သနပ်ခါးကို မြန်မာပြည်အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ၊ ကျောက်စရစ်ကုန်းမြေညံ့၊ ရေရရှိရန် ခက်ခဲသည့် ဒေသများတွင် သဘာဝအလျောက် အလေ့ကျ ရှင်သန်နိုင်စွမ်းရှိသည်။ သနပ်ခါး သည် ဆေဖက်ဝင်အပင်အမျိုးအစားဖြစ်သည်။ ရှေးအစဉ်အဆက် မြန်မာ့မြေပေါက် သဘာဝအရင်းအမြစ်စစ် မြန်မာ့သနပ်ခါးသည် မြန်မာ့လူနေမှုတွင် အလှအပအသုံးအဆောင်ပစ္စည်းသာမက တိုင်း ရင်းဆေးဆိုင်ရာ၊ လူ့အသုံးအဆောင်ဆိုင်ရာတွင် အသုံးဝင်လျက် ရှိရာ ကမ္ဘာ့ဈေးကွက် အထိ ပေါက်ရောက်နိုင်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းတွင် အနှံ့အပြား ပေါက်ရောက်ပြီး ထင်ရှား သောဒေသများမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရှင်မတောင် အနီး တစ်ဝိုက်၊ ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ်နှင့် ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် အနီးတစ်ဝိုက်တို့ တွင် ပေါက်ရောက်သော သနပ်ခါးတို့မှာ ထင်ရှားလှပါသည်။
ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး(OVOP)ဖွံ့ဖြိုးတိုးတက်စေရေး
စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (OVOP) ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးကူညီနိုင်ရန် မြန်မာ့သနပ်ခါး ရေရှည်တည်တံ့စေရေးနှင့် ပြည်တွင်း ၊ ပြည်ပဈေးကွက်မြှင့်တင်ရေး တွက် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းပေးခဲ့သည်။ ကမ္ဘာ့ ဈေးကွက်တွင် နေရာရရှိရေး၊ မြန်မာ့သနပ်ခါး မူပိုင်ခွင့် ရရှိရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်စည်များ ထုတ်လုပ်နိုင်ရေး စသည့် ရည်ရွယ်ချက် များဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် သုံးခုတွင်လည်း သနပ်ခါးအသင်းအဖွဲ့ ၁၆ ဖွဲ့နှင့် အစုအဖွဲ့ ၁၈ ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ သည်။ မြန်မာ့သနပ်ခါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အပူပိုင်း မိုးခေါင်ရပ်ဝန်းဒေသများမှ ကျေးလက်နေတောင်သူများ သနပ်ခါး စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်၍ စီးပွားဖြစ်ထွန်းစေရန်၊ သနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ပေါ်ပေါက်လာစေရန်၊ ဈေးကွက်အခိုင်အမာဖြင့် ရေရှည်တည်တံ့စေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်း သိမ်းတန်ဖိုးထားစေရန်၊ ပြည်ပနိုင်ငံများအထိပါ ဈေးကွက် ထိုး ဖောက်ဝင်ရောက်၍ ပို့ကုန်ဝင်ငွေ တိုးတက်ရရှိစေရန်ရည်ရွယ်သည်။
သနပ်ခါးစိုက်ပျိုးရန် အခြေခံအချက်အလက်များ
