပြီးမှ ပျိုးပင်များကို စိုက်ပျိုးရကြောင်းလည်း သိရှိရသည်။        
နံ့သာဖြူပင်များကို တစ်ပင်နှင့်တစ်ပင် ခြောက်ပေပတ်လည်အကွာ (သို့မဟုတ်) ပင်ကြား တန်းကြား ၆ပေ-၄ပေ ထားပြီး စိုက်ပျိုး နိုင်ကာ မိုးဦးကျချိန် ဇွန်လမှ အောက်တိုဘာလအတွင်း စိုက်ပျိုးလျှင်လည်း ပိုမိုသင့်လျော်ကြောင်း သိရှိရသည်။ နံ့သာဖြူပင်များသည် အခြားအပင်များ၏ အမြစ်များကို မှီတွယ်ပြီး ဖြစ်ထွန်းကြသည့်အတွက် နံ့သာဖြူပင်အနေဖြင့် အမှီအခိုဖြစ်မည့် အပင်များဖြစ်သော ရှား၊ ထနောင်း၊ မဲဇလီ၊ ကုက္ကို၊ ဘောဇကိုင်း၊ ပြည်ပန်းညို၊ ဝါးမျိုးနွယ်ပင်များ စသည့်အပင်များကို နံ့သာဖြူပင်စိုက်ပြီးပါက ကြားညှပ်စိုက်ပျိုးပေးရကြောင်းကိုလည်း သိရှိရသည်။
နံ့သာဖြူပင်များကို စိုက်ပျိုးသည့်ပထမနှစ်တွင် အထူးဂရုစိုက်ပေးရန် လိုအပ်သည်။ အကြောင်းမှာ ပထမနှစ် အပင်ငယ်အရွယ်တွင် ရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ ရောဂါကျရောက်လျှင် အရွက်မျာကြွေပြီး အပင်သေနိုင်သည့် အဆင့်အထိ ရောက်ရှိနိုင်သည်။ ထို့ကြောင့် မိုးရာသီတွင် တစ်လတစ်ကြိမ် မှိုသတ်ဆေးတစ်မျိုး မျိုးအား ပတ်ဖျန်းပေးရပြီး ဆောင်းရာသီ၌ မှိုသတ်ဆေးကို သုံးပတ်တစ်ကြိမ် ပတ်ဖျန်းပေးရန် လိုအပ်ကြောင်း သိရှိရသည်။
အပင်သည် အမြဲစိမ်းလန်းသော အပင်မျိုးဖြစ်သည်။ ပင်လတ် မျိုးဖြစ်၍ အမြင့်ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်မှာ အညိုရင့် ရောင် သို့မဟုတ် နီညိုရောင်ရှိသည်။ အတွင်းသားမှာ မာ၍ ချောမွတ် သည်။ အညိုရောင်သန်းသည်။ နံ့သာဖြူ၏ အကာသားမှာဖြူသည်။ အပင်ငယ်စဉ်တွင် အပွေးများ ချောမွတ်သော်လည်း အပင်ကြီးလျှင် ကြမ်းတမ်း၍ အမြှောင်းလိုက် အက်ရာများ ထင်ရှားစွာ ပေါ်လာသည်။ အကိုင်းအခက်များမှာ အပင်လုံးကြီးသော်လည်း သေးသွယ်၍ တွဲကျသော အကိုင်းအခက်များ ရှိသည်။ နံ့သာဖြူပင် တစ်ဧကလျှင် အပင် ၂၅၀ စိုက်ပျိုးနိုင်ပြီး ခြောက်ပေကြား စိုက်ပျိုးရကြောင်းနှင့် အတန်းလိုက်စိုက်ပျိုးလျှင် တစ်ပင်နှင့်တစ်ပင်အကြား ငါးပေမှ ၁၀ ပေအထိခြား၍ စိုက်ပျိုးကြသည်ကို လေ့လာသိရှိရသည်။ အရွက်သည် ရုက္ခဗေဒသဘောအားဖြင့် ရွက်ဆိုင်ထွက်သော အပင်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ ရွက်လွှဲလည်း ထွက်သည်။ အရွက်မှာ ၃ လက်မ အထိ ရှည်သည်။   စိမ်းဝါရောင်ဖျော့ဖျော့ အရောင်အဆင်းရှိပြီး အရွက်ရင့်လျှင် အစိမ်းရောင်ရှိသည်။ အရွက်အပေါ်မျက်နှာပြင်မှာ ပြောင်ချော၍ အောက်မျက်နှာပြင်ထက် အရောင်ပိုရင့်သည်။ တစ်နှစ်လျှင် နှစ်ကြိမ် ရွက်နုများ ထွက်လေ့ရှိသည်။ အပွင့်သည် ပွင့်ခါစတွင် မြက်ခြောက်ရောင်ကဲ့သို့ ညိုဝါရောင်ရှိသည်။ ရင့်လာသောအခါ ခရမ်းရောင်သန်းသော အညိုရောင်ဖြစ်လာသည်။ နံ့သာဖြူအနှစ်သည် မွှေးသော်လည်း အပွင့်တွင် အနံ့မရှိချေ။ အပင်သက်ရင့်လာပြီး သုံးလေးနှစ်မှသာ အပွင့်ပွင့်သည်။ တစ်နှစ်လုံးပွင့်သည်။ အသီးသည် လုံးဝန်းသည်။ အသီးအရွယ်အစားမှာ ပုဏ္ဍရိတ်သီးနှင့် ဆင်တူပြီး အနည်းငယ်ပိုကြီးသည်။ ရင့်မှည့်သောအခါ ညိုနက်သော အရောင် ဖြစ်လာသည်။ အရည်ရွှမ်းသည်။ အစေ့သည် သေးသွယ်၍ မာသည်။ ငရုတ်ကောင်းစေ့ထက် အနည်းငယ်ပိုကြီးသည်။ 
နံ့သာဖြူပင်များကို ရှစ်နှစ်သားမှစပြီး ခုတ်ယူနိုင်သော်လည်း  နှစ်ကြာလေ တန်ဖိုးမြင့်လေ ဖြစ်သည့်အတွက် ၁၀နှစ်၊ ၁၅နှစ် ထားပြီးမှခုတ်လျှင်  အနှစ်သားပိုရကြောင်း သိရှိရသည်။ အပူကြီးခြင်း၊ ကိုယ်သားကိုယ်ရေပူခြင်း၊ အပူလွန်သော ရောဂါများတွင် နံ့သာဖြူကိုသွေးပြီး ပရုတ်ရည်နှင့်ရော၍ ဦးခေါင်းတွင်လိမ်းပေးပါက အပူခိုးများ ထွက်သွားလိမ့်မည်ဟု အာယုဗေဒဆေးကျမ်းများအရ သိရသည်။ ထို့ပြင် ခန္ဓာကိုယ်ယားယံခြင်း၊ သွေးယားခြင်းတို့ဖြစ်လျှင် နံ့သာဖြူအဆီနှင့်  သံပရာရည်ရောစပ် လိမ်းပေးခြင်း သို့မဟုတ် နံ့သာဖြူတုံးကို သံပရာရည်နှင့် ရောသွေးပြီး လိမ်းပေးခြင်းများ ပြုလုပ်ပါက သက်သာပျောက်ကင်းစေနိုင်သည်။ ဆီးကျင်/အောင့် ရောဂါများဖြစ်လျှင်လည်း နံ့သာဖြူကိုသွေး၍ ဆန်ဆေး ရည်နှင့်ရောပြီး တိုက်ပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။ ဝမ်းပျက်ဝမ်း လျှောဝေဒနာ ခံစားရပါကလည်း ဆန်ဆေးရည်နှင့် နံ့သာဖြူရောသွေး၍ ပျားရည် သို့မဟုတ် သကြားနှင့် သင့်လျော်အောင်ရောစပ်ပြီး တိုက်ပေးပါက အပူဝမ်းသွားရောဂါများ ပျောက်ကင်းစေနိုင်သေးပြန်သည်။ ဦးခေါင်းတွင် ဒက်ပေါက်ခြင်း၊ အပူကန်အနာစက်ပေါက် ခြင်းများဖြစ်ပါက နံ့သာဖြူအား သွေး၍ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ လေပူ  အထက်ဆန်ခြင်း၊ လေအကျဉ်းကျခြင်း၊ ကြို့ထိုးခြင်းများ ဖြစ်လျှင်လည်း ဆန်ဆေးရည်နှင့်နံ့သာဖြူသွေးကာ သကြားခဲနှင့် ရောသောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။ 
နံ့သာဖြူပင်ကို စမ်းသပ်စိုက်ခင်းများအဖြစ် မင်းဘူး၊ ပုပ္ပား၊ ပြင်ဦးလွင်နှင့် မြေလတ်ပိုင်းဒေသများ၌ စနစ်တကျ စိုက်ပျိုးထားရှိသည်ကို တွေ့ရှိရသည်။ မန္တလေးတိုင်းတွင် စိုက်ပျိုးမှုများကြောင်း၊ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင်လည်း စမ်းသပ် စိုက်ပျိုးလျက်ရှိရာ အောင်မြင်မှုများရှိနေကြောင်းလည်း သိရှိရသည်။ အိန္ဒိယနိုင်ငံတွင် စန္ဒကူးပင်များကို သစ်တောဦးစီးဌာနက နိုင်ငံပိုင် ရတနာပစ္စည်းတစ်ခုအဖြစ် စနစ်တကျ ကာကွယ်ထားရှိပြီး ခုတ်ယူခွင့် တားမြစ်ထားကြောင်း၊ မျိုးတုန်း ပျောက်ကွယ်မသွားအောင်ထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။
