မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်၍ စိုက် ပျိုးရေးဖြစ်ထွန်းရာ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ကြက်သွန်နီကိုလည်း တစ်ပိုင်တစ်နိုင်မှ ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ ကြက်သွန်နီသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးတို့တွင် ဒေသစီးပွားဖြစ် အများဆုံး စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီအား ၁၉၅၈ - ၁၉၅၉ ဘဏ္ဍာနှစ် ခန့်တွင် ပြည်တွင်းစားသုံးမှု ဖူလုံခြင်းမရှိသဖြင့် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းခဲ့ရပြီး ၁၉၆၂ ခုနှစ်မှစ၍ ပြည်တွင်း၌ စိုက်ပျိုးထုတ် လုပ်မှု များလာပြီး စားသုံးမှု ဖူလုံ၍ ပြည်ပနိုင်ငံများမှ မှာယူတင်သွင်း ခြင်း မရှိကြောင်း၊ ထိုနှစ်များမှစ၍ ပြည်တွင်းကြက်သွန်နီ တိုးချဲ့စိုက် ပျိုးရာမှ ၁၉၈၈ - ၁၉၈၉ ဘဏ္ဍာနှစ် နောက်ပိုင်းမှစ၍ ပြည်တွင်းကြက် သွန်နီများကို ပြည်ပနိုင်ငံများသို့ ကုန်ချိန် အများအပြား တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။
ကြက်သွန်နီသည် နေ့စဉ်စားသုံးနေသော အစားအစာတို့တွင် မပါမပြီး အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ဟင်း လျာများကို အနံ့၊ အရသာ ကောင်းမွန်စေရန်သာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေသည့် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသောသီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီ သည် ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်ပြီး ရေအလွန်လိုအပ်သော သီးနှံ တစ်မျိုးဖြစ်သည်။ မိုးရွာသွန်းမှုကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ရေသွင်း စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းပြီး မြေအစိုဓာတ်ရှိသော မြေ အတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေဝပ်မြေတွင် စိုက်ပျိုးပါက သီးနှံဖြစ်ထွန်းမှုမရှိဘဲ ရာသီဥတု အပူအအေး သင့်တင့်မျှတသော ဒေသများတွင် စိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်သော သီးနှံဖြစ် သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အတွင်းရှိ ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်း ကျေးရွာ များရှိ ဒေသခံတောင်သူများသည်မြေအောက်ရေနှင့် နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် စီးဆင်းလျက်ရှိသော ယောချောင်း၊ ကျောချောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ကို အမှီပြု၍ ရာသီအလိုက် ဆန်စပါး၊ ကြက်သွန်နီ၊ အာလူး၊ ဆေးရွက်ကြီး၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ပဲ မျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို စိုက်ပျိုးကြသည်။ စိုက်ပျိုးသီးနှံများထဲမှ ကြက်သွန်နီသီးနှံကို စိုက်ဧက ၂၀ဝ၀ဝ ဝန်းကျင်ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။ စိုက်ပျိုးရာတွင် မိုးစိုက်၊ ဥစိုက်၊ ဆောင်းစိုက်၊ ပင်စိုက် အပြင် မျိုးဥမှ မျိုးစေ့ယူ စိုက်ပျိုးခြင်းကိုလည်း ဒေသစီးပွားဖြစ် စိုက် ပျိုးကြသည်။ စိုက်ပျိုးပြီး သုံးလသား ရက်ပေါင်း ၉၀ အကြာတွင် တူးဖော်ကြပြီး ထွက်ရှိသော ကြက်သွန်နီများကို ပြည်တွင်းစားသုံးမှု ပိုလျှံ၍ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ များသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိသည်။ ကြက်သွန်နီသီးနှံသည် ကုန်ကျ စရိတ်များသော်လည်း ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်၍ ဈေးကောင်း ရရှိသည့် နှစ်များတွင် အခြားသီးနှံများထက် အကျိုးအမြတ်များစွာ ရရှိသော သီးနှံဖြစ်၍ နှစ်စဉ်မပြတ် စိုက်ပျိုးကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ် တွင် ကြက်သွန်နီသီးနှံကို ရေမြေရာသီဥတုနှင့် ကိုက်ညီ၍ တစ်နယ် လုံးနီးပါး ဒေသစီးပွားဖြစ် အဓိကအားထား စိုက်ပျိုးကြသည်။ စိုက်ပျိုး တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီသီးနှံ ကို မြို့နယ်အတွင်း၌ ကြက်သွန်နီရောင်းဝယ်ရေး ကုန်စည်ဒိုင် ဖွင့်လှစ်ထားရှိခြင်းကြောင့် အခြားမြို့နယ်များသို့ သွားရောက် ရောင်း ချရန်မလိုဘဲ မိမိမြို့ဒေသတွင်းသာ အရောင်းအဝယ် ပြုလုပ်ရခြင်း ဖြစ်၍ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အဓိက အားထားစိုက်ပျိုး လျက်ရှိကြောင်း သိရ သည်။ ဒေသတွင်းသာမက ပြည်ပနိုင်ငံများသို့ ဝယ်လက်များမှတစ်ဆင့် တိုက်ရိုက်ဖြန့်ဖြူးလျက်ရှိ၍ စိုက်တောင်သူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီသီးနှံကို ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်း ကျွန်းမြေများ၊ ယောချောင်း၊ ချစ်ချောင်း၊ ဆူးလေကုန်းချောင်း နံဘေး ရှိ သဲနုန်းမြေများ အပါအဝင် စပါးခင်းကျွတ် လယ်ကွဲမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။ မိုးကြက်သွန်နီနှင့် ဆောင်းကြက်သွန်နီ နှစ်မျိုးကို တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးပြီး ပင်စိုက်(ဆောင်း)ကြက် သွန်နီကို အဓိကစီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုးကြောင်း၊ (မိုး)ကြက်သွန်နီကို စိုက်ပျိုးချိန်တွင် အစိုဓာတ်များစွာရရှိ၍ ကြာရှည် သိုလှောင်၍ မရခြင်းကြောင့် အနည်းငယ်သာ စိုက်ပျိုးကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၆၂၀၄ဧက၊ ၂၀၂၃ ခုနှစ်တွင်၆၂၅၃ဧက၊ ၂၀၂၄ ခုနှစ်တွင် ၆၉၀ဝ ဧက၊ ၂၀၂၅ ခုနှစ်တွင် ၇၀၅၀ ဧကခန့် စိုက်ပျိုးကြောင်း၊ ကြက်သွန်နီသီးနှံသည် ပြည်ပပို့ကုန် သီးနှံဖြစ်၍ ယခင်သုံးနှစ်ဆက်တိုက် အကျိုးအမြတ်များစွာ ရရှိခဲ့ခြင်း ကြောင့် ဒေသခံစိုက်တောင်သူများမှ နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။
ကြက်သွန်နီကို မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးပြီး (မိုး)ကြက် သွန်နီကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလတွင် ရိတ်သိမ်းသည်။ (ဆောင်း) ကြက်သွန်နီကို ဒီဇင်ဘာ လတွင် စိုက်ပျိုး၍ မတ်၊ ဧပြီလတွင် ရိတ်သိမ်းသည်။ အရည်အသွေး ကောင်းပြီး အထားခံသော ရွှေဖလား ထိပ်မောက် ကြက်သွန်နီမျိုးကို အများဆုံး စိုက်ပျိုးကြပြီး မျိုးစေ့မှတစ်ဆင့် ပျိုးထောင်ပြီး ပျိုးပင်များ ကို စိုက်ပြီးရရှိသော ကြက်သွန်နီမှာ သီးနှံပေါ်ချိန်မှ (၇၊ ၈)လခန့် အထားခံသဖြင့် နောက်လာမည့် ရာသီပေါ်ချိန်ထိ သိုလှောင်ထား နိုင်သဖြင့် စိုက်ဧကအများဆုံး ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။
၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ကြက်သွန်နီစိုက်ပျိုးချိန်တွင် ရာသီ ဥတုဖောက်ပြန်ခြင်းကြောင့် ကြက်သွန်နီအထွက်နှုန်း ကျဆင်းခဲ့ပြီး တစ်ဧက ပျမ်းမျှပိဿာ ၃၅၀ဝ-၄၀ဝ၀ ခန့်သာ ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်မှာ တစ်ဧက ကျပ် ၄၀-၄၅ သိန်းခန့် ကုန်ကျကြောင်း၊ ကြက်သွန်နီ တစ်ပိဿာ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်၁၃၀ဝခန့် ကုန်ကျကြောင်း၊ (နွေ)ကြက်သွန်နီ တူးဖော်ချိန်တွင် မိုးများစွာ ရွာ သွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်၍ စိုက်ခင်းအချို့ ရေဝင်ခြင်း ကြောင့် စိုက်ပျိုးမှု၏ ၁၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
ယခုနှစ်တွင် တစ်မြို့နယ်လုံး ကြက်သွန်နီ အထွက်နှုန်းပိဿာ သိန်း၂၈၀ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံသို့ ကုန် ချိန်အများဆုံးတင် ပို့လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် အခြားမြို့များသို့လည်း တင်ပို့လျက်ရှိသည်။ ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ဝယ်လက်များမှတစ်ဆင့် တင်ပို့ လျက်ရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကြက်သွန်နီ တစ်ပိဿာ ကျပ်၃၀ဝ၀-၂၅၀ဝ-၂၀ဝ၀ ဝန်းကျင်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ စိုက် တောင်သူများ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် (မိုး) ကြက်သွန်နီ တူးဖော်ချိန်တွင် ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းတွင် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဈေး ကျပ် ၂၅၀ဝ မှ အနိမ့်ဈေး ကျပ် ၁၅၀ဝ ဖြင့် ရောင်းချခဲ့ရ၍ (မိုး)ကြက်သွန်နီ စိုက် တောင်သူများ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ (ဆောင်း)ကြက်သွန်နီ ပင်စိုက်တူးဖော်ချိန် မတ်လကုန် ဧပြီလဆန်းတွင် ကြက် သွန်နီ တစ်ပိဿာ ကျပ်၁၆၅၀-၁၀ဝ၀၊ မေလတွင် ကြက်သွန်နီ တစ်ပိဿာ အမြင့်ဈေးကျပ်၁၄၀ဝ-၉၀ဝ၊ ဇွန်လတွင် ကြက်သွန်နီ တစ်ပိဿာ ကျပ်၁၂၅၀-၇၀ဝ၊ ဇူလိုင်လ အစောပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာ ကျပ်၁၂၀ဝ-၁၀ဝ၀-၇၀ဝ ဈေးအသီးသီးဖြင့် ဒေသတွင်း ကုန်စည်ဒိုင်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့၍ ကြက်သွန်နီဈေး တရိပ်ရိပ် ကျဆင်းလာခဲ့သည်။