ရှေးအခါက သနပ်ခါးကိုစနစ်တကျစိုက်ပျိုးခြင်းမရှိဘဲ အလေ့ ကျပေါက်သောသနပ်ခါးများကို ခုတ်ယူသုံးစွဲခြင်း၊ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးခြင်းတို့သည် အပင်ကောင်းရရန် ၁၅ နှစ်ခန့်စောင့်မှသာ ရရှိ သည်။ ယခုအခါ ခြောက်နှစ်ခန့်ဖြင့် ဈေးကွက်ဝင်သနပ်ခါး ရရှိသော မျိုးကောင်းမျိုးသန့် သနပ်ခါးများကို သနပ်ခါး ခြံဧကများဖြင့် စိုက် ပျိုးလျက်ရှိသည်။
အရာတော်သနပ်ခါး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့နယ်သည် သနပ်ခါး ကို ဒေသထွက်ကုန် တစ်ခုအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိ သည်။ အရာတော်သနပ်ခါးကို ဈေးကွက်အနေဖြင့် ဒေသတွင်းသာ မက မုံရွာ၊ မန္တ လေး၊ ရန်ကုန်ထိတင်ပို့ရောင်းချကြသည်။ အရာတော် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတိုင်းတွင် စနစ်တကျစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတစ်ခုလုံး၏ သနပ်ခါး လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု၍ စိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိသည်။ အရာ တော်မြို့နယ်၊ ဝါးရောင်းအုပ်စု၊ ဇီးပင်လယ်ကျေးရွာ သနပ်ခါးခြံမှ မျိုးကောင်းမျိုးသန့်ကို သီးခြားရွေးချယ်ပြီး သီးသန့်ပျိုးထောင်ကာ အပင် ၁၀ဝ ကျော်ခန့်ဖြင့် မျိုးသန့်သီးသန့်ခြံအဖြစ် စတင်ဆောင်ရွက် ခဲ့ပြီး အခြားမြို့ကြီးများကပါ ဝယ်ယူစိုက်ပျိုးလျက်ရှိကြသည်။ သနပ်ခါးအသီး တစ်ပြည်လျှင် ကျပ် ၁၅၀ဝ၀ဝ ခန့်ဈေးရှိသည်။ သနပ်ခါး အရောင်းအဝယ်ကို ခြံပြတ်ရောင်းဝယ်ခြင်း၊ ခြံအတွင်းမှာ ကြိုက်သည့် အပင်ခုတ်စနစ်ဖြင့် ရောင်းဝယ်ခြင်းစနစ်တို့ ဆောင်ရွက် လျက်ရှိပြီး သနပ်ခါးမှာ အရာတော်စိန်မင်းမျိုးဆိုလျှင် မသိသူမရှိ အောင် နာမည်ကြီးလှသည်။
ဈေးနှုန်းဈေးကွက်အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ၂၀၂၅ ခုနှစ် မတ်လ တွင် နိုင်ငံတကာ ယူနက်စကိုမှ အသိအမှတ်ပြု ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါး အရောင်းပြခန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးရက်တာ ကျင်းပဆောင်ရွက်ခဲ့သည်။
ယခုအခါ သနပ်ခါးကို အတုံးတင်မက အမှုန့်အဖြစ်ပြုလုပ်၍ သနပ်ခါးခဲ၊ သနပ်ခါး ူသအငသည၊ သနပ်ခါးရေမွှေး၊ သနပ်ခါး မိတ်ကပ်၊ သနပ်ခါးရနံ့ ရေချိုးဆပ်ပြာရည်၊ သနပ်ခါးရနံ့ အမွှေးတိုင် သနပ်ခါး ပေါင်ဒါ အစရှိသဖြင့် တန်ဖိုးမြှင့်တီထွင်ဖန်တီး ထုတ်လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သနပ်ခါးစစ်စစ် အခဲတစ်ခဲလျှင် ကျပ် ၉၀ဝ၀၊ သနပ်ခါးအမြစ်ခဲ တစ်ခဲ လျှင် ကျပ် ၆၅၀ဝ၊ သနပ်ခါးပေါင်ဒါ တစ်ဘူးလျှင် ကျပ် ၁၉၀ဝ၀၊ သနပ်ခါး ပုတီးတစ်ကုံးလျှင် ကျပ် ၃၅၀ဝ မှ ကျပ် ၁၆၀ဝ၀၊ သနပ်ခါး ဇွန်း၊ ခရင်းတစ်စုံ ကျပ် ၃၀ဝ၀၊ သနပ်ခါးတုံး အသေးအကြီး အပွေး ပေါ်မူတည်၍ အပွေးထူထူ သနပ်ခါးတုံးအကြီး တစ်တုံးလျှင် ကျပ် ကျပ် ၃၀ဝ၀ - ၅၀ဝ၀ တစ်ပင်လျှင် ကျပ် ၁၅၀ဝ၀-၂၀ဝ၀ဝ တို့ဖြင့် ရောင်းချရပြီး အပင်ကိုကြည့်၍ ကြိုက်ဈေးပေးဝယ်ယူခြင်းများလည်း ရှိသည်။
