ယနေ့ခေတ် နေ့စဉ်လူမှုစီးပွားဘဝတွင် နေ့စဉ်နံနက် အိပ်ရာနိုးထချိန်မှ ညအိပ်စက်သည့် အချိန်အထိ နေ့တစ်နေ့၏လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်တိုင်းတွင် မသုံးမဖြစ် လိုအပ် လျက်ရှိသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ဝယ်ယူ အသုံးပြုနေကြရသည်။ အန္တရာယ်ရှိသည့် အစားအသောက်များ၊ လုံခြုံစိတ်ချ ရမှုမရှိသည့် ထုတ်ကုန်ပစ္စည်းများနှင့် တိကျမှန်ကန် မှုမရှိသည့် ဝန်ဆောင်မှုများ စသည့် ဆိုးကျိုးများနှင့် ရောဂါများ ကို ဖြစ်ပေါ်စေသည်။ လူ့သက်တမ်းစေ့ နေထိုင်နိုင်စေရန်နှင့် မျှတသော ပြိုင်ဆိုင်မှုရှိစေရန်အတွက် စားသုံးသူများ၏ အခြေခံ အခွင့်အရေးများကို ဥပဒေဖြင့် ထိရောက်စွာ ကာကွယ်ပေးရန် အလွန်အရေးကြီးလာသည်။
စားသုံးသူအကာအကွယ်ပေးရေး လုပ်ဆောင်ရသည့် ရည် ရွယ်ချက်မှာ စားသုံးသူဘက်၊ ထုတ်လုပ်ရောင်းချသူဘက်၊ မည်သူ့ ကိုမျှ ဘက်မလိုက်ဘဲ စားသုံးသူတို့၏ အခွင့်အရေးများကို ထိ ရောက်စွာ ကာကွယ်ပေးနိုင်သော စနစ်တစ်ရပ် ပေါ်ပေါက်လာစေ ရန်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်မှု မရှိစေနိုင်သော နည်းလမ်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်သည်။ နေ့စဉ်စားသုံးနေရသော အန္တရာယ်ပေးနိုင်သည့် အစားအသောက် များစားသုံး သူပြည်သူများ နေ့စဉ်စားသုံးနေသော စားသုံးဆီများ ၏ စစ်မှန်သန့်စင်မှုကို အာမခံနိုင်မှု မရှိသောဆီများ၊ ဓာတ်မြေ သြဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုထားခြင်းခံရ သော ဟင်းသီးဟင်းရွက်များ၊ ရင့်မှည့်ချိန် မတိုင်ခင်ဆေးတို့ပြီး မှည့်ထားသော သစ်သီးဝလံများ၊ ဆိုးဆေးဆိုးထားသော မျှစ်နှင့် လက်ဖက်များ၊ သန့်ရှင်းမှုမရှိသောအကြော်စုံများ၊ မှိုတက်နေသော ငရုတ်သီးနှင့် ဓာတုဆေးသုံး ဟင်းချိုမှုန့်များ၊ ယမ်းစိမ်း အသုံးပြု ထားသော တာရှည်ခံ သားငါးများ၊ ဆာဖျူရစ်အက်စစ်ပါ အချဉ် နှင့် ဓာတုဆေး ကြာရှည်ခံငရုတ်ဆီများ၊ ဆိုးဆေးနှင့် ဓာတုဆေး သုံး အချိုရည်နှင့် လက်ဖက်ခြောက်များ၊ ကော်ဖီမစ်နှင့် နို့ဆီများ၊ ပွဆေးပါ အီကြာကွေးနှင့် အချိုမှုန့်လွန်ကဲသော မုန့်ဟင်းခါးများ၊ အကြိမ်ကြိမ် ပြန်ကြော်ထားသောဆီနှင့် ချက်ပြုတ်ထားသော အကြော်အလှော်များသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေ သည်။
ထို့ကြောင့် အသင့်စားအစားအစာများနှင့် အလှကုန်များ ကို ဝယ်ယူစားသုံးမည်ဆိုပါက သတိပြုရမည့် အချက်များမှာ ပါဝင် ပစ္စည်းပါ/မပါ၊ ရက်လွန်Date Out ဖြစ်/မဖြစ်၊ FDA ထောက်ခံချက် ပါ/မပါနှင့် ထုတ်လုပ်သည့်နေရာ၊ ဆက်သွယ်ရန် ကုမ္ပဏီ လိပ်စာ၊ ဖုန်းနံပါတ်ပါ/မပါ စစ်ဆေးပြီးမှသာ ဝယ်ယ ကြောင်း စားသုံးသူများ/သုံးစွဲသူများအတွက် အသိပေးလျက်ရှိ သည်။
စီးပွားရေးကျင့်ဝတ်နှင့် မကိုက်ညီသော ကျင့်သုံးမှု
