Main menu

Background

အိန္ဒိယမှ စားသုံးဆီများတင်ပို့မှုကို အခွန်တိုးမြှင့်လိုက်၍မလေးရှားစားအုန်းဆီဈေး အနည်းငယ်လှုပ်ရှား

Fri, 06/15/2018 - 15:56 -- journal_editor

အမေရိကန်ပြည်ထောင်စု   ချီကာဂိုကုန်သွယ်မှုဘုတ် အဖွဲ့ တွင်   ပဲပုပ်ဆီကြိုရောင်းဈေး မြင့်တက်လာမှုနှင့်  အိန္ဒိယ နိုင်ငံမှ စားသုံးဆီတင်သွင်းမှုအတွက် အခွန်တိုးမြှင့်မည့် အစီ အမံတို့ကြောင့် တစ်လအတွင်း အနိမ့်ဆုံး ဈေးသို့ ကျဆင်းနေ သော မလေးရှား စားအုန်းဆီဈေးသည်  လှုပ်ခတ်မှုများ ရှိလာ ကြောင်းသိရသည်။

ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် သြဂုတ်လအတွက် စားအုန်းဆီကြိုရောင်းဈေး၏အခြေခံဈေးနှုန်းမှာ  တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၅ ဒသမ ၄၁ ရှိခဲ့ပြီး ဇွန် ၆ ရက်တွင် စားအုန်းဆီ ကုန်သွယ်မှုမှာ ၂၅ တန်တွဲပေါင်း  ၈၂၇၄ တွဲရှိခဲ့ သည်။“ချီကာဂိုရဲ့ ပဲပုပ်ဈေး  မာလာတာကြောင့်  စားအုန်းဆီ ဈေးကို  မြင့်လာအောင် ကူညီပေးနေတယ်။  အိန္ဒိယကလည်း စားသုံးဆီသွင်းတဲ့အပေါ် အခွန်တိုးမယ်ဆိုတာကြောင့် ဈေး တက်လာတာပါ”ဟု ကွာလာ လမ်ပူမှ စားအုန်းဆီကြိုရောင်း ကြိုဝယ်ကုန်သည်တစ်ဦးက ပြောသည်။ ဇွန် ၆ရက်က ချီကာဂို ကုန်သွယ်မှု ဘုတ်အဖွဲ့တွင်  ပဲပုပ်ဆီဈေးမှာ  သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

အိန္ဒိယနိုင်ငံသည်  လောလောဆယ်တွင်   ပဲပုပ်ဆီ အပေါ် သွင်းကုန်အခွန်   ၃၀ ရာခိုင်နှုန်းနှင့်နေကြာဆီနှင့် ပန်းမုန်ညှင်းဆီအပေါ် သွင်းကုန်အခွန်၂၅ရာခိုင်နှုန်းကောက် ခံနေပြီး  စားအုန်းဆီကြမ်းနှင့်  စားအုန်းဆီသန့် အပေါ်ကိုမူ ၄၄ ရာခိုင်နှုန်းနှင့် ၅၄ ရာခိုင်နှုန်း အသီးသီး  ကောက်ခံနေ ကြောင်းသိရသည်။ အဆိုပါ အခွန်နှုန်းထားများကို ပြောင်းလဲ ၍ ပိုမိုတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်းကို  ဇွန် ၅ ရက်တွင် အိန္ဒိယက ကြေညာခဲ့သည်။

ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်တွင် စားအုန်းဆီ သည် ပြိုင်ဖက်ဆီများနှင့်ဈေးကွက်ဝေစုရရေး အစဉ်ပြိုင်ဆိုင် နေကြရသည်။ မလေးရှား၏စားအုန်းဆီတင်ပို့မှုသည် မေလ တွင် ၈ ဒသမ  ၈ ရာခိုင်နှုန်းကျဆင်း ခဲ့ပြီး လေ့လာသုံးသပ်သူများ၏ တွေ့ရှိချက်အရ    ဧပြီလက ၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ဆိုသည်။  ကမ္ဘာ့ထိပ်တန်း  စားအုန်းဆီ တင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သော   အင်ဒိုနီးရှားနိုင်ငံ ကမူ ဧပြီလတွင် စားအုန်းဆီတင်ပို့မှု ၁၃ ဒသမ ၆ ရာခိုင်နှုန်း ပိုမို တင်ပို့နိုင်ခဲ့ကြောင်းတွေ့ရသည်။

စားအုန်းဆီဈေးသည် တစ်တန်လျှင် ၂၄၀၈ ရင်းဂစ်သို့ ရောက်နိုင်သော်လည်း ၂၃၆၄ ရင်းဂစ်သို့  ပြန်လည် ကျဆင်း သွားနိုင်ကြောင်း ရိုက်တာသတင်းဌာနမှ ဈေးကွက်စိစစ်ရေးမှူး ဝမ်တောင်းကခန့်မှန်း ထားသည်။    

ခင်လေးယု