ရှစ်နှစ်သား၊  ၁၀ နှစ်သားရှိသော နံ့သာဖြူပင်တစ်ပင်မှ  ၁၀ ပိဿာ၊ ၁၅ ပိဿာခန့်ထွက်ရှိပြီး  နံ့သာဖြူ တစ်ပိဿာ၏ ကာလတန်ဖိုးမှာ  သုံးသိန်းခန့်ရှိကြောင်း သိရှိရသည်။ အပင်နှစ်သက် တမ်းကြာလေလေ နံ့သာဖြူအနှစ်သားများလာပြီး တန်ဖိုးမြင့်မားလာလေ ဖြစ်သည်။ မျိုးစေ့အနေဖြင့် ကာလအချိန်အလိုက် နံ့သာဖြူအစေ့ တစ်ပြည်လျှင်  ကျပ် ၁၀ဝ၀ဝ  မှ ၅၀ဝ၀ဝ နှုန်းအထိရှိပြီး ပျိုးပင်အနိမ့် အမြင့်ပေါ်မူတည်၍ ပျိုးပင်တစ်ပင်လျှင် ကျပ် ၁၅၀ဝ  မှ ၂၀ဝ၀ နှုန်း အထိ ဈေးနှုန်းရှိကြောင်း၊ မြန်မာနိုင်ငံတွင်မူ နံ့သာဖြူကို ပရဆေးဆိုင်များ၌ အများဆုံးရောင်းချလေ့ရှိကြပြီး၊ မကွေးတိုင်းဒေသကြီးတွင်မူ မြသလွန်၊ ရွှေစက်တော်ဘုရားပွဲများ၌ နံ့သာဖြူ၊ ကရမက်အစရှိသည့် အမွှေးတုံးများကို ဈေးဆိုင်များ ခင်းကျင်၍ ရောင်းချလေ့ရှိသည်။ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ် သည့် အာရပ်နိုင်ငံများတွင် နံ့သာဖြူအဆီအနှစ်ကို အခြေခံထားရှိကာ တန်ဖိုးမြင့် ထုတ်ကုန်တစ်ခုဖြစ်သော ရေမွှေးအဖြစ်ပြောင်းလဲ၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊  သြစတြေးလျနိုင်ငံတွင်လည်း နိုင်ငံခြားဝင်ငွေရရှိသည့် နှစ်ရှည်သီးနှံပင်အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း လေ့လာသိရှိရသည်။ သြစတြေးလျနိုင်ငံတွင် နံ့သာဖြူတစ်တန်လျှင် ဒေါ်လာ ၁၅၀ဝ၀ ဈေးပေါက်ကြောင်း၊  တစ်ကမ္ဘာလုံး အတိုင်းအတာအရ အလှကုန်ထုတ်လုပ်ရာတွင် အခြေခံအသုံးပြုကြပြီး မြန်မာနိုင်ငံတွင် အိမ်တွင်းမှုစီးပွားဖြစ် နံ့သာဖြူအနံ့ဆပ်ပြာခဲ၊ နံ့သာဖြူခဲ၊ နံ့သာဖြူအမွှေးတိုင်၊ နံ့သာဖြူနံ့ဖြင့် ထုတ်လုပ်သော အလှကုန်များ၊ အနံ့များထည့်သွင်း၍သော်လည်းကောင်း စီးပွားဖြစ်ထုတ်လုပ်ရောင်းချလာသည်ကိုလည်း တွေ့ရှိရသည်။ နံ့သာဖြူပင်သည် ရှစ်နှစ်သားကထဲက တစ်ပင်ကိုသုံးသိန်းခန့် ရရှိသည်။  နံ့သာဖြူပင်ကို စီးပွားဖြစ်သော်လည်းကောင်း၊ မိမိခြံစည်းရိုးတွင်သော် လည်းကောင်း စိုက်ပျိုးနိုင်သည်။ 
မကွေးတိုင်းဒေသကြီး   ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးမှုဧကများလာပြီး ခုတ်ယူရောင်းချချိန် ဈေးနှုန်းကောင်း ရရှိရေးနှင့် နိုင်ငံခြားသို့တင်ပို့ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်နေကြကြောင်း စန္ဒကူးစိုက်ပျိုးထားသည့် တောင်သူတစ်ဦးထံမှ သိရသည်။  ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးခြင်းအား ရာသီမရွေး