သနပ်ခါးစိုက်ပျိုးသူများအနေဖြင့် လက်ရှိ သနပ်ခါးဈေးကွက် ကျဆင်းနေသဖြင့် သနပ်ခါးခြံများအစား လျှော်ဖြူ၊ သရက်၊ ဒန့် သလွန် စသည့် ဈေးကွက်အရ လွယ်ကူသော ကာလပေါ် သီးနှံများကို ပြောင်းရွှေ့စိုက်ပျိုးလာသည်ကို တွေ့ရသည်။ စိုက်ခြံသမားများအနေ ဖြင့် သနပ်ခါးပွဲစားများကိုသာ ရောင်းချရခြင်းဖြစ်၍ ပွဲစားများ လက် ထဲတွင်သာပေးသည့် ဈေးဖြတ်စနစ်ဖြစ်သည်။ သနပ်ခါးတုံး လက်လီ/လက်ကားဈေးမှာ တစ်တုံးလျှင် ကျပ် ၅၀ဝ မှ ၅၀ဝ၀ အထိ အမျိုးအစားများ ရှိသည်။
ဌာနမှ ချိတ်ဆက်ပံ့ပိုးပေးခဲ့မှု အခြေအနေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာသုံးသူရေးရာဦးစီးဌာနသည် အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ၁၄-၁၁-၂၀၁၄ ရက်တွင် အရာတော်မြို့၌ စတင်ကြီးကြပ်ဖွဲ့စည်းခဲ့ပြီး သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသည့်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် သနပ်ခါးမူပိုင်ခွင့်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ၊ သနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းနှင့် အိန္ဒိယ နိုင်ငံ အင်ဖာမြို့သို့ လေ့လာရေးခရီး သွားရောက်ခြင်းများကို ချိတ် ဆက်ပံ့ပိုးပေးခဲ့သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အရေးပါသော သနပ်ခါးအား တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်မှုအနေဖြင့် မြန်မာ တစ်နိုင်ငံလုံးရှိ သနပ်ခါးအများဆုံးစိုက်ပျိုးရာဒေသ မြို့နယ်များဖြစ် ကြသည့် အရာတော်၊ ရွှေဘို၊ မုံရွာ၊ ကျောက်ကာ၊ မြင်းမူ၊ ကနီ၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက် စသည့်မြို့နယ်များမှ သနပ်ခါး စိုက်ပျိုးထုတ်လုပ် သူများ၊ စစ်တွေ၊ လင်းခေးဒေသများမှ သနပ်ခါး ထုတ်လုပ်သူများ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ သနပ်ခါး ကုမ္ပဏီများပါမကျန် သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အားလုံးပါဝင်သည့် မြန်မာနိုင်ငံ သနပ်ခါးအသင်း တည်ထောင်ခဲ့သည်။ သနပ်ခါးအသင်း ကြီးမှ သနပ်ခါးကို မြတ်နိုးတန်ဖိုးထားလျက်ရှိရာ မြန်မာ့ယဉ်ကျေးမှု ကို ဆက်လက် ထိန်းသိမ်းနိုင်စေရန် သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရေးကို စနစ်တကျ တိုးတက်ဖွံ့ဖြိုးလာစေရန် ပြည်သူများ သနပ်ခါးအစစ် သုံးစွဲနိုင်စေရန်၊ သနပ်ခါး အသုံးပြုမှု ရေရှည်တည်တံ့စေရန်တို့ကို ဆောင်ရွက်လျက်ရှိသည်။
