Main menu

Background

သီးနှံအထွက်တိုးဖို့ မြေဆီလွှာကို ထိန်းသိမ်းစို့

Tue, 08/06/2024 - 13:26 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ လယ်ယာ သီးနှံများကို ကောင်းမွန်သော မြေဆီလွှာတွင် စိုက်ပျိုးမှသာ ကောင်းမွန် အောင်မြင်သော ရလဒ်ကောင်း ရရှိနိုင်မည်ဖြစ် သည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ထွန်ယက်စိုက်ပျိုးသည့် မြေသည် အပေါ်ယံမြေဆီလွှာဖြစ်ရာ ကမ္ဘာ့အပေါ်ယံမြေလွှာ သည် လက်မ၂၀ အောက်အထူရှိလျှင် မြေဆီလွှာပါးဟု သတ် မှတ်ပြီး လက်မ ၂၀ အထက် ၃၆ လက်မကြား အထူရှိလျှင် မြေဆီလွှာ   အသင့်အတင့်နှင့်  ၃၆ လက်မအထက်ရှိလျှင် အပေါ်ယံမြေဆီလွှာအထူဟု သတ်မှတ်ထားကြောင်း သိရ သည်။  
အစားအစာ  လယ်ယာသီးနှံများအစ  မြေဆီလွှာက (soils where food begins) ဟုဆိုသည့်အတိုင်း  မြေဆီလွှာ၏အရေးပါမှုနှင့် ထွက်နှုန်း တိုက်ရိုက်သက်ရောက်မှုတို့ကြောင့် စိုက်ပျိုးသူများအနေဖြင့် မြေဆီလွှာအကြောင်း နားလည် သဘောပေါက်ရန်  အလွန်အရေးကြီးသည်။ တောင်သူများ ကြုံတွေ့နေရသော ပိုးမွှားပြဿနာများ၊ မှိုရောဂါများနှင့် ပတ် သက်၍ ဓာတုဆေးအများအပြား သုံးစွဲခြင်းသည် မြေဆီလွှာ ပျက်စီးခြင်း၏ အဓိကအကြောင်းအရင်း တစ်ချက်လည်း ဖြစ်သည်။ ဓာတုဆေးများကို သတ်မှတ်ထားသော အညွှန်းပါ အတိုင်း  စနစ်တကျ  သုံးစွဲတတ်ရန်နှင့် စိုက်ပျိုးမြေများ အကြောင်း သိရှိကာ ရှောင်ရန်၊ ဆောင်ရန် အချက်များကို လိုက်နာခြင်းဖြင့် မြေဆီလွှာပျက်စီးခြင်းကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ 
ဓာတုဗေဒအရ  လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ လည်းကောင်း  ဇီဝဗေဒအရ  လည်းကောင်း မြေဆီလွှာကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ဓာတုဗေဒအရ ခွဲခြားခြင်းသည် မြေ ဆီလွှာ၏ အာဟာရနှင့် (ချဉ်/ငန်ဓာတ်) PH Level များ ကို လေ့လာခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာခွဲခြားခြင်းသည် ရေ ထိန်းသိမ်းမှုနှင့် အမြစ်ဝင်ရောက်မှုအပေါ် မြေဆီလွှာဖွဲ့စည်းပုံ နှင့် တည်ဆောက်ပုံကို လေ့လာခြင်းနှင့် ဇီဝဗေဒ ခွဲခြားခြင်း သည် မြေဆီလွှာရှိ  သေးငယ်သော ဇီဝရုပ်များကို လေ့လာခြင်း အပိုင်းတို့ဖြစ်သည်။  
လူသားထုတစ်ရပ်လုံးအတွက် အရေးကြီးသည့် မြေ အရင်းအမြစ်၏ အရေးပါမှုကို သိရှိပြီး ကမ္ဘာတစ်ဝန်းတွင် ဆောင်ရွက်ကြသော လှုပ်ရှားဆောင်ရွက်မှုများမှာ မြေဆီလွှာ တွင် ဇီဝမျိုးစုံ မျိုးကွဲများ ဖြစ်ပေါ်တည်ရှိမှု သေချာစေရန်နှင့် သီးနှံစိုက်ပျိုးရန် သင့်လျော်သော မြေဆီလွှာဖြစ်စေရန်၊ လေ၊ ရေတိုက်စားမှုနှင့် ညစ်ညမ်းမှုကို လျှော့ချခြင်း၊ မြေထုတွင် ရေစစ်ထုတ်ခြင်းနှင့်  သိုလှောင်ခြင်းတို့ကို မြှင့်တင်ခြင်း၊ ရေရှည်တည်တံ့မှုရှိသော လယ်ယာထွက်ကုန်စနစ်များ ဖြစ် စေရန်နှင့် မလိုလားအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ် ငွေ့များ လေထုမှ ဖမ်းယူစုဆောင်းခြင်းဖြစ်စဉ်ကို အထောက် အကူဖြစ်စေသည်။ မြေဆီလွှာ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ ပေးခြင်းတို့ အရှိန်မြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။ နောင်လာ မည့် အနာဂတ်မျိုးဆက်သစ်များအတွက် မြေဆီလွှာ အရင်း အမြစ်များကို  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ရေရှည်တည်တံ့သော မြေဆီလွှာစီမံခန့်ခွဲမှု အလေ့အကျင့်များ ရရှိရေးဆောင်ရွက်ကြခြင်းဖြစ်သည်။ မြေဆီမြေနှစ် ကောင်း မွန်မှု၏ အရေးပါပုံကို အာရုံစိုက်ရန်နှင့် မြေဆီလွှာ အရင်း အမြစ်များ ရေရှည်ခံနိုင်ရေး စီမံခန့်ခွဲမှုအတွက် ထောက်ခံအား ပေးရန် နှစ်စဉ် ဒီဇင်ဘာ ၅ ရက်နေ့ကို ကမ္ဘာ့မြေဆီလွှာနေ့ အဖြစ် သတ်မှတ်ကျင်းပလျက်ရှိသည်။   
