Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 08/14/2023 - 11:15 -- journal_editor

 ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် သြဂုတ် ၇ ရက်တွင် Global Petrol Prices Website ၌   ဖော်ပြထားရှိသည့်   ဈေးနှုန်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံသည် ယခုတစ်ပတ်တွင် ၈ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ ပြီး အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် ၅ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဗမကဘေ နိုင်ငံတွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် သြစတြေးလျနိုင်ငံတွင် ၄ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ကာ ဈေးနှုန်း မြင့်တက် ခဲ့သည့် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
    Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊  ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ ဘာဘေဒို၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ အိုက်စလန်၊ အစ္စရေးနှင့် အီတလီ စသည့် နိုင်ငံ များ အပါအဝင် နိုင်ငံပေါင်း ၇၈ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်း များအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေ ကြောင်း တွေ့ရှိရသည်။
    ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ကနေဒါ၊ ဘရာဇီး၊ ဂျာမနီ၊ လူဇင်ဘတ်၊ နော်ဝေနှင့် ဒိန်းမတ် အပါ အဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၂ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ ကြောင်း တွေ့ရှိရသည်။
    အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် သြဂုတ် ၇ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၈ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံ များတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရ သည်။
    ဒီဇယ်ဆီဈေးနှုန်းသည် သြဂုတ် ၇ ရက်တွင် Global Petrol Prices Website ၌  ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံ အနက် ဖိလစ်ပိုင်နိုင်ငံသည်  ယခုတစ်ပတ်တွင် ၉ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး အယ်လ်ဆာဗေးဒိုးနိုင်ငံ တွင် ၇ ဒသမ ၃၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံတွင် ၆ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် အက်စ်တိုးနီးယားနိုင်ငံတွင် ၅ ဒသမ ၄၀ ရာခိုင် နှုန်း ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၉ နိုင်ငံရှိ ကြောင်း  တွေ့ရှိရသည်။
   Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ဂျပန်၊ ဘာဘေဒို၊ အီဂျစ်၊ ဟန်ဂေရီ၊ အီတလီနှင့် ကင်ညာ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၈၀ တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
    ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂျော်ဂျီ ယာ၊ အာဂျင်တီးနား၊ ဂါနာနှင့် နော်ဝေ အပါအဝင် နိုင်ငံပေါင်း လေး နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၄၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။    
     ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် သြဂုတ် ၉ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၃၁၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၆၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ လျှင် ၂၄၄၀ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
    မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၂၅၀ ကျပ်၊  ဒီဇယ် တစ် လီတာလျှင် ၃၃၅၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၂၂၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၂၂၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၃၁၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၆၀ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၂၃၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၇၀ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ 
    မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင်  ယခင်တစ်ပတ်ထက် ဓာတ်ဆီတစ်လီတာလျှင် ၇၀ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ် တစ်လီတာလျှင် ၄၀ ကျပ်သို့ ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာ သုံးသပ်တင်ပြအပ်သည်။ 

P&S