လူတို့၏ နေထိုင်မှုစနစ်တွင် စား၊ ဝတ်၊ နေရေးဟူ၍ အရေး သုံးပါးရှိသည့်အနက် အဝတ်သည် ဒုတိယအရေးကြီးဆုံးဖြစ် သည်။
]]လူမှာအဝတ်၊ တောင်းမှာအကွပ်}}ဆိုသည့် မြန်မာစကားပုံ တွင် လူတို့တွင် အဝတ်၏ အရေးပါပုံကို ဆိုညွှန်းထားပါသည်။ ဝါသည် ကမ္ဘာ့အရေးအကြီးဆုံး လယ်ယာထွက်ကုန်များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံများစွာ၏ စီးပွားရေးကို သိသိသာသာအထောက် အကူပြုသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝါသည် သန်း နှင့်ချီသော လူများအတွက် အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သည်။ အိန္ဒိယ၊ တရုတ်၊ အမေရိကန်နှင့် အာဖရိကနိုင်ငံများ စွာတို့ကဲ့သို့ နိုင်ငံများတွင် ဝါဂွမ်းသည် အဓိကပို့ကုန်တစ်ခုဖြစ်ပြီး ကြီးမား သော ဝင်ငွေကို ရရှိစေသည်။ အိန္ဒိယတွင် ဝါဂွမ်းလုပ်ငန်းသည် လယ်သမား ခြောက်သန်းကျော်နှင့် ဆက်စပ်နေသောကြောင့် စက်မှုလုပ်ငန်းများတွင် လူသန်းပေါင်းများစွာကို အလုပ်အကိုင် များ ပံ့ပိုးပေးလျက်ရှိသည်။
ဝါစိုက်ပျိုးခြင်း
မြန်မာနိုင်ငံတွင် ဝါသီးနှံသည် အဓိကသီးနှံ ၁၀ မျိုးတွင် ပါဝင်ပြီး မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက် ပျိုးနိုင်ပြီး မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း မိုးနှောင်းရာသီတွင် ဇူလိုင်လလယ်မှ သြဂုတ်လအတွင်း စိုက်ပျိုးလေ့ရှိသည်။ မြန်မာ နိုင်ငံတွင် ဝါကို ပျူခေတ်ကတည်းက စိုက်ပျိုးနေပြီဖြစ်ပြီး ဝါဂွမ်းမှ အဝတ်အထည်များ ရက်လုပ်သုံးစွဲနေပြီဖြစ်ကြောင်း လေ့လာသိရှိ ရသည်။ မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် ချည်မျှင်တို ဝါမျိုးကို စိုက်ပျိုးခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ချည်မျှင် ရှည်ဝါကို ကျယ်ကျယ်ပြန့်ပြန့် စတင်စိုက်ပျိုးခဲ့သည်။ ဝါသည် အပူပိုင်းဒေသတွင် ဖြစ်ထွန်းသော သီးနှံဖြစ်၍ မြန်မာနိုင်ငံတွင် မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဖြစ် ထွန်းပြီး ယင်းဒေသများသည် ဝါအများဆုံး ထုတ်လုပ်သည့် ဒေသများဖြစ်သည်။ ထို့အပြင် နေပြည်တော်၊ ပဲခူး၊ ရှမ်းနှင့် ချင်း ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။
ဝါမှ ထုတ်လုပ်နိုင်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ
ဝါသီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါ စေ့ဆီနှင့် ဆီကြိတ်ဖတ်များ ထုတ်လုပ်နိုင်သည်။ ရင့်မှည့်သော ဝါသီး (ဝါပေါက်)မှ ဝါစေ့နှင့် ဝါဂွမ်းကို ခွဲထုတ်ယူသည်။ ဝါဂွမ်း သည် အဝတ်အထည်၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာနှင့် အခြား အထည်အလိပ်များ အပါအဝင် ထုတ်ကုန်အမျိုးမျိုး ပြုလုပ်ရန် အသုံးပြုသည့် သဘာဝအမျှင်တစ်မျိုးဖြစ်သည်။ တာယာ၊ ဆန်ခါ များနှင့် စက္ကူကဲ့သို့သော စက်မှုထုတ်ကုန်များစွာတွင်လည်း အသုံးပြုသည်။ ဝါဂွမ်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို အဝတ်အထည်များ တွင် အသုံးပြုကြသည်။ အိမ်တွင်းအလှဆင်ပစ္စည်းများတွင် ၁၅ ရာခိုင်နှုန်းကို အသုံးပြုကြပြီး ကျန် ၅ ရာခိုင်နှုန်းမှာ စစ်ထုတ်ခြင်း နှင့် စုပ်ယူခြင်းကဲ့သို့သော အသုံးအဆောင်များအတွက် အများ ဆုံးအသုံးပြုကြသည်။ မိုးပြာရောင် ဂျင်း၊ ကော်ဇောနှင့် ကြမ်းခင်း အထည်များကဲ့သို့ လူအများနှစ်သက်သော အထည်များကို ဝါ ချည်ဖြင့် ပြုလုပ်ထားသည်။
