Main menu

Background

အရာတော် သနပ်ခါးအကြောင်း တစေ့တစောင်း

Mon, 03/04/2024 - 09:55 -- journal_editor

သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်ကြသော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ယခင်နှစ်ကထက်ယခုကာလ၌ သနပ်ခါး ဈေးကွက်ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ သနပ်ခါး စိုက်ပျိုးထွက်ရှိရာ ဒေသများအနက် ]]သနပ်ခါးမြို့တော်}} ဟု တင်စားခေါ်ကြသော အရာတော်မြို့၌ သနပ်ခါး  စိုက်ဧက အနေဖြင့် ဧက  ၁၀ဝ၀ဝ၀ ခန့် စိုက်ပျိုးထားကြောင်း၊ တစ်နိုင် တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိ ကြောင်း သိရသည်။
သနပ်ခါးပင်ကို  အပူပိုင်း  မိုးနည်းရပ်ဝန်းဒေသများ တွင်အဓိကစိုက်ပျိုးကြသည်။ သနပ်ခါးပင်သည် ရေငတ်ဒဏ် နှင့် ပူပြင်းသော  ရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်သော နှစ်ရှည်ပင်ဖြစ်သော်လည်း ဂရုတစိုက် ပြုစုပျိုးထောင်ရသော အပင်မျိုးဖြစ်သည်။ ဂရုတစိုက်ပြုပြင်ပေးခြင်းနှင့် မြေပြုပြင်ပြီး  မြေဆီမြေခွန်ကျွေးလျှင် ပျိုး‌ထောင်ပြုပြင်သည့်အလျောက် အကျိုးအမြတ်ရနိုင်သော အပင်မျိုးဖြစ်သည်။ သနပ်ခါးပင်ကို မြေချ၍ စတင်စိုက်ပျိုးသည့်နေ့မှ သုံးနှစ်အထိ အချိန်ကာလ တစ်ခု စောင့်ဆိုင်းရပြီး တစ်ဖန်ပြန်၍ စိုက်ပျိုးစရာမလိုသော အဖိုးတန် နှစ်ရှည်ပင်ဖြစ်သည်။
ယခင်နှစ်ကာလများ၌ လျှော်ဖြူစိုက်ခင်းများ၊ ဇင်ရွေး  စိုက်ခင်းများ၊ မိရိုးဖလာစိုက်ပျိုးသီးနှံများဖြစ်ကြသော ပဲအမျိုး မျိုး၊ ဝါ၊ နှမ်း၊ ပြောင်းနှင့် ဆီထွက်သီးနှံတို့ကိုသာ အဓိကထား စိုက်ပျိုးကြသော်လည်း ယခုအခါ  သနပ်ခါးစိုက်ပျိုးခြင်းကို  စီးပွားဖြစ်စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ သနပ်ခါးပင်မျိုး စိတ်ကို ရှေးရိုးအပင်မျိုးစေ့နှင့် စိန်မင်းဟုခေါ်သော  ပြုပြင် ဖန်တီးထားသော စပ်မျိုး မျိုးစိတ်ဟူ၍ နှစ်မျိုးတွေ့ရသည်။ 
သနပ်ခါးပင်များသည်  မြေနီကျောက်ကုန်းများတွင် လျင်မြန်စွာ ဖြစ်ထွန်းလွယ်၍ အခေါက်ထူပြီး အပွေးသန်ကာ ရနံ့ပိုမိုမွှေးကြိုင်ကြောင်း သိရသည်။ သနပ်ခါး စေ့မှ ပျိုးပင် ပေါက်ရန် အချိန်ကာလအားဖြင့် တစ်လခွဲခန့်ကြာကြောင်း၊ သနပ်ခါးပျိုးပင်များ စိုက်ပျိုးရာတွင်  ပျိုးထုပ်များအတွင်း၌ မြေဆွေးနှင့် နုန်းမြေကို မျှတစွာထည့်ပြီး စိုက်ပျိုးရကြောင်း၊ သနပ်ခါးပျိုးပင်ပေါက်များကို မြေချ၍ စိုက်ပျိုးရန် အကောင်း ဆုံးအချိန်မှာ ဝါဆို၊ ဝါခေါင်လများဖြစ်ကြောင်း သိရသည်။ 
