ကမ္ဘာ့ရေနံစိမ်းနှင့် ပဲပုပ်ဆီဈေးနှုန်းများကျဆင်းလာမှုကိုလိုက်၍ စားအုန်းဆီအနာဂတ်ဈေးနှုန်းများသည် တစ်လကျော်ကာလအတွင်း အဆိုးရွားဆုံးကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီး မလေးရှားရင်းဂစ်ငွေ မာလာခြင်းကလည်း ဝယ်လိုအားအတွက် အဟန့်အတားတစ်ခု ဖြစ်စေခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘော တူညီချက်ရရှိရန် တိုးတက်မှုများရှိလာပြီးနောက် ကမ္ဘာ့ရေနံစိမ်း စံနှုန်း ဖြစ်သော ရေနံစိမ်းဈေးသည် စစ်ပွဲကြောင့် တက်ခဲ့သမျှ ဈေးနှုန်းများ ပြန် လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ကွာလာလမ်ပူဈေးကွက်တွင် စားအုန်းဆီအနာဂတ် ဈေးနှုန်းများသည် သံးရက်ဆက်တိုက်ကျဆင်းခဲ့ပြီး တစ်တန်လျှင် မလေး ရှားရင်းဂစ် ၄၅၀ဝ အနီးအထိ ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်းနှင့် ချီကာဂိုပဲပုပ်ဆီဈေးနှုန်းမှာလည်း သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းခြင်းသည် ဇီဝလောင်စာများ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေသဖြင့် စားအုန်းဆီကဲ့သို့သော ကုန်ကြမ်းများအပေါ် ဝယ်လိုအားလျော့နည်းသွားနိုင်ကြောင်း IcebergX Sdn မှ ဝါရင့်ကုန်သည် David Ng က ပြောကြားခဲ့သည်။ သို့သော်လည်း လာမည့်တစ်ပတ်တွင် အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီအခြေခံဇီဝဒီဇယ်မဖြစ်မနေသုံးစွဲရမည့် အစီအစဉ်ကို တိုးချဲ့အကောင်အထည်ဖော်ပြီးပါက ယင်းအခြေအနေမှာ ပြောင်းလဲသွားနိုင်သည်ဟုလည်း ၎င်းကထပ်လောင်းပြောဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် အသုံးအများဆုံးဖြစ်သည့် အဆိုပါ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းပြန်တက်လာရန်အတွက် "အလားအလာ ကောင်းသော အခြေခံတွန်းအားများ လိုအပ်နေသည်"ဟု Kalees uwari Intercontinental Ltd ၏ ကုန်သွယ်ရေးနှင့် ဈေးကွက်အကာအကွယ် ပေးရေးမဟာဗျူဟာဌာန အကြီးအကဲGnanasekar Thiagarajan က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ စားအုန်းဆီအသင်း၏ ခန့်မှန်းချက်များအရ ဇွန် ၁ ရက်မှ ၂၀ ရက်အတွင်း မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုသည် ပြီးခဲ့သည့်လ တူညီသောကာလနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ညီမင်းထက်DOCA (ရန်ကုန်)
Source: The Edge Malaysia