တစ်ဦးချင်းအနေဖြင့် မြေဆီလွှာဆိုင်ရာ ပညာရေးနှင့် အသိပညာပေးခြင်း အစီအစဉ်များ ကျင်းပရာတွင် ပါဝင်ခြင်း၊  မြေဆီလွှာ အရည်အသွေးမြှင့်တင်မှုဆိုင်ရာပွဲများ စီစဉ်ခြင်း၊ မြေ ဆီလွှာပြန်လည်ပြုပြင်ခြင်းနှင့် စဉ်ဆက်မပြတ် စိုက်ပျိုး ရေးအတွက် ပံ့ပိုးကူညီမှု မူဝါဒများနှင့် အလေ့အကျင့်များ ဆိုင်ရာ လှုပ်ရှားမှုများတွင် ထိရောက်စွာ အပြုသဘော ပါဝင် ဆောင်ရွက်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်းအား လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းနှင့် ယင်းနှင့်ဆက်စပ်သော အသိပညာဖြန့်ဝေ ပေးခြင်းတို့ ဆောင်ရွက်နိုင်သည်။ 
တောင်သူများအနေဖြင့် စိုက်ခင်းတွင် သီးနှံအမျိုးမျိုးစိုက်ပျိုးကြပြီး မြေသြဇာကို အလွန်အကျွံသုံးစွဲနေပါက ဆိုး ကျိုးများဖြစ်ပေါ်နိုင်ရာ  မြေဆီလွှာရှိ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ်၊ အော်ဂဲနစ်ပစ္စည်းများ၊ မြေဆီလွှာအပူချိန်နှင့် စိုထိုင်းဆ၊ ဏံ တန်ဖိုးနှင့် အခြားအညွှန်းကိန်းများကိုလည်း ထဲထဲဝင်ဝင် နားလည်သိရှိမည်ဆိုပါက စိုက်ပျိုးရေးကို ပိုမို စနစ်ကျစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။  စိုက်ပျိုးမြေတွင် ရေပါဝင်မှုနည်းပါက မြေဆီလွှာ ခန်းခြောက်စေ၍ အပင်ကြီး ထွားမှုကိုဖြစ်စေသည့် အလင်းဖြင့်အစာချက်လုပ်ခြင်း နည်း စဉ် (Photosynthesis)) ကို ထိခိုက်နိုင်သည်။ ထို့ပြင် အပင် အမြစ်များသည် ရေငတ်မွတ်မှုကြောင့် မှိုရောဂါကူးခြင်းနှင့် အပင်သေဆုံးခြင်းကို ဖြစ်စေသည်။ ရေပမာဏများ လွန်းပါက လည်း အမြစ်ပုပ်ပြီး အပင်သေစေနိုင်သည်။ အပင်အမျိုးမျိုး အတွက် လိုအပ်သည့် မတူညီသော အပူချိန်နှင့် စိုထိုင်းဆ ရှိကြရာ အပူချိန်နှင့် စိုထိုင်းဆ အချက်ပြကိရိယာDetector  ကို အသုံးပြုနိုင်မည်ဆိုပါက လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပြီး လိုအပ်သော အစီအမံများကို ဆောင် ရွက်နိုင်မည်ဖြစ်သည်။
ယနေ့ခေတ်တွင် အချို့တောင်သူများသည် မြေဆီလွှာ ကို ပြုပြင်ထိန်းသိမ်းရန် မြေဆီလွှာဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်လာကြပြီဖြစ်သည်။  ဓာတ်ခွဲစမ်းသပ်ရာမှာ စိုက်ပျိုးရေး ပညာရှင်များ၏ အကူအညီဖြင့် မြေနမူနာယူကြသလို တောင်သူ ကိုယ်တိုင်မြေဆီလွှာ နမူနာယူပြီး ဓာတ်ခွဲခန်းသို့ပေးပို့ခြင်းများ ပြုလုပ်ကြသည်။ ထိုနမူနာများ သည် ဓာတ်ခွဲစမ်းသပ်မှုအဖြေ မှန်ကန်ရေးအတွက် ကိုယ်စားပြုနမူနာဖြစ်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ထောက်ခံအကြံပြုထားသည်။
ထိုကဲ့သို့သော မြေဆီလွှာစစ်ဆေးခြင်း ရလဒ်များသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဥယျာဉ်ခြံစိုက်ပျိုးရေးကဏ္ဍတို့ အတွက်  အဓိကအရေးပါသော လုပ်ဆောင်ချက်များဖြစ်ပြီး သီးနှံမစိုက်ပျိုးခင်မှစတင်၍ စိုက်ပျိုးရိတ်သိမ်းပြီးသည်အထိ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင် သင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်သည်။ 

စံပယ်လှိုင် (CTQM)
ရင်းမြစ်/ကိုးကား -
-    Soil Analysis in Agriculture 
-    Green waymyanmar