သနပ်ခါးလှပျိုမေပြိုင်ပွဲများ ကျင်းပခြင်း၊ သနပ်ခါးဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တန်ခိုးကြီးဘုရားများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအား လိမ်းရန်အတွက် ဆေးသနပ်ခါး ကျောက် ပျဉ်များ ထားရှိခြင်းနှင့် သနပ်ခါး ဈေးရောင်းပွဲတော်များ ကျင်းပခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးပြု လုပ်ခြင်း၊ ၁၉-၂-၂၀၁၉ ရက်၌ တပို့တွဲလပြည့်နေ့ မြန်မာ့သနပ်ခါးနေ့ အခမ်းအနားကို ပခုက္ကူ၊ မြိုင်၊ ရွှေဘို၊ အရာတော် လေးမြို့နယ် တစ် ပြိုင်တည်း ကျင်းပပြုလုပ်ခြင်း၊ အရာတော်မြို့အဝင်၌ ၁၄-၉-၂၀၁၉ ရက်တွင် ]]သနပ်ခါးမြို့တော် အရာတော်}} ဆိုင်းဘုတ် ဖွင့်လှစ်ခြင်း၊ သနပ်ခါးအလှကုန် ထုတ်လုပ်သည့် နည်းပညာပေး သင်တန်း ပြုလုပ် ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယခုအချိန်ထိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ စီစဉ်သည့် ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများကို လည်း ဝင်ရောက်ပြသရောင်းချ ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် နှစ်စဉ်၊ နှစ်တိုင်း အခါကြီး ရက်ကြီးများတွင် ကျင်းပသည့် ြှနြ ဒေသထွက်ကုန်ပြပွဲ၊ ပြိုင်ပွဲ များတွင် ပြသရောင်းချခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြန်မာ့သနပ်ခါးနေ့ ပေါ်ပေါက်လာပုံ
မြန်မာနိုင်ငံ သနပ်ခါးအသင်းကြီးက ကြီးမှူးကာ ပထမဆုံး အကြိမ်အဖြစ် ၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်နေ့ ၁၉-၂-၂၀၁၉ ရက်တွင် မြန်မာ့သနပ်ခါးနေ့ပွဲတော်ကို အရာတော်၊ ရွှေဘို၊ ရေစကြို နှင့် မြိုင်မြို့နယ်တို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပဆောင်ရွက် ခဲ့သည်။
တပို့တွဲလပြည့်နေ့တွင် ထမနဲပွဲများကျင်းပခဲ့ပြီး တပို့တွဲလပြည့် နေ့ညတွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းကာ၊ သနပ်ခါးအစရှိသော အမွှေးနံ့သာဖြင့် ဘုရားကို မီးပူဇော်ခဲ့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု တစ်ခုပင်ဖြစ်သည်။ ရှေးအစဉ်အဆက်မှ သနပ်ခါးသားဖြင့် မီးပူဇော် ခဲ့သည်ကို အကြောင်း ပြု၍ တပို့တွဲလပြည့်နေ့ကို ]]တပို့တွဲ လပြည့်နေ့ မြန်မာ့သနပ်ခါးနေ့}}ဟူ၍ မြန်မာ့သနပ်ခါးအသင်းကြီးက သတ်မှတ် ပေးခဲ့ကြခြင်း ဖြစ်ပါသည်။
အလုပ်အကိုင် အခွင့်အလမ်းရရှိခြင်း
