Main menu

Background

အပွင့်၊ အခေါက်၊ အရွက် စွယ်စုံအသုံးဝင်သည့်ဟင်းငုတ် (ခေါ်)သခွတ်ပင်

Thu, 08/31/2023 - 10:58 -- journal_editor

သခွတ်ပင်သည်  မြန်မာနိုင်ငံ   ဒေသအနှံ့အပြားတွင် ပေါက် ရောက်ပြီး နှစ်ရှည်အပင်ကြီးမျိုးဖြစ်ပါသည်။ အမြင့်ပေမှာ ၃၀ မှ ၅၀ အတွင်း ရှိပါသည်။ သခွတ်ပင်မှပွင့်သော  ဖြူဖြူဖွေးဖွေး  အပွင့်ကား ကား သခွတ်ပွင့်ကို ဟင်းငုတ်ပွင့်ဟင်းခတ်ပွင့်ဟုဒေသအလိုက် အမည်အမျိုးမျိုး ကွဲပြားခေါ်ဆိုကြသည်။ သခွတ်ပင်တွင်  အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်ကို မြန်မာနိုင်ငံ အထက်ပိုင်းတွင် အများဆုံးတွေ့ရှိရပြီး အမပင်ကို မြန်မာနိုင်ငံ ဒေသအနှံ့အပြား၌ တွေ့ရှိရပြီး စစ်ကိုင်း၊ ပျဉ်းမနားနှင့် သံတွဲမြို့များတွင် အများဆုံးပေါက် ရောက် တွေ့ရှိရသည်။  သခွတ်ပင်ကို   ရှေးယခင်က  အဆိပ်အားလုံးကို ပြေပျောက်စေ၍ အဆိပ်ပြေပင်ဟု ခေါ်ဆိုခဲ့ကြသည်။ 
သခွတ်ပင်၏ ပင်စည်သည်  အခေါက်အပွေးမရှိ  ညီညာဖြောင့် ဖြူးပြီး အရွက်မှာ အဖျားချွန်၍အနည်းငယ်ဝိုင်းပြီး အလျား သုံးလက်မ ခန့်  ရှည်သည်။ အရောင်မှာ အစိမ်းရင့်ရောင်ရှိသည်။  သခွတ်ပွင့် မှာ အဖြူရောင်ဖြစ်ပြီး လည်တံရှည်၍ ပဒိုင်းပွင့်နှင့်တူသည်။ ပွင့် ဖတ်မှာ နူးညံ့ပြီး အပွင့်အတွင်း၌  ဝတ်ဆန်ကလေးများပါရှိ၍  အပွင့် မှာ နှစ်ပေခန့်အထိ ရှည်လျားသည်။ ဟင်းငုတ်ပွင့်များသည် တန်ခူး လမှ သီတင်းကျွတ်လအထိ ပွင့်ပြီး မိုးဦးကျချိန်တွင်  အများဆုံးပွင့်ကြ သည်။ 
ဟင်းငုတ်ပွင့်(ခေါ်)သခွတ်ပွင့်
ဟင်းငုတ်(ခေါ်)သခွတ်ပွင့်များသည် ဝါဆိုလတွင်  လှိုင်လှိုင်ပွင့် သည်။ နံနက်စောစောအချိန်တွင် အပင်မှအပွင့်များ ြွေကကျလေ့ရှိ ပြီး အဖြူအပြင် အနီရောင်အပွင့်များလည်းရှိသည်။  အညာဒေသ တွင် အဖြူရောင်အပွင့်များကို အများဆုံးတွေ့ရှိရသည်။ ဟင်းငုတ်  ပွင့်များကို စားစရာအဖြစ် ပြုတ်၍ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ သုတ်စားခြင်း၊ ကြော်ချက်စားခြင်းအပြင်  အချို့ဒေသများ၌ သရက် သီး  ငါးပိချက်နှင့် နှစ်သက်စွာတွဲဖက်စားသုံးကြသည်။ သခွတ်(ခေါ်) ဟင်းငုတ်ပွင့်ကို ဒေသအနှံ့အပြား၌ သုပ်၍  အများဆုံး စားသုံးကြ သည်။ ကျန်းမာရေးအတွက် အပွင့်ပြုတ်ရည်ကိုလည်း သောက်သုံးကြ သည်။ 