စားသုံးသူ၏ မသိနားမလည်မှုနှင့် အားနည်းမှုအပေါ် အခွင့်အရေးယူပြီး ဆင်တူယိုးမှား ကုန်စည်များ၊ အစစ်နှင့် ခွဲမရ သည့် တုပကုန်စည်များ၊ ရည်ရွယ်ချက်ရှိရှိဖြင့် မိမိနှင့် လုပ်ငန်း တူသော ပြိုင်ဘက်၏ မကောင်း သတင်းလွှင့်ခြင်း၊ လုံခြုံစိတ်ရမှု အာမခံချက် မပေးနိုင်သောကုန်စည်များ ရောင်းချခြင်း၊ စားသုံး သူအားပေးထားသည့် ကတိချိုးဖောက်ခြင်း၊ ကုန်စည်မကောင်း သောအချက်ကို မဖော်ပြခြင်း၊ လိမ်လည်ဖော်ပြခြင်း၊ မဝယ်လို သူအား အတင်းအကျပ်ရောင်းချခြင်း၊ အလွန်အကျူး မက်လုံး ပေးခြင်းနှင့် ချဲ့ကားပြောဆိုဆွဲဆောင်ခြင်း၊ မူရင်းထုတ်လုပ်သူ အမည်၊ အရင်းအမြစ်ကို သေချာမဖော်ပြထားခြင်းနှင့် တစ်စုံ တစ်ခုဖြစ်ပါက မည်သူက တာဝန်ယူမည်ကို မသေချာခြင်း၊ ဗဟုသုတနည်းပါးသူများအပေါ် ဆွဲဆောင်ရောင်းချခြင်းများ ပြုလုပ်လာကြမှုများ ရှိလာကြသည်။
ထိုသို့ ဆောင်ရွက်လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းရှင် များသည် စားသုံးသူများအား ဈေးနှုန်းလျှော့မက်လုံးပေး ဆွဲ ဆောင်သဖြင့် အမှန်တိုင်း ဖြောင့်မှန်စွာ လုပ်ကိုင်သော လုပ်ငန်း များမှာ မယှဉ်ပြိုင်နိုင်သကဲ့သို့ လုပ်ငန်းများ၏ မဖြောင့်မှန်သော လုပ်ရပ်များကြောင့် အမှန်အတိုင်းလုပ်ကိုင်သူများပါ ရောယောင် နာမည်ပျက်နိုင်သဖြင့် ဈေးကွက်တွင်း မျှတသော ယှဉ်ပြိုင်မှုကိုပါ ထိခိုက်စေသည်။
စားသုံးသူများအား မည်သို့ကာကွယ်ပေးမလဲ
မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေး ဥပဒေသည် စားသုံးသူများ၏ အခွင့်အရေးများရရှိစေရန်နှင့် နစ်နာမှုများမှ ကာကွယ်ရန် လိုအပ်သည့် နေရာများကို ဥပဒေဖြင့် ကာကွယ် ထားရုံသာမက မလိုက်နာသူများအား ထိရောက်သော ပြစ်မှုပြစ် ဒဏ်များ၊ တားမြစ် ချက်များဖြင့် အရေးယူနိုင်ရန် သတ်မှတ်ထား သည့်အပြင် တိုင်ကြားနိုင်သည့် အဖွဲ့အစည်းများ၊ တိုင်ကြားနိုင် သည့် နည်းလမ်းနှင့် အရေးယူဆောင်ရွက်မည့် အဖွဲ့အစည်းများ အား တရားဝင် သတ်မှတ်ဖွဲ့စည်းထားရှိပြီးဖြစ်သည်။
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့သမိုင်း
စားသုံးသူများကာကွယ်ပေးရန် အမေရိကန်သမ္မတ John F Kennedy က ၁၉၆၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်သို့ အထူးသဝဏ်လွှာပေးပို့ခဲ့ပြီး စားသုံးသူ အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များကို တရားဝင် မိန့်ခွန်းပြောကြားခဲ့ သည်။ ၎င်း၏ မိန့်ခွန်းတွင် ဂျွန်အက်(ဖ်)ကနေဒီ ပြောကြားချက်မှာ ]]စားသုံးသူတွေထဲမှာလည်း ကျွန်တော်တို့အားလုံး ပါဝင်ပါတယ်၊ အဲဒီ စားသုံးသူတွေဆိုတာဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအရ အင် အား အကြီးဆုံးအုပ်စုတစ်ခု အစိုးရဘက်ကရော ပုဂ္ဂလိဘက်ကပါ စီးပွားရေးနဲ့ ပတ်သက်လို့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် မှန်သမျှရဲ့ ကောင်းမွေ ဆိုးမွေကို ခံစားရတဲ့သူတွေဖြစ်ပါတယ်၊ ဒါကြောင့် စားသုံးသူများအတွက် အရေးကြီးတဲ့ အခွင့်အရေးလေးခုဖြစ် သည့် ဘေးကင်းရန် အခွင့်အရေး၊ သိပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်နှင့် ကြားနာခွင့်များအကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်}}ဟု ပြော ကြားခဲ့သည်။ အမေရိကန်သမ္မတ John F Kennedyသည် စားသုံး သူ အခွင့်အရေးနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်သည့် ပထမ ဆုံးသော ကမ္ဘာ့ခေါင်းဆောင်ဖြစ်သည်။ စားသုံးသူလှုပ်ရှားမှုကို စတင်ဆောင်ရွက်သည့် အဆိုပါရက်စွဲကိုWorld Consumer Rights Day စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ကာ ၁၉၈၃ ခုနှစ်တွင် ပထမဆုံး စတင်ကျင်းပခဲ့သည်။
စားသုံးသူများ၏ အခွင့်အလမ်းများကို အလေးဂရုပြုမြှင့် တင်သည့်အနေဖြင့် စားသုံးသူများအား အသိပညာပေး လှုံ့ဆော် မှုများကို ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ စားသုံးသူများ အဖွဲ့အစည်းဖြစ်သည့် Consumer International - CI က ဦးဆောင်၍ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းသည် လူတန်းစား အလွှာ အသီးသီးနှင့် သက်ဆိုင်သည့်အတွက် နှစ်စဉ် မတ်လ ၁၅ ရက်နေ့တိုင်း ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများ နေ့ World Consumer Rights Day- WCRD အထိမ်းအမှတ် ဆောင်ပုဒ်များ သတ်မှတ်ထုတ်ပြန်လျက်ရှိပြီး မြန်မာနိုင်ငံ အပါ အဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပလျက်ရှိသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှစ်အလိုက်ဆောင်ပုဒ်များ
မြန်မာနိုင်ငံတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ၂၀၁၆ ခုနှစ်တွင် "ပဋိဇီဝဆေး အန္တရာယ်ဘေး အစားအစာမှ ဖယ်ရှားပေး" ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် ရန်ကုန်တိုင်းဒေသ ကြီးတွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် "စားသုံးသူ တွေယုံကြည် စိတ်ချနိုင်ဖို့ ဒီဂျစ်တယ်ကမ္ဘာ တည်ဆောက်စို့" ခေါင်းစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး မြို့တော်ခန်းမတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် "စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေး"ခေါင်းစဉ်ဖြင့် နေပြည်တော်တွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် "စိတ်ချယုံကြည် ဒီဂျစ်တယ် ထုတ်ကုန်များဆီ" ခေါင်းစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ တွင်လည်းကောင်း အသီးသီး ကျင်းပခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် တွင် "စားသုံးသူအရေး စဉ်ဆက်မပြတ် ဆောင်ရွက်ပေး" ခေါင်း စဉ်ဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် ]"ပလတ်စတစ် ညစ်ညမ်း မှု တိုက်ဖျက်အစဉ်ရှေးရှု"ဟူ၍လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် "ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ" ဟူ၍ လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် "စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့" ဟူ၍လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် " မျှတ အလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု"ဟူ၍ လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် "လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့"ဟူ၍ နှစ်စဉ်ကျင်းပခဲ့ကြပြီး ၂၀၂၆ ခုနှစ်တွင် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူ ဘဝ"ဆောင်ပုဒ်နှင့်အညီ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သရုပ် ဖော်တင်ဆက်ခြင်း၊ ဌာနဂုဏ်ပြုတေး သရုပ်ဖော်အကဖြင့် ဖျော် ဖြေခြင်း၊ အထိမ်းအမှတ်အကြို ဟောပြောပွဲများ၊Talk Show များ ဆောင်ရွက်ခြင်း၊ ဆိုင်းဘုတ် ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လူမှုကွန်ရက် အသုံးပြု၍ အသိပညာပေးခြင်း၊ ဌာနဂုဏ်ပြုသီချင်းများဖွင့်လှစ် ခြင်း၊ ဆောင်းပါး၊ ကာတွန်းပြိုင်ပွဲများ၊ ကုန်သွယ်လယ်ယာ ဝန်ထမ်းဟောင်းများအချင်းချင်း ရိုင်းပင်းကူညီရေး အသင်းသား များအား ဖိတ်ကြားခြင်း၊ ဉာဏ်စမ်းပဟေဠိများ မေးမြန်းခြင်း၊ ဆုလက်ဆောင်များ ချီးမြှင့်ခြင်းနှင့် ပြခန်းများခင်းကျင်းပြသခြင်း ကို စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များကလည်း နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
တိုင်ကြားနိုင်မှု နည်းလမ်းများ
စားသုံးသူများအနေနှင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံး သူရေးရာဦးစီးဌာန၏ www.doca.gov.mm website မှာ ပါဝင် သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ် (Consumer Complaint System) ကိုအသုံးပြုပြီး တိုင်ကြားမှု ပြုလုပ်နိုင်သည်။ စားသုံးသူရေးရာဦးစီးဌာနသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထား ရှိပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာ အကွယ်ပေးသည့် ဌာနတစ်ခုဖြစ်သည်။ စားသုံးသူများအနေနှင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်းပြီး မိမိ၏ရုပ်ပိုင်းဆိုင်ရာကို ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည် ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင် ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ၊ ဥပဒေ နှင့်မညီသော ထိခိုက်နစ်နာမှုဖြစ်ပေါ်လာလျှင် စားသုံးသူရေးရာ ဦးစီးဌာနမှာ တိုင်ကြားနိုင်သည်။ တိုင်ကြားရာတွင် စားသုံးသူရေး ရာဦးစီးဌာနမှာ ဖွင့်လှစ် ထားရှိသည့် စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC)) (၄၈)ခုများမှာ စားသုံးသူကိုယ်တိုင် သွားရောက်၍ဖြစ်စေ၊ တယ်လီဖုန်း ဖြင့် ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ပြီး Online ကတစ်ဆင့် တိုင်ကြားလိုသည့် ပြည်သူများအနေနှင့် ဦးစီးဌာန၏Website ဖြစ်သော www.doca.gov.mm မှဖြစ်စေ၊DOCA Myanmar Mobile Applicationမှဖြစ်စေ၊ တိုင်ကြားလွှာပုံစံမှာ အချက် အလက်တွေ ဖြည့်သွင်း၍ တိုင်ကြားနိုင်သလို စားသုံးသူကာကွယ် ရေးဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့်ဖြစ်စေ၊ ဦးစီးဌာနက တရားဝင်ဖွင့်လှစ်ထားသည့် CICC Facebook Page များမှလည်း တိုင်ကြားနိုင်သည်။ ထို့အပြင် Call Center 1535 ကိုလည်း တည် ထောင်ဖွင့်လှစ်ပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်း၊ ထိုသို့ တိုင်ကြား မှသာ မိမိတို့၏ အခွင့်အရေးများ ရရှိမည်ဖြစ်သည်။
သင်းသင်းအေး (မုံရွာ)
