၀ါးပင်သည် မြန်မာလူမျိုးတို့အသုံးများသော အပင်တစ်မျိုးဖြစ် သည်။ မြန်မာနိုင်ငံ နေရာအနှံ့ အပြားတွင် ပေါက်ရောက်လေ့ရှိသည်။မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများ ဆုံးနိုင်ငံဟု သိရသည်။
ဝါးကို ရှေးယခင်ကတည်းက ယနေ့အချိန်အထိ အသုံးပြုနေ ကြဆဲဖြစ်သည်။ ဝါးကို လူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ် လည်း ကောင်း၊ အိမ်ဆောက်ပစ္စည်းများအဖြစ် လည်းကောင်း၊ ဝါးလက်မှု ထုတ်ကုန်များအဖြစ် လည်းကောင်း ပြုလုပ်အသုံးပြုနေကြသည်။ကမ္ဘာပေါ်တွင် ဝါးပင်သည် အရေးပါသော အပင်တစ်မျိုးဖြစ်သည်။ထို့ကြောင့်ဝါးပင် သည် အဓိက စိုက်ပျိုးသင့်သော အပင်တစ်မျိုးပင် ဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးသင့်သောဝါး
ဝါးကို ယခုအခါ စနစ်တကျစိုက်ပျိုးလာကြသည်။ ဝါးစိုက်ပျိုး ရာတွင် မျိုးပွားစိုက်ပျိုးနည်းနှင့် အစေ့မှလည်း မျိုးပွားယူကြသည်ဟု သိရသည်။ စီးပွားဖြစ် ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးပင်ကြိုက်နှစ်သက် သော မြေ၊ရာသီဥတုအပြင် သင့်လျော်သော ဝါးမျိုးစိတ်ကို ရွေးချယ် စိုက်ပျိုးရန်လိုအပ်သည်။ ဝါးစိုက်ပျိုးမည့်မြေကို ရွေးချယ်မည်ဆို
ပါက လမ်းပန်းဆက်သွယ်ရေးကောင်းသည့် မြေနေရာမျိုးကို ရွေး ချယ်ရန်လိုအပ်သည်။ ဝါးထုတ်ကုန်များ ထုတ်လုပ်သည့် နေရာနှင့် နီး သော နေရာမျိုးကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ ထိုအခါ သယ်ယူစရိတ် သက်သာမည်ဖြစ်သည်။ အများအားဖြင့် အမြစ်ဆုံမှ ပျိုးပွား စိုက်ပျိုးနည်းနှင့်အဆစ်မှ မျိုးပွားစိုက်ပျိုးနည်းဟူ၍ နှစ်မျိုး ရှိသည်။
ဝါးကို စီးပွားဖြစ် သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့် တစ်ပင် ၁၀ ပေခြား စိုက်ပျိုးကြသည်။ ဝါးပင်သည် တဖြည်းဖြည်း အုံလိုက်ကျင်းလိုက် ပြန့်ပွားလာသောကြောင့်ဖြစ်သည်။ မျှစ်ဝါး ဆိုလျှင် ဝါးတစ်ရုံတွင် အပင်ခြောက်ပင်ခန့်သာ ထားရပါမည်။ အစေ့ ကို ပျိုးစိုက်မည်ဆိုပါက ခုနစ်နှစ်ခန့်ကြာသည်ဟု သိရသည်။ ဝါးပင် သည် အလေ့ကျပေါက်ရောက်မှုရှိသလို စနစ်တကျ စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။
ဝါးလက်မှုပစ္စည်းများနှင့် အခြေခံစီးပွားရေး ဝါးထုတ်ကုန်ကဏ္ဍ
ဝါးကိုစီးပွားဖြစ်စိုက်ပျိုးပါက ဝါးတစ်လုံးလျှင် ကျပ် ၂၀ဝ၀ မှ ၃၀ဝ၀ ခန့်အထိ ဈေးရရှိသည်။ ဝါးရုံတစ်ရုံတွင်ခန့်မှန်းဝါး အလုံးရေ ၄၀-၅၀ ခန့်ရှိကြသည်။ ထိုဝါးရုံမှ ဝါးများအနက် ရောင်းတန်းဝင် ဝါး များကို ခုတ်ယူနိုင်သည်။ဝါးတစ်ဧကတွင်ဝါးရုံ ၄၂၀ ခန့် ဝင်ဆံ့သည်။ ဝါးရုံတစ်ရုံတွင် ပျမ်းမျှ ဝါးငါးလုံးခန့်ခုတ်ယူနိုင်လျှင် ဝါးရုံ ၄၂၀ အတွက်ဆိုပါက ဝါးအလုံးရေ ၂၁၀ဝ ခန့်ရမည်ဖြစ်သည်။ ဝါးအလုံး ရေ ၂၁၀ဝ ကို တစ်လုံးလျှင်ကျပ် ၃၀ဝ၀ နှင့်ဆိုပါက ကျပ် ၆၃ သိန်း ခန့် ရရှိမည်ဖြစ်ပြီး အလုံးလိုက်ရောင်းချရငွေ ဖြစ်သည်။