ဝါစေ့တွင် မျိုးစိတ်နှင့် အရည်အသွေးပေါ်မူတည်၍ အဆီ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်သည်။ အဆီတွင် မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ သန့်စင်ထားသော ဝါစေ့ဆီသည် အရသာရှိပြီး နူးညံ့သော ရွှေရောင်ရှိသည်။ ဝါစေ့ သည် ပရိုတင်းဓာတြွ်ကယ်ဝပြီး တိရစ္ဆာန်အစာအတွက် အသုံးပြု သည်။ ဝါစေ့ကို ပြန်လည်စိုက်ပျိုးရန် မျိုးအဖြစ်လည်းကောင်း၊ ဆီကြိတ်၍ စားသုံးဆီအဖြစ် လည်းကောင်း၊ ဆပ်ပြာ၊ ဖယောင်း တိုင်၊ အလှကုန်များကဲ့သို့သော ဆီအခြေခံ ထုတ်ကုန်များစွာပြုလုပ် ရန် စက်မှုကုန်ကြမ်းသုံးဆီအဖြစ်လည်းကောင်း၊ ဝါစေ့ဆီ ကြိတ် ဖတ်ကို တိရစ္ဆာန်အစာအဖြစ်လည်းကောင်း အသုံးပြုကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဝါတန်ဖိုးမြှင့်ထုတ်ကုန်များ
မကွေးတိုင်းဒေသကြီးအတွင်းတွင် ဝါတန်ဖိုးမြှင့် ထုတ်ကုန် များအနေဖြင့် စီးပွားဖြစ် ထုတ်လုပ်နိုင်မှုမရှိသော်လည်း ဝါသီးနှံမှ ဝါဂွမ်းဖတ်အဖြစ် ထုတ်လုပ်ပြီး ထွက်ရှိသည့် ဝါဂွမ်းဖတ်များကို မန္တလေးချည်မျှင်စက်ရုံ၊ ပလိပ်ချည်မျှင်စက်ရုံ၊ မိတ္ထီလာချည်မျှင် နှင့် အထည်စက်ရုံများသို့ ရောင်းချလျက်ရှိသည်။ အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်နှင့် ပခုက္ကူမြို့နယ်များရှိ ဝါကြိတ်စက်ရုံများမှ စက်ရုံတစ်ရုံလျှင် တစ်နှစ်ပျမ်းမျှ ဝါပိဿာ ချိန် ရှစ်သိန်းမှ ၁၀ သိန်းအထိ ကြိတ်ခွဲနိုင်ပြီး ဝါသုံးပိဿာ ကြိတ် လျှင် ဝါဂွမ်းဖတ် တစ်ပိဿာထွက်ရှိကြောင်းလည်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ဧကများနှင့်အထွက်နှုန်းနှိုင်းယှဉ်ချက်
မကွေးတိုင်းဒေသကြီးအတွင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်၊ ချည်မျှင်ရှည်ဝါစိုက်ဧက ၂၄၁၁၅၃ ဧက စိုက်ပျိုးနိုင်ခဲ့၍ ရိတ်သိမ်းနိုင်မှုအနေဖြင့် ဧက၂၄၁၁၃၀ ရိတ်သိမ်းနိုင်ခဲ့ပြီး အထွက် နှုန်းအနေဖြင့် ၁၃၃၃၄၄၂၂၂ ပိဿာ ထွက်ရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၁၁၃၂၃၅၁၈၂ ပိဿာထွက်ရှိခဲ့၍ ယခင် နှစ် အထွက်နှုန်းနှင့်နှိုင်းယှဉ်ပါက ပိဿာ၂၀၁၀၉၀၄၀ အထွက် တိုးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်း
ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဝါသီးနှံအထွက်တိုးရေးကို ဆောင်ရွက်လျက်ရှိပြီး အရည်အသွေး မြင့်မားသည့် ချည်ထည်များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင် ရွက်နေသည်။ ဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါ များ တိုးတက်စိုက်ပျိုးထုတ်လုပ်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့် အထည် စက်ရုံများအတွက် အရည်အသွေးကောင်းဝါများ စိုက်ပျိုးထုတ် လုပ်ပြီး ပြည်ပမှ ဝါဂွမ်းနှင့် ချည်များတင်သွင်းမှုကို လျှော့ချရန်၊ ဝါသီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများ နှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှု မြင့်မားစေရန် ရည်ရွယ် ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်း ကာလကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေဒေသတို့ကို စီမံကိန်းဒေသများ အဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြိုကာလ၊ မိုးကာလနှင့် မိုးနှောင်းကာလ ဝါစိုက်ပျိုးရာသီများတွင် စီမံကိန်းဒေသများ ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ ဝါသီးနှံ စိုက်ပျိုးရေးဇုန် ၁၉ ခုတွင် ဝါစိုက် ဧက ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ဝါသီးနှံကို နှစ်စဉ် တိုးမြှင့်စိုက်ပျိုးလျက်ရှိပြီး စီမံကိန်း ကာလ ပြည့်မြောက်ပြီးနောက် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံ စိုက်ပျိုးဧရိယာကို ဧက ၇၄၇၀ဝ၀ အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧက ဝါအထွက်နှုန်း ပိဿာချိန် ၇၀ဝ ထွက်ရှိရေးအတွက် ဝါသီးနှံ စိုက်ပျိုးရေးဇုန်အလိုက် တာဝန်ခံများ ခန့်ထားတာဝန် ပေးအပ်ပြီး အထွက်တိုးရေး ဆောင်ရွက်လျက်ရှိကြောင်း လေ့လာ သိရှိရသည်။
ဝါသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး အတွက် အဓိကကျသည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့် ပတ်သက်ပြီး တွေ့ ကြုံရနိုင်သည့် အခက်အခဲများ၊ အဟန့်အတားများအတွက် သမဝါယမစနစ်ကို အခြေခံ၍ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင် များ၊ ဝါစိုက်တောင်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရမှလည်း ပြည်ပသွင်းကုန်များ လျှော့ချနိုင် ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလယ်ယာထွက် ကုန်သီးနှံများ ပိုမိုထုတ်လုပ်မှုမြင့်မားလာရေးအတွက် ဝါသီးနှံမှာ လည်း အဓိကပါဝင်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ ဝါစိုက်ပျိုးထုတ် လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်းအားစုများအတွက် ကွင်းဆင်းဆောင်ရွက် ပံ့ပိုးပေးသည့် အပြင် ထွက်ရှိသောဝါသီးနှံများကို ထုတ်လုပ်သူ၊ ဝါလုပ်ငန်းရှင် (ဝါကြိတ်စက်ပိုင်ရှင်) အား အရည်အသွေးမီ ဝါဂွမ်းဖတ်ထုတ်လုပ် နိုင်ရေး အားပေးကူညီဆောင်ရွက်လျက်ရှိသည့်အတွက် ဝါစိုက် ပျိုးထုတ်လုပ်မှု၏ နောက်ဆက်တွဲတွင် ဝါကြိတ်စက်များ၊ ချည်မျှင် နှင့် အထည်စက်များ၊ အထည်ချုပ်လုပ်ငန်းများကိုလည်း တိုးတက် မြင့်မားလာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဝါကြိတ်ခွဲစက်များမှ ဂွမ်းနှင့် ဝါစေ့တို့ထွက်ရှိလာပြီး ဝါစေ့မှ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစာ ဝါ ကြိတ်ဖတ်တို့ ထုတ်လုပ်နိုင်ရာ ဝါစိုက်ပျိုးမှုနှင့်ဆက်စပ်၍ အသေး စား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းMSMEများစွာတို့ ဖြစ်ထွန်းနိုင်ခြင်းကြောင့် အောင်အောင်မြင်မြင် ရေ ရှည်တည်တံ့ ရှင်သန်နိုင်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ် သည်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSME လုပ်ငန်းများ များပြားလာပါက နိုင်ငံတွင်းမှသည် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ် သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်က ရည်မှန်းဆောင်ရွက်နေသည့် ဝါစိုက်ပျိုးဧကများ နှစ်စဉ် ပိုမို စိုက်ပျိုးထွက်ရှိရေး၊ ဝါကြိတ်စက် များ၊ ချည်မျှင်နှင့် အထည်စက်များ ဖွံ့ဖြိုးရေး၊ အထည်ချုပ်လုပ် ငန်းများ ဖွံ့ဖြိုးရေးတို့အတွက် ဌာနတာဝန်ရှိသူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များအားလုံးက ကျရာကဏ္ဍမှ တာဝန်ယူ၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
စန္ဒာစိုးလွင် (မကွေး)