Main menu

Background

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်နိုင်မှု ၃ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်

Mon, 07/20/2026 - 11:54 -- journal_editor

အမေရိကန်နိုင်ငံ စိုက်ပျိုး‌ရေးဌာန (USDA) ၏ အစီရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်နိုင်မှုသည် ယခင်နှစ်တွင် ၄၆ ဒသမ ၇ သန်းရှိရာမှ ၂၀၂၆ -၂၀၂၇ ခုနှစ်အတွင်း ၃ ရာခိုင်နှုန်းထိ မြင့်တက်ကာ တန်ချိန် ၄၈ သန်း ထိ  ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနက ဧပြီလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့သော အင်ဒိုနီးရှား ဆီထွက်သီးနှံများနှင့်ထုတ်ကုန်များနှစ်ချုပ