သနပ်ခါးစိုက်ပျိုးခြင်းမှသည် ရောင်းချသည်အထိ လုပ်သား အင်အားများဖြင့် ဆောင်ရွက်ရပြီး ကုန်ကြမ်းမှ ကုန်ချောတန်ဖိုးမြှင့် ထုတ်ကုန်(Value Added Products)သို့ ထုတ်လုပ်သည့်အခါ လုပ်သားအင်အားများ နေ့စားအလုပ်သမားများငှားရမ်းခ တစ်ရက် လျှင် ကျပ် ၈၀ဝ၀-၁၀ဝ၀ဝ ဖြင့် အလုပ်သမား ၁၀ ဦးခန့် အလုပ် အကိုင် အခွင့်အလမ်းပေးနိုင်ပြီး အချိန်ကာလ ရွေ့လျားမှုများနှင့် အတူ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန် ပိုမိုလိုအပ်လာ သည်။ မိမိတို့ဒေသအတွင်း ပုံမှန်ဝင်ငွေရရှိရေးအတွက် အလုပ် အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှုလျော့နည်းကျဆင်းရေးအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးမှသာ မိသားစုအလိုက် ဝင်ငွေများ တိုးတက် လာမည်ဖြစ်ပြီး မိသားစုတစ်စုလျှင် တစ်ဦးကျ အလုပ်အကိုင် အခွင့် အလမ်းဖန်တီးပေးနိုင်မှသာ မိသားစုများ၏ စားဝတ်နေရေး အခြေ အနေ ပြေလည်စေမည်ဖြစ်သည်။
သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန် ဆောင်ရွက်မှုအခြေအနေ
သနပ်ခါးအရင်းပိုင်းကို အတုံးအတိုင်းရောင်းပြီး အဖျားပိုင်းကို ကြိတ်၍ သနပ်ခါးအခဲ၊ သနပ်ခါးအမှုန့်များထုတ်လုပ်ရောင်းချပါ သည်။ အရာတော်မြို့နှင့် ဝါးရောင်းကျေးရွာ၊ မန်ကျည်းကန် ကျေးရွာ၊ တမာပင်ကျေးရွာတို့တွင် သနပ်ခါးစက်များရှိပါသည်။ ယခင်က မော်လမြိုင်နှင့် ရခိုင်ပြည်နယ်များအထိ တင်ပို့ရောင်းချခဲ့သည်။ ယခုအခါ သနပ်ခါးထုတ်ကုန်အဖြစ် သနပ်ခါးအရည်၊ အမှုန့်၊ ဆပ်ပြာ၊ ခေါင်းအုံး၊ စိတ်ပုတီး၊ သနပ်ခါးပင်ဖြင့် ဆင်းတုတော်၊ အလှပန်းအိုး အမျိုးမျိုး တီထွင်ဆန်းသစ်ထုတ်လုပ်လျက်ရှိသည်။
မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းကို ထိန်းသိမ်းစောင့် ရှောက်သွားရန်၊ မြန်မာ့သနပ်ခါးကို မြတ်နိုးတန်ဖိုးထားမှု ရှင်သန် ဖွံ့ဖြိုးလာစေရန်၊ မြန်မာ့သနပ်ခါးသည် အလှအပအတွက် လိမ်းခြယ် ခြင်းနှင့်အတူ ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေသည်ကို သိရှိလာစေရန်၊ မြန်မာ့သနပ်ခါး၏ ဆေးစွမ်းကောင်းများကို မြန်မာ ပြည်သူတို့ သိရှိလာစေခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူ များ သိရှိတန်ဖိုးထားတတ်စေရန် အသင်းအဖွဲ့များ၏ စွမ်းဆောင် ရည်သည် အရေးကြီးသော အခန်းက ပါဝင်နေသည်။ အသင်းအဖွဲ့ များအနေဖြင့် မိမိဒေသ မိမိတို့ အထူးပြုရာလုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုး တိုးတက်စေလိုသော ပြင်းပြသောဆန္ဒ၊ စေတနာ၊ ဝါသနာ၊ နောက်မျိုး ဆက်အတွက် လမ်းဖွင့်ပေးခဲ့သော အမွေအဖြစ် မှတ်ကျောက်တင် ဆောင်ရွက်သွားမည်၊ အစိုးရကဏ္ဍဘက်ကလည်း အချိတ်အဆက်မိမိ ပူးပေါင်းပံ့ပိုး ဆောင်ရွက်သွားမည်ဆိုပါက မြန်မာ့သနပ်ခါး ကမ္ဘာ့ အဆင့် တက်လှမ်း၍ အောင်မြင်မည်ဖြစ်သည်။
သင်းသင်းအေး (မုံရွာ)