သခွတပွင့်တွင် ရေငွေ့ဓာတ်များစွာပါသဖြင့်  ပုပ်ရိလွယ်တတ် သည်။ ထို့ကြောင့်  ကြာကြာအထားခံစေရန် အပွင့်ကို နေရောင်ပြပြီး အခြောက်လှန်း၍ သိမ်းဆည်းရသည်။  အခြောက်လှန်းမည်ဆိုပါက သခွတ်ပွင့်၏ဝတ်ဆန်သည် အလွန်ခါးသဖြင့် အပွင့်အတွင်းမှ ဝတ်ဆံ များကို ဖယ်ပြီး အပွင့်ကို ထက်ခြမ်းခွဲ၍   ခြောက်သွေ့အောင် နေပူ ကျဲကျဲတွင် နှစ်ရက်ခန့် နေလှန်းပေးရသည်။ ဖြူဖြူဆွတ်ဆွတ် သခွတ် ပွင့်သည် နေလှန်းလျှင် အရောင်မည်းသွားသည်။ အပွင့်ခြောက်သည် အရောင်မည်းသွားသော်လည်း  အရသာပြောင်းလဲခြင်းမရှိကြောင်း သိရှိရသည်။ သခွတ်ပွင့်ခြောက်သည် အစာအာဟာရအတွက်လည်း ကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်း ဆေးဖက်ဝင်သည့်အပြင် လက်ဆောင်ပေးရန်အတွက်လည်း အသုံးဝင်သောအပင်ဖြစ်သည်။ 
မိုးဦးကျကာလတွင် သခွတ်ပွင့်များ  လှိုင်လှိုင်ပေါ်သည်။ အပွင့် များသည် အပင်မှ  နံနက်စောစောတွင် ြွေကကျလေ့ရှိ၍ ကျေးရွာ ဓလေ့အရ နံနက်အရုဏ်မတက်ခင် စောစောထပြီး သူ့ထက်ငါဦး အောင် အပြိုင်အဆိုင် သွားရောက်ကောက်ယူကြပြီး  မိသားစုအပို ဝင်ငွေရရှိ ရေးအတွက် သခွတ်ပွင့်များကို အပွင့် ၂၀ လျှင် ကျပ် ၂၀ဝ ဖြင့် ရောင်းချရ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြသည်။ ရောင်းချ ပြီး  ကျန်ရှိသည့်အပွင့်များကို အခြောက်လှန်းပြီး  ဈေးတန်းများတွင် ရောင်းချလျက်ရှိကြသည်။ စားသုံးသူများမှလည်း  ယခုအချိန်အခါ ဝါတွင်းကာလဖြစ်၍ သံဃာတော်အရှင်သူမြတ်များနှင့် ဥပုသ်သီတင်း တည် ဆောက်သူများအား ဆေးဖက်ဝင် သခွတ်ပွင့်များသုပ်၍ ကျွေး မွေးလှူဒါန်းပြုလုပ်ကြ၍ ရာသီပေါ် သခွတ်ပွင့်များကို  ကျန်းမာရေး ဆေးဖက်ဝင်အဖြစ် စားသုံးမှုများလျက်ရှိသည်။ 
ဆေးဖက်ဝင်ပုံ
ဟင်းငုတ်(ခေါ်)သခွတ်ပင်သည် လူတိုင်းအတွက်အပွင့်၊ အရွက်၊ အခေါက် စွယ်စုံအသုံးဝင်သော   ဆေးဖက်ဝင်အပင်ဖြစ်သည်။ မြန်မာဆေးကျမ်းများအရ သခွတ်ပွင့်သည် ချို၊ ဖန်၊ ခါး  အရသာရှိပြီး အစာကို ကြေညက်စေသည့်အပြင် သွေးလေညီညွတ်ပြီး  ပန်းနာ ရင်ကျပ်ရောဂါကိုလည်း  ပျောက်ကင်းစေသည်။ ၎င်းအပြင် အော့ အန်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်းရောဂါကို ပျောက်ကင်းစေကြောင်း ဆေးကျမ်းများအရ သိရှိရသည်။ 