စိုက်ပျိုးလာကြပြီး မြေအောက်ရေတူးဖော်ကာ စန္ဒကူးပင် အခြေရေ ပိုက်အစက်ချစနစ်ဖြင့် ရေပေးကာ ရာသီမရွေးစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။  စတင်စိုက်ပျိုးရန် နှစ်နှစ်သား စန္ဒကူးပျိုးပင်များကို ဝယ်ယူစိုက်ပျိုးခြင်း၊ ကိုယ်တိုင်ပျိုးထောင်စိုက်ပျိုးခြင်းများဖြင့် စိုက် ပျိုးလာခဲ့ရာ ကိုးပေပတ်လည် ပန္နက်ရိုက်စိုက်ပျိုးကြကြောင်း၊ စန္ဒကူး ပင်ပေါက်များ နေဒဏ်၊ လေဒဏ်ခံနိုင်စေရန် ကပ်ပါးပင်အဖြစ် ပဲစင်းငုံပင်များဖြင့် စိုက်ပျိုးခြင်း၊ မဲဇလီပင်များကို ကပ်ပါးပင်အဖြစ်စိုက်ပြီး စန္ဒကူးပင်အား အထောက်အကူဖြစ်စေကြောင်း သိရသည်။  စန္ဒကူးပင်ပေါက် နှစ်နှစ်သားခန့် တစ်ပင်လျှင် ကျပ် ၁၅၀ဝ ပေး ဝယ်ရပြီး လေးနှစ်သား စန္ဒကူးပျိုးပင်ပေါက် တစ်ပင်လျှင်ကျပ် ၄၅၀ဝ ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်းသိရသည်။ စန္ဒကူးပျိုးပင်ပေါက်များ အား ကျောက် ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာ၊ ညောင်ကန် ကျေးရွာနှင့် မြိုင်မြို့နယ်တို့တွင် ဝယ်ယူရရှိပြီး စိုက်ပျိုးကြကြောင်း သိရသည်။ စန္ဒကူးပင်များ ရောင်းတန်းဝင်ချိန် ခုနစ်နှစ်ခန့်မှ ၁၀ နှစ် ခန့်ရှိလျှင် အပင်ရှိအပွေးကိုကြည့်ပြီး အနှစ်ထည့်၊ မထည့် သိရှိရကြောင်း၊ စန္ဒကူးဈေးကွက်သည် ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ အများဆုံး ဝယ်ယူကြပြီး အနှစ်ပါသည့် ပင်စည် တစ်ပိဿာလျှင် ကျပ် တစ်သိန်းခွဲမှ နှစ်သိန်းခွဲထိ ဈေးရှိကြောင်း၊ စန္ဒကူးစိုက်ပျိုးခြင်းသည် ဈေးကွက်ခိုင်မာသည့် စိုက်ပျိုးရေးဖြစ်ကာ မြန်မာပြည်အရပ်ရပ်တွင် စန္ဒကူးစိုက်ပျိုးမှုများလာကြောင်း သိရကာ စန္ဒကူးပင်များ ရောင်းတန်းဝင်ချိန် စန္ဒကူးပွဲစာများ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း နှင့် စန္ဒကူးစိုက်ပျိုးမှုဧက များလာကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုလျှင် စန္ဒကူး (ခေါ်) နံ့သာဖြူပင်များကို နှစ်ရှည်သီးနှံပင်အဖြစ်  စိုက်ပျိုးပါက အကျိုးဖြစ်ထွန်းနိုင်သည့်အပြင် နိုင်ငံခြား ဝင်ငွေရရှိနိုင်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုသည်။ ထို့ပြင် အိမ်းတွင်းမှု အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းအဖြစ်လည်း အမွှေးတိုင်များ၊ အလှကုန်များ ထုတ်လုပ်ရောင်း ချနိုင်သဖြင့် မိမိတို့အတွက် အရှုံးမရှိသော၊ အိမ်တွင်းစီးပွားဖြစ်အား ထားနိုင်သည့်အတွက် ရေရှည်အကျိုးဖြစ်ထွန်းသော နှစ်ရှည်သီးနှံပင် တစ်မျိုးဖြစ်ကြောင်းလည်း အကြံပြု ရေးသားအပ်ပါသည်။

 စန္ဒာစိုးလွင် (မကွေး)