သနပ်ခါးပျိုးပင်များ စိုက်ပျိုးရာတွင် ငါးတောင်ခြား၍ သော်လည်းကောင်း၊     ခြောက်တောင်ခြား၍သော်     လည်း ကောင်း မိမိနှစ်သက်ရာ အကွာအဝေးဖြင့် အတန်းအလိုက် စိုက်ပျိုးကာ တစ်ဧကလျှင် ပျိုးပင် ၂၅၀-၃၀ဝ အထိစိုက်ပျိုးနိုင် ကြောင်း၊ အချို့သနပ်ခါးခြံများတွင် နေရာအကျယ်အဝန်းနှင့်  အရေအတွက် အနည်းအများပေါ်မူတည်ကာ ပျိုးပင် ၃၀ဝ-၃၅၀ အထိလည်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။
သနပ်ခါးပင်သည် နှစ်ရှည်ပင်အမျိုးအစားတွင် ပါဝင် သော အပင်တစ်မျိုးဖြစ်ရာ ပျိုးပင်မြေချစိုက်ပျိုးသည့်ရက်မှ  ငါးနှစ်မှ ခုနစ်နှစ်အတွင်း  အရွယ်ရောက်ပြီးသော သနပ်ခါးပင် များကို  စတင်ခုတ်ယူနိုင်ပြီး   တစ်ဖန်ပြန်၍ အတက်ပေါက် သနပ်ခါးပင်များကိုလည်း သုံးနှစ်တစ်ခါ ခုတ်ယူနိုင်ကြောင်း သိရသည်။  သနပ်ခါးခုတ်ယူရန် အကောင်းဆုံးအချိန်မှာ တော်သလင်းလပြည့်ကျော်မှ သီတင်းကျွတ်လအတွင်းဖြစ် သည်။ 
ခုတ်ယူရရှိသော သနပ်ခါးပင်များကို ဖြတ်တောက်၍ မြန်မာနိုင်ငံတစ်ဝန်းသို့ အတုံးဈေးဖြင့် တစ်တုံးလျှင် အနည်း ဆုံး ကျပ် ၁၅၀ဝ မှ ၅၀ဝ၀၊ ၈၀ဝ၀ ထိသော်လည်းကောင်း၊ သနပ်ခါးကို လက်ဖြင့်သွေး၍ အခြောက်ခံကာ သနပ်ခါးခဲ (လက်သွေးခဲ) များအဖြစ်ပြုလုပ်၍ ကျပ်ငွေ ၁၅၀ဝ ဖြင့် လည်း ကောင်း၊ သနပ်ခါးပင်အား အပင်ပြတ်ဖြင့် ရောင်းချရာတွင် အပင်၏ လုံးပတ်၊ အပွေး၊ အခေါက်တို့ကိုကြည့်၍ ကျပ် ၈၀ဝ၀ မှ ၁၅၀ဝ၀ ထိလည်းကောင်း၊ ခြံပြတ်ဖြင့် ဝယ်ယူရာတွင် လည်း သနပ်ခါးပင်၏ အရည်အသွေးကိုကြည့်၍ ငါးဧကလျှင် ကျပ်သိန်း ၁၀ဝ နီးပါးခန့် ပေးချေရကြောင်း၊ အဖျားသားများကို နာမည်ကြီး ဒေါ်သီအမှတ်တံဆိပ်နှင့် ရွှေပြည်နန်းသနပ်ခါး  စက်ရုံများသို့လည်း တင်ပို့ရောင်းချ၍ ရွှေဘိုမြို့မှတစ်ဆင့် မန္တလေး၊ ရန်ကုန်သို့တင်ပို့ကြောင်း၊ ဒေသတွင်း၌လည်း အသုံး ပြုသူများခြင်း၊ ဝယ်လိုအားများခြင်းတို့ကြောင့် ဈေးကောင်းရ နေကြောင်း၊ သနပ်ခါးပင်များကို သုံးနှစ်တစ်ခါ ခုတ်ယူရာ တွင် တစ်ဧကလျှင် ကျပ် ၂၅ သိန်းခန့် အမြတ် ကျန်ရှိကြောင်း၊ တစ်နှစ်ပျမ်းမျှနှုန်းဖြင့်  တစ်ဧကလျှင်  ကျပ် ရှစ်သိန်းခန့် အမြတ်ရ၍ သနပ်ခါး စိုက်ဧကများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း လေ့လာသိရသည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာတို့၏ ရိုးရာသနပ်ခါး ကို ပြည်တွင်း၌  ရောင်းဝယ်ကုန်သွယ်မှု ပြုလုပ်ခြင်းသာမက အရည်အသွေးမြှင့်တင်၍ ကုန်ချောအဖြစ်  ထုတ်လုပ်ကာ ဈေးကွက်ဖော်ဆောင်ခြင်း၊  ပြည်တွင်း၌ အသုံးပြုခြင်းသာမက နိုင်ငံခြားဝင်ငွေ   ရရှိရေးအတွက်  ပြည်ပနိုင်ငံများသို့ တင်ပို့ လျင် အကျိုးအမြတ်ပိုမို ဖြစ်ထွန်းနိုင်ကြောင်း ရေးသားတင်ပြ လိုက်ရသည်။