သခွတ်ပွင့်ကို စားသုံးပေးခြင်းဖြင့်  အသံဝင်သူများ  အသံထွက် လာခြင်း၊  အသည်းအဆီဖုံးခြင်း၊အသည်းခြောက်ခြင်း၊ အသည်းရောင် အသားဝါ စသည့် အသည်းရောဂါအမျိုးမျိုးနှင့် ဆီးချို၊ သွေးချိုရောဂါ ရှိသူများအတွက် သခွတ်ပွင့်က  လွန်စွာဆေးဖက်ဝင်သည်။  ရှေး ယခင်နှစ်   များစွာကတည်းက    ကလေးငယ်များအား ခန္ဓာကိုယ်တွင်း အဆိပ်ကင်းစေရန်အတွက်   သခွတ်ပွင့်ကို သုပ်ကျွေးကြကြောင်း လေ့လာသိရှိရသည်။ 
အခေါက်နှင့်အရွက်မှာလည်း သခွတ်ပွင့်ကဲ့သို့ ဆေးဖက်ဝင်ပါ သည်။ အဆိပ်ရှိသော  သတ္တဝါများ   အကိုက်ခံရပါက အခေါက်ကို သွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပြီး မျက်စိနာရောဂါဖြစ်ပါက လည်း အခေါက်ကိုသွေး၍ မျက်လုံးတွင် ကွင်း၍ လိမ်းပေးရသည်။ ကိုယ်လက်ကိုက်ခဲခြင်းဖြစ်ပါကလည်း  အခေါက်ကို  သွေးပြီး လိမ်း ပေးရကြောင်း၊ သခွတ်ပင်၏အရွက်ကိုလည်း ကျန်းမာရေး ဆေးဖက် ဝင်အဖြစ် ဟင်းခါးအဖြစ် ချက်သောက်ကြပြီး ကလေးငယ်များ ရေ ကျောက်ပေါက်လျှင် အရွက်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် ရောဂါ ပျောက်ကင်းကြောင်း၊ အဆိပ်ရှိသော သတ္တဝါများ အကိုက်ခံရပါက သခွပ်ရွက်ကို ထောင်းပြီး အရည်ကို ကိုက်ခံရသည့် ပတ်ဝန်းကျင်တွင် လိမ်းပေးခြင်းဖြင့် အဆိပ်ပြေကြောင်း  သိရသည်။ ကျွဲ၊ နွား၊ ဆိတ် တိရစ္ဆာန်များတွင်လည်း ရောဂါဝင်ရောက်ပါက  သခွတ်ရွက်ပြုတ်ရည် ကို တိုက်ခြင်းဖြင့်  ရောဂါပျောက်ကင်းစေပါသည်။ မြန်မာလူမျိုးများ သည် ရှေးနှစ်ပေါင်းများစွာ ကတည်းက အဆိပ်အားလုံးကို ပြေစေ သော ဆေးဖက်ဝင် သခွပ်ဟု တင်စားခေါ်ဆိုခဲ့ကြကြောင်း  သိရှိရ သည်။ 
ဟင်းငုတ်(ခေါ်)သခွတ်ပင်၏ထူးခြားတဲ့အာနိသင်နှင့် သခွတ် ပွင့်လေးများ၏ အသုံးဝင်မှုကြောင့်  ကျေးလက်ဒေသ တောတောင် များတွင် အရိပ်ရရှိပြီး သခွပ်ပင်သည် ရာသီမရွေး စိမ်းလန်းနေသော အပင်ဖြစ်သည့်အပြင် ကျေးလက်ဒေသခံအချို့သည်   သခွတ်ပွင့်များ ကို ကောက်ယူပြီး အစိုအခြောက် ရောင်းချခြင်းဖြင့်  မိသားစုအပိုဝင် ငွေရရှိနေကြ၍ သခွပ်ပင်များသည် ယခုအခါတွင် ကျေးလက်ဒေသခံ များသည် တောထဲတွင် အလေ့ကျပေါက်ရောက်သည့်အပြင် မိမိ အိမ်ခြံမြေနှင့် ယာခင်းခြံစည်းရိုးများတွင် စနစ်တကျ မျိုးပွားစိုက်ပျိုး နေကြသည်။ သို့ဖြစ်ပါ၍ ဟင်းငုတ်(ခေါ်)သခွတ်ပင်မှ အပွင့်၊ အရွက်၊ အခေါက်အားလုံးသည်   လူသားအားလုံးအတွက် ကျန်းမာရေးကို အဘက်ဘက်မှ ကူညီထောက်ပံ့ပေးနိုင်သည့် သဘာဝဆေးဖက်ဝင် တန်ဖိုးရှိသည့်အပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

မြင့်မြင့်သန်း (ပခုက္ကူ)