ဝါးဖြင့် ပြုလုပ်သော ပုတ်နှင့် တောင်းများကို ယခုအခါ မြန်မာ လူမျိုးတို့က ဘိလပ်မြေနှင့် လိမ်းကျံ၍ အချောကိုင်ကာ ရေကန် သဖွယ်ပြုလုပ်၍ အသုံးပြုကြသဖြင့် ကျေးလက်ဒေသများအနေဖြင့် သော်လည်းကောင်း၊ မြို့ပြများအနေဖြင့်သော်လည်းကောင်း ရေ တွင်းရေကန်အတွက် နေရာမပေးရတော့ပေ။ ထို့ပြင် ကျန်းမာရေး နှင့်ညီညွတ်သော ရေကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ရေထည့်အသုံးပြု သည့် ပလတ်စတစ်ပုံးများကို အစားထိုးအသုံးပြုနိုင်သဖြင့် ဝါးလက် မှုထုတ်ကုန်၏ အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ဝါးထုတ်ကုန်ကဏ္ဍကို မြှင့်တင်ပေးရန်လိုအပ်သည်။ မြန်မာ့ ပုသိမ်ထီးနှင့် မြန်မာ့ယွန်းထည်ဆိုလျှင် ကမ္ဘာသိ မြန်မာ့ဝါးလက်မှု အနုပညာ ယဉ်ကျေးမှုပင်ဖြစ်သည်။
ဝါးအသုံးဝင်ပုံ အမျိုးမျိုး
လူတို့သည် ဝါးကိုအမျိုးမျိုး ပြုလုပ်အသုံးပြုကြသည်။ သစ်ဝါး များကို ဖောင်ဖွဲ့၍ တစ်နေရာမှတစ်နေရာသို့ အလုံးလိုက် သယ်ယူ ကြ သည်။ ဝါးကိုနေအိမ်များ၌ ဝါးလှေကား၊ ရေတံလျှောက်၊ ရေပိုက်၊ ခြံစည်းရိုး၊ ငါးမျှားတံ၊ ထမ်းပိုး၊ တံမြက်စည်းရိုး၊ ထီးရိုးစသည်ဖြင့် အသုံးပြုကြသည်။
ထို့ပြင် ဝါးဖြင့်ပြုလုပ်သော လက်မှုပစ္စည်းအမျိုးမျိုးရှိသည်။ ယင်းတို့မှာ ဝါးကျည်တောက်၊ ဝင်ရိုး၊ ကလေးကစားစရာအရုပ်များဖြစ် သည့် ဝါးသေနတ်၊ ဓား၊ ဝါးပလွေ၊ ဝါးလက်ခုပ်၊ အိမ်တွင်းအလှဆင် ရာတွင် အသုံးပြုသည့် ဝါးလက်မှုပစ္စည်း အမျိုးမျိုး၊ သစ်စေးကိုင် ထားသော ဝါးတောင်းများ၊ ရေပုံးများ၊ ဓားရိုး၊ လှံရိုး၊ လေးမြား၊ နှီး၊ ဖျာ၊ ယင်း၊ ပလိုင်း၊ ခြင်းတောင်းအမျိုးမျိုး၊ ဝါးဖြင့်ပြုလုပ်ထားသော နှီးကျောဖျာ၊ ဝါးကုလားထိုင်များ၊ ဝါးအိပ်စင်များ၊ ဝါးဖြင့်ပြုလုပ်ထား သည့် အစားအသောက်ထည့်စရာခွက်အမျိုးမျိုး၊ ဆန်ကော၊ ဆန်ခါ များ၊ ဝါးခမောက်အမျိုးမျိုး၊ စပါးထည့်သည့် ဝါးပုတ်အမျိုးမျိုး၊ ဝါး သွားကြားထိုးတံ၊ ဝါးတူ စသည်တို့ဖြစ်သည်။ ထို့ပြင် တချို့က ဝါး လက်မှုပစ္စည်းများဖြင့် အိမ်ခန်းကို အလှဆင်ထားကြသည်။တချို့ ဟိုတယ်များတွင် ဝါးလက်မှုပစ္စည်းဖြင့် အလှဆင်ကြသည်။ ဝါးကို မီးအိမ်ကဲ့သို့ ပြုလုပထားပြီး အထဲတွင် မီးလုံးဖြင့် ထွန်းညှိကာ အလှ ဆင်ထားကြသည်။ သစ်သီးထည့်သည့်ခြင်းအဖြစ်လည်း အသုံးပြု ကြသည်။
ယနေ့အထိ လုပ်ကိုင်နေသော ဝါးလက်မှုပညာတစ်ခုလည်းရှိ သေးသည်။ ယင်းကား ဝါးခမောက်လက်မှုပညာ သို့မဟုတ် ဝါး ခမောက်လုပ်ငန်းပင် ဖြစ်သည်။ ဝါးခမောက်က အရွယ်စုံ၊ ပုံစံစုံရှိ သည်။ ဝါးခမောက်ကို ဝါးပိုးဝါး၏ ဝါးဖတ်၊ နှီးဝါးများနှင့် ပြုလုပ်ရ သည်။ အမျိုးသားဆောင်းနှင့် အမျိုးသမီးဆောင်း နှစ်မျိုးရှိသည်။ ဒီဇိုင်းရှစ်မျိုးခန့်ရှိကြောင်း သိရသည်။
အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ လာအို စသည့် နိုင်ငံများတွင် ဝါးလက်မှုပစ္စည်းများနှင့် ဝါးစားသောက်ကုန်များကို ထုတ်လုပ်လျက်ရှိပြီး တရုတ်နိုင်ငံဆိုလျှင် ဝါးစားသောက်ကုန်မျိုးစုံ၊ ဝါးမျှစ်မှ ဘီယာ၊ အရက်နှင့် ဝါးရွက်မှ သွား တိုက်ဆေး၊ ဆပ်ပြာအပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ် လုပ်ကာ ပြည်ပတင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ပုဂံ၊ ချောင်းသာ၊ ပုသိမ်၊ ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများ၌ ဝါးဦးထုပ်နှင့် ဝါးလက်ကိုင်အိတ်များကို ရောင်းချသည်။ တင်းဝါး၊ ကြသောင်းဝါးနှင့် ဝါးဘိုးဝါးတို့ဖြင့် ပြုလုပ်သောဦးထုပ်မျိုးစုံ၊ ပိုက်ဆံအိတ်မျိုးစုံ၊ ဧည့်ခန်း အသုံးအဆောင်ပစ္စည်း၊ နှီးချောဖျာမျိုးစုံ၊ ဖိနပ်၊ ကုလားထိုင် အပါ အဝင် ပစ္စည်းအမျိုးပေါင်း ၁၀ဝ နီးပါး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဝါးတစ်လုံး၏တန်ဖိုးသည် ထုတ်ကုန်ပေါ်မူတည်ပြီး ပြောင်းလဲ သွားနိုင်သည်။ အဓိကကနည်းပညာဖြစ်သည်။ ဧရာဝတီတိုင်းဒေသ ကြီး မအူပင်မြို့၊ မလတ်တိုကျေးရွာ ငါးမွေးကန်တစ်လျှောက် ဝါးပင် များစိုက်ပျိုးထားပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ နိုင်ငံတကာသို့ တင်ပို့ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ထို့ပြင် ဝါးမှဘောလ်ပင်ထုတ်လုပ်ရန် ပြင်ဆင်နေပြီး ထုတ်လုပ် မည့်စက်လည်းဝယ်ထားဖြစ်ကြောင်း၊ မကြာမီ လည်ပတ်နိုင်အောင် ကြိုးစားနေသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ဝါးသည် အဖိုးတန်သစ်တောထွက် ပစ္စည်းဖြစ်သည်။ လက်မှုပညာကို နည်းပညာနှင့်ပေါင်းစပ်ပြီး တရုတ် နိုင်ငံကဲ့သို့ ဝါးထုတ်ကုန်အမျိုးမျိုးကို ခေတ်မီနည်းပညာအသုံးပြု၍ လည်းကောင်း၊ စက်ကိရိယာများဖြင့် ပေါင်းစပ်၍လည်းကောင်း အသုံးပြုပြီး ဝါးကုန်ကြမ်း၊ ကုန်ချောများကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင် အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ပတင်ပို့ပြီး ပြည်ပဝင်ငွေ ရရှိရေး၊ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်စေရေး၊ နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ဝါးလက်မှုပစ္စည်းများ နေရာရရှိ စေရေးအတွက် ဝါးထုတ်ကုန်များကို ခေတ်မီစနစ်တကျ ထုတ်လုပ်ပြီး ဝါးလက်မှု ပစ္စည်းနှင့် ဝါးလက်မှုပညာကဏ္ဍကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။
ကျော်စွာ (ကျိုက်ပိ)
ကိုးကား -
- လေးစားရမည့် ဝါးပင်တို့၏ သဘာဝနှင့် စီးပွားဖြစ်
ဝါးစိုက်ပျိုးရေး-ဝင်းကျော်ဦး။
- ဝါး - သီရိပျံချီဦးချိန်ဟို။
- အင်တာနက်သတင်းများ။