ဈေးကွက်အနေဖြင့် ဇူလိုင်(စတုတ္ထ)ပတ်တွင် ကြက်သွန်နီ ဈေး တန်း ပြန်လည်မြင့်တက်လာပြီး ပွဲစားများမှ ကျေးရွာများထိ ဆင်းပြီး အရည်အသွေး ကောင်း သော ကြက်သွန်နီများကို တစ်ပိဿာလျှင် ကျပ်၁၂၀ဝဈေးဖြင့် ဝယ်ယူနေကြောင်း၊ တောင်သူများလက်ထဲတွင် ကြက်သွန်နီများ ရှိနေသော်လည်း ဈေးကွက် ကျဆင်းခြင်းကြောင့် ရောင်းချမှုနည်းပြီး ကုန်စည်ဒိုင်ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်း ကြောင်း သိရှိရသည်။ ယခုကာလတွင် သိုလှောင်ထားရှိသော ကြက် သွန်နီ လက်ကျန်လျော့နည်းလာပြီး ကြက်သွန်နီရာသီကုန်ချိန် နီး လာခြင်းကြောင့် ကြက်သွန်အချို့ အရည်အသွေး ကျဆင်းလာပြီး အလေအလွင့်များ၍ အလျော့များလာပြီဖြစ်သည်။ ကြက်သွန်နီ တူး ဖော်ပြီး ယခုကာလအထိ သိုလှောင်ချိန် လေးလခန့်ပြီဖြစ်၍ ကုန်ချိန် ပိဿာ၏ ၃၀ ရာခိုင်နှုန်းခန့် လျော့နည်း၍ အလေအလွင့် ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်သဖြင့် တောင်သူများအနေဖြင့် ကြက်သွန်နီ တစ် ပိဿာလျှင် ကျပ် ၂၅၀ဝ ခန့် ဈေးဖြင့် ရောင်းချမှသာ အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ကြက်သွန်နီကို ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံခန့် စိုက် ပျိုးထားရှိပြီး တန်ချိန် သန်းပေါင်း၂၈သန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း အစီရင်ခံစာများအရ သိရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကြက်သွန်နီ ကို အကြီးအကျယ်စိုက်ပျိုးကြပြီး စိုက်ပျိုးရေးအဆင့်မြင့် နည်းပညာ များ သုံးစွဲနိုင်ခြင်းကြောင့် အရည်အသွေးကောင်း ကြက်သွန်နီများ ထုတ်လုပ်နိုင်၍ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ကျယ်ကျယ် ပြန့်ပြန့် နေရာယူနိုင်ပြီး မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ကြက်သွန်နီ ရောင်းဝယ်ရေးလုပ်ငန်းမှာ နိုင်ငံ့စီးပွားရေး ကို များစွာ အထောက်အကူပြုလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို စိုက်ဧက၁၇ သိန်းခန့် စိုက်ပျိုး ထားရှိပြီး တန်ချိန်တစ် သန်းဝန်းကျင်ခန့် ထွက်ရှိကြောင်း၊ ပြည်တွင်း စားသုံးမှုထက် များစွာပိုလျှံ၍ ပြည်ပနိုင်ငံများသို့ ကုန်ချိန်များစွာ တင်ပို့လျက်ရှိပြီး ပြည်ပဝယ်လက်ရှိမှသာ ဈေးကွက်ကောင်း၍ တောင်သူများ ကြက်သွန်နီ ဈေးကောင်းရရှိပြီး အဆင်ပြေကြောင်း၊ ကြက်သွန်နီသီးနှံသည် လက်ရှိအခြေအနေတွင် ပြည်ပ ဝယ်လက် နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ကြက်သွန်နီစိုက် တောင်သူများမှာ ယခင်သုံးနှစ်ဆက်တိုက် ပြည်ပဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိပြီး အကျိုး အမြတ်များ စွာ ရရှိခဲ့သော်လည်း ယခုနှစ်(ဆောင်း)ကြက်သွန်နီ တူးဖော်ချိန်မှစ၍ ယခု အချိန်ထိ ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်နေခြင်း ကြောင့် စိုက်ပျိုးရေးပညာရှင်များ၊ မြန်မာနိုင်ငံ ကြက်သွန်နီ စားဖို ဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူး ပေါင်း၍ အရည်အသွေးကောင်း ကြက်သွန်နီများ ထုတ်လုပ်နိုင်ရေး ပြည်ပဈေးကွက် ပိုမိုတင်ပို့နိုင်ရေး၊ ပြည်ပဝယ်လက် ပုံမှန်ရှိနေစေ ရေးအတွက် လိုအပ်သည့် ကူညီချိတ်ဆက်မှုများ ဆောင်ရွက်ပေးခြင်း ဖြင့် စိုက်တောင်သူများမှ (ဆောင်း)စိုက် ကြက်သွန်နီ ကုန်ဆုံးရာသီ ချိန် မရောက်မီ ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ရေးသား လိုက်ရပါသည်။
မြင့်မြင့်သန်း (ပခုက္ကူ)