Main menu

Background

ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလှုံမှု ရရှိစေနိုင်မည်

Tue, 12/03/2024 - 11:45 -- journal_editor

ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ဆီထွက်သီးနှံများဖြစ် သော မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများကို စိုက်ပျိုးကြသည်။ မြေပဲကို မိုး၊ ဆောင်း စိုက်ပျိုးကြပြီး နှမ်းကို နွေ၊ မိုး၊ ဆောင်းနှင့် နေကြာကို မိုး၊ ဆောင်း စိုက်ပျိုးကြသဖြင့် တစ်နှစ်ပတ်လုံး ဆီ ထွက်သီးနှံများကို စိုက်ပျိုးကြသည်။ ပြည်ခရိုင်အနေဖြင့် ဆီ ထွက်သီးနှံဖြစ်သော မြေပဲနှင့် နှမ်းကိုသာ ဦးစားပေးစိုက်ပျိုးပြီး နေကြာကို သီးညှပ်အနေဖြင့်သာ စိုက်ပျိုးကြောင်း သိရသည်။ ဆီထွက်သီးနှံများ စိုက်ပျိုးရခြင်းမှာ ပြည်တွင်း စားသုံးဆီဖူလုံ ရန်အတွက်ဖြစ်ပြီး  ယခင်နှစ်များက ဆီထွက်သီးနှံများမှာ ရာသီဥတုဒဏ်ကို ခံရခြင်းမရှိ၍ အထွက်နှုန်း ကောင်းသော် လည်း ယခုနှစ်များအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးချိန်တွင် ရာသီဥတုဒဏ်ခံရပြီး ရေကြီးနစ်မြုပ်မှုများရှိ၍ အထွက်နှုန်း နည်းသွားကြောင်း သိရသည်။ 
ထို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံမှု ရှိစေရေးအတွက် နှမ်းနှင့် မြေပဲများကို အရည်အသွေးကောင်းသော မျိုးနည်း စနစ်မှန်ကန်စွာ စိုက်ပျိုးမြေကောင်းမွန်ခြင်း၊ ရေသွင်းရေထုတ် ကောင်းမွန်ခြင်းတို့အပေါ် မူတည်၍ စိုက်ပျိုးနိုင်မည်ဆိုလျှင် အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းသည့် ဆီထွက် သီးနှံများစွာ ရရှိနိုင်မည်ဖြစ်သည်။ 
ပြည်ခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြေပဲစုစုပေါင်းစိုက်ဧကမှာ ၇၇၃၁၅ဧက၊ နှမ်းစုစုပေါင်း စိုက် ဧကမှာ ၇၇၆၃၅ ဧကနှင့် နေကြာစုစုပေါင်း စိုက်ဧကမှာ ၂၅၆ ဧကရှိသည်။ ပျမ်းမျှအထွက်နှုန်းများအနေဖြင့် မြေပဲမှာ တစ် ဧကလျှင် ၆၂ တင်းကျော်၊ နှမ်းတစ်ဧကလျှင် ၁၅ တင်းနှင့် နေကြာတစ်ဧကလျှင် ၁၁ တင်း ထွက်ရှိကြောင်း သိရသည်။ ဆီထွက်သီးနှံ ထွက်ရှိမှုအခြေအနေအရ  ဆီဖူလုံမှု  ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဆီထွက်သီးနှံများအား တိုးချဲ့ စိုက်ပျိုးနိုင်မည်ဆိုလျှင်   ပြည်တွင်းစားသုံးဆီဖူလုံမည် ဖြစ်သည့်အပြင် သီးနှံများကိုလည်း ပြည်ပသို့ တင်ပို့နိုင်မည် ဖြစ်သည်။ စားသုံးဆီဖူလုံစေရန်နှင့် စားသုံးသူ ပြည်သူများ အတွက် ကျန်းမာရေးနှင့်  ညီညွတ်ပြီး ဘေးကင်းလုံခြုံစွာ စားသုံးနိုင်မည်ဖြစ်သည်။ 
ထို့ကြောင့် စားသုံးဆီများကို ဈေးကွက်အတွင်း ပေါ များစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဆီထွက်သီးနှံများ ကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြရန်ဖြစ်ပြီး အထွက်နှုန်း  ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးသွင်း အားစုများကို စနစ်တကျ သုံးစွဲကြရန် ရောဂါပိုးမွှားများ မကျ ရောက်အောင် ကြိုတင်ကာကွယ်နှိမ်နင်းခြင်း နည်းပညာများ ကို လိုအပ်သည်။ သို့မှသာ ဆီထွက်သီးနှံများ များစွာအထွက် နှုန်းရရှိမှာဖြစ်ပြီး မိမိတို့ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံ၍ ပြည်တွင်းစားသုံးရန် ဆီများလည်း ဖူလုံလာနိုင်မည်ဖြစ်သည်။ 
စားသုံးသူပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ် ချစွာ စားသောက်နိုင်ရေးအတွက် ဆီစက်များအား အဆင့်မြှင့် တင်၍ ဆီကြိတ်နိုင်ရန်အတွက် ဆီစက်များမှာလည်း ကြံ့ခိုင်မှု ရှိရန် လိုအပ်သည်။ နှမ်းနှင့် မြေပဲများကို ဆီကြိတ်လျှင် ဆီ ထွက်ရှိမှုအပြင် မြေပဲဖတ်၊ နှမ်းဖတ်များလည်း  ရရှိသဖြင့် တိရစ္ဆာန်အစာအတွက်လည်း ဖူလုံနိုင်မည်ဖြစ်သည်။ 
မြေပဲဆန် တစ်တင်းကို ဆီကြိတ်လျှင် ဆီနှစ်ပိဿာ ထွက်ရှိပြီး မြေပဲဖတ် ရှစ်ပိဿာကျော် ထွက်ရှိသည်။ နှမ်း တစ်တင်း ဆီကြိတ်လျှင် ဆီခြောက်ပိဿာထွက်ရှိပြီး နှမ်းဖတ် ခြောက် ပိဿာထွက်ရှိပြီး နေကြာတစ်တင်းဆီကြိတ်လျှင် ဆီ  ၂ ဒသမ ၅  ပိဿာ၊ နေကြာဖတ် ငါးပိဿာခန့်ထွက်ရှိကြောင်း သိရ သည်။ 
ထို့ကြောင့် စားသုံးဆီများပိုလျှံရန်အတွက် ဆီထွက်သီး နှံများကို နွေ၊ မိုး၊ ဆောင်း တိုးချဲ့စိုက်ပျိုးရန် လိုအပ်သည်။ တောင်သူများ အတွက်လည်း မိမိတို့စိုက်ပျိုးထားသောသီးနှံ များ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် မိုးရေကိုသာ မျှော် ကိုး၍ သမားရိုးကျ စိုက်ပျိုးကြမည်ဆိုလျှင် သီးနှံများရည်မှန်း သလောက်ရရှိနိုင်မည်မဟုတ်ဘဲ ရာသီဥတုနှင့် ကိုက်ညီသည့်  အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက် ပျိုးနိုင်မည်ဆိုလျှင် အထွက်နှုန်းများတိုးပြီး လူနေမှုဘဝများ လည်း မြင့်တက်လာမည်ဖြစ်သည်။

 

ဝေဝေမင်း (ပြည်)