Main menu

Background

သစ်ခွပန်းစိုက်ပျိုးဖြစ်စိုက်ပျိုးနည်း

Mon, 07/31/2023 - 12:29 -- journal_editor

ယနေ့ခေတ်တွင် သစ်ခွပန်းကို အခမ်းအနား များပြုလုပ်ရာတွင် လည်းကောင်း၊ အလှူမင်္ဂလာ ဆောင်နှင့် ဘွဲ့နှင်းသဘင်များတွင် အလှဆင်ရာ၌ လည်းကောင်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ကြသလို သစ်ခွပန်းခြင်းများကိုလည်း မိတ်ဆွေများ ကို  လက်ဆောင်အဖြစ်ပေးသော အလေ့အထ လည်း ရှိကြသည်။ ထို့ကြောင့်   သစ်ခွပန်းသည် ယနေ့ခေတ်တွင် ရောင်းတမ်းဝင် စီးပွားဖြစ် ဈေး ကွက်တစ်နေရာကို ရရှိလာနေပြီလည်းဖြစ်သည်။
သစ်ခွမျိုးများ
သစ်ခွ(Orchid)သည်တောတောင်များတွင် သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသော သစ်ခွနှင့်   လူတို့မျိုးစပ်၍ရသော စပ်မျိုးဟူ၍ နှစ်မျိုးရှိရာ နှစ်မျိုးစလုံးကို ပန်းနှင့်အလှစိုက်ပင် အဖြစ် စိုက်ပျိုးလျက်ရှိသည်။ သစ်ခွသည် အမျိုး အမည်များပြားလှသလို အရောင်အသွေးလည်း စုံလင်လှပါသည်။ ဖယောင်းသစ်ခွ၊ ကြက်တူရွေး သစ်ခွ၊ ရတနာရွှေခက်သစ်ခွ၊  လက်တံတိုသစ်ခွ၊ လက်တံရှည်သစ်ခွ၊  မိုးလုံးမှိုင်းသစ်ခွ၊ ကုမ္မာရီ သစ်ခွ၊ မျောက်သစ်ခွ စသည်ဖြင့် အမျိုးမျိုးရှိကြ သလို အရောင်အဆင်းအားဖြင့်လည်း ဝါ၊ စိမ်း၊ နီ၊ ပြာ၊ဖြူ စသည်ဖြင့် စုံလင်လှသည်။ သစ်ခွမျိုးနွယ် ကိုအခြေခံအားဖြင့်  ကြီးထွားပုံပေါ်မူတည်ပြီး ဒေါင်လိုက်ကြီးထွားသော (မိုနိုပိုဒီယယ်) သစ်ခွ အုပ်စုနှင့် အလျားလိုက် ကြီးထွားသော (ဆင်ပို ဒီယယ်) သစ်ခွအုပ်စုဟူ၍  နှစ်မျိုးခွဲနိုင်သည်။ စိုက် ပျိုးရာတွင်လည်းကောင်း၊ မျိုးပွားရာတွင် လည်း ကောင်း၊ ကြီးထွားမှုပုံစံအပါ်မူတည်ပြီး ကွဲပြားခြား နားသွားပါသည်။ သစ်ခွများတွင် ရာသီမရွေး တစ် နှစ်ပတ်လုံး  ပွင့်တတ်သည့်အမျိုးအစားများနှင့် ရာသီအလိုက် တစ်နှစ်တစ်ခါသာ ပွင့်သည့် အပင် အမျိုးအစားဟူ၍ နှစ်မျိုးတွေ့နိုင်သည်။ မြန်မာ့ သစ်ခွများသည် ရာသီချိန်တစ်ခုသာ ပွင့်လေ့ရှိ သည်။ စီးပွားဖြစ် စိုက်ပျိုးရန်အတွက် ရာသီမရွေး ပွင့်သည့် သစ်ခွအမျိုးအစားများကိုသာ ရွေးချယ် စိုက်ပျိုးသင့်သည်။
မျိုးပွားခြင်း
သစ်ခွကို မျိုးပွားရာ၌ အစာသိုလှောင်သော ပင်စည်ပိုင်း (Pseudobulb) များအား ခွဲယူစိုက်ပျိုး ခြင်း Division) အားဖြင့်လည်းကောင်း၊ ပင်စည် ထိပ်ပိုင်းအားဖြတ်၍ စိုက်ပျိုးခြင်း Top Cutting)) အားဖြင့်လည်းကောင်း      သစ်ခွမျိုးစေ့များနှင့် အပင်၏အစိတ်အပိုင်းများကို ဓာတ်ခွဲခန်း အတွင်း အာဟာရပြင်ပေါ်တွင် ပိုးသန့်မွေးမြူခြင်း Tissue culture) တို့ဖြင့် သစ်ခွကို မျိုးပွားစိုက်ပျိုးနိုင်သည်။
စိုက်ပျိုးမြေပြုပြင်ခြင်း 
သစ်ခွကိုမြေအိုး၊  ပလတ်စတစ်အိုး၊ သစ် သားခြင်း စသည်တို့တွင်ထည့်၍ လည်းကောင်း၊ မြေချ၍လည်းကောင်း၊ သစ်သားကိုင်းကို အုန်း ဆံပတ်၍လည်းကောင်း၊ သစ်ပင်တွင်ကပ်၍လည်း ကောင်း စိုက်ပျိုးကြလေ့ရှိသည်။ ကတ်တဲလီယာ (Cattleya))  စင်ဗီဒီယမ်   (Cymbidium)၊ ဒမ်ဒရို ဗီယမ် Dendrobium) အစရှိသည့် ဆင်ပိုဒီယယ် sympodial) သစ်ခွများကို မြေအိုး၊ ပလတ်စတစ် အိုးများဖြင့် စိုက်ပျိုးကြလေ့ရှိကြသည်။ သစ်ခွသည် ရေအစိုဓာတ် ရရုံသာလိုအပ်ပြီး ရေအိုင်နေသည် ကို မနှစ်သက်ပါ။ ထို့ကြောင့် သစ်ခွစိုက်သည့်အိုးမှာ ရေထွက်ပေါက်များစွာရှိရမည်။ ရေထွက်ပေါက် မပိတ်စေရန် အိုးထဲတွင် အုတ်ခဲကျိုး၊ အိုးကွဲများ ခံပြီးနောက် ပျိုးခံပစ္စည်းများ ထည့်ပေးရပါမည်။ ပျိုးခံပစ္စည်းများအဖြစ်  မီးသွေးခဲ၊  အုတ်ခဲကျိုး၊ အုန်းဆံဖတ်၊ သစ်ခေါက်ဖတ်စသည်တို့ကို ရောစပ် ၍ ထည့်ပေး ရသည်။ ဗင်ဒါ (Vanda) ကဲ့သို့ကသာ မိုနိုပိုဒီယယ်(monopodial) သစ်ခွများကို သစ်သား ခြင်းတွင်ထည့်၍လည်းကောင်း၊ သစ်သားတိုင်များ တွင်   ကပ်၍လည်းကောင်း    စိုက်ပျိုးကြသည်။ သစ်သားခြင်းကို   အသားပွပြီး   အမြစ်တွယ်ရန် လွယ်ကူသော သစ်သားနှင့်ပြုလုပ်ရမည်။ သစ်သား ခြင်းထဲတွင် ပျိုးခံပစ္စည်း ထည့်ပေးရန်မလိုအပ်ပါ။
ပင့်ကူသစ်ခွ spider orchid)၊ အရိုးသစ်ခွ stick orchid အရန်ဒါသစ်ခွ (Aranda) စသည့် မိုနိုပိုဒီယယ် monopodial)   သစ်ခွများကို    များ သောအားဖြင့် မြေတွင်ချ၍  အခင်းလိုက် စိုက်ပျိုး လေ့ရှိသည်။ မြေတွင်ချ၍စိုက်ပျိုးထားသော သစ်ခွ များအတွက် မြောင်းတူးပြီး အောက်ခြေတွင် မြေ ဆွေး၊ နွားချေးဆွေး၊ အုတ်ခဲကျိုး၊ အုန်းဆံဖတ်များ ထည့်ပြီး အပင်များကို စိုက်ပျိုးရပါမည်။ အပင်မြင့် တက်လာချိန်တွင် တန်းများပစ်၍ တိုင်ထောင်ပေး ရမည်။ သစ်ကိုင်းကို အုန်းဆံပတ်၍စိုက်ပျိုးရာတွင် ထုထောင်းပြီး   သုံးလေးရက် ရေစိမ်ထားသည့် အုန်းဆံများနှင့် သန့်စင်ထားသော သစ်ကိုင်းတွင် သစ်ခွအမြစ်များကို ရစ်ပတ်ချည်နှောင်  စိုက်ပျိုး ရသည်။
စိုက်ပျိုးပြုစုခြင်း
သစ်ခွသည်  စွတ်စိုထိုင်းမှိုင်းသော  ရာသီ ဥတုကို နှစ်သက်သည်။  အမြစ်များသည် လေထဲမှ အစိုဓာတ်နှင့် အာဟာရဓာတ်တို့ကို စုပ်ယူစားသုံး ကြသည်။  သစ်ခွကို  နံနက်ခင်း နေရောင်ခြည် ကောင်းစွာရရှိပြီး   လေဝင်လေထွက်ကောင်းစွာ ရရှိသောနေရာများတွင်  ရွေးချယ်စိုက်ပျိုးသင့် သည်။  သစ်ခွကို  အိုးတွင်ထည့်၍  စိုက်ပျိုးရာ၌ အပင်ကို ပျိုးခံပစ္စည်းများ၏ အပေါ်ယံတွင် တင်၍ စိုက်ပျိုးရပါမည်။ သစ်သားခြင်းထဲထည့်၍ စိုက်ပျိုး ရာတွင် အပင်ကို အမှီတစ်ခုခုရရန် တိုင်ထောင်၍ စိုက်ပျိုးရမည်။ သစ်ခွပင်အမြစ်စွဲပြီးသည့်နောက် ယင်းကြားခံတိုင်ကို ဖယ်ရှားပေးရပါမည်။ သစ်ခွ ပင်များကို နွေရာသီတွင် တစ်နေ့လျှင် ရေနှစ်ကြိမ် ဖျန်းပေးရပါမည်။ သစ်ခွပင်ကြီးထွားမှု စတင်လာ လျှင် လိုအပ်သော အစာအာဟာရကို နေ့စဉ် ကျွေး သွားရပါမည်။ သဘာဝမြေသြဇာအဖြစ် နွားချေး၊ ကြက်ချေးတို့ကို အမှုန့်လုပ်၍လည်းကောင်း၊ သစ် ရွက်ခြောက်မှုန့်နှင့် အရိုးမှုန့်တို့ကိုလည်းကောင်း သုံးစွဲကြသည်။ အင်သြဂဲနစ်ဓာတ်မြေသြဇာကို အသုံးပြုရာတွင် သစ်ခွပန်းအများစုက ပြင်းအား လျော့နည်းသည့် အရွက်ဖျန်း ဓာတ်မြေသြဇာ အရည်ဖြင့် ပက်ဖျန်းလေ့ရှိသည်။
ပိုးမွှားရောဂါကာကွယ် နှိမ်နင်းခြင်း 
သစ်ခွပင်တွင် အများဆုံးကျရောက်တတ် သော ပိုးမွှားများမှာ ချိပ်ပိုး၊ ဆစ်ပိုး၊ ဝါဂွမ်းပိုး၊ မွှား ပင့်ကူ၊ ပျ၊ ခရု၊ ပက်ကျိ စသည်တို့ဖြစ်သည်။ ယင်း တို့ကို သင့်လျော်သော ပိုးသတ်ဆေး လက်ဖက်ရည် ဇွန်း တစ်ဇွန်းလျှင် ရေတစ်ဂါလံနှင့်  ရောစပ်၍ လောင်းပေးရမည်။ သစ်ခွပင်များသည် အချိန်အခါ မရွေး မှိုရာဂါ၊ ဗိုင်းရပ်စ်ရာဂါ၊ ဘတ်တီးရီးယား ရောဂါများ ကျရောက်တတ်သည်။ ရောဂါပိုးများ ကျရောက်နေသည့်   အပင်အစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ရန်လိုသည်။  ကြိုတင်ကာကွယ် သည့်အနေဖြင့် မှိုသတ်ဆေးတစ်မျိုးမျိုးကို အပတ်  စဉ် ဖျန်းပေးရမည်။

 

နှင်းအိ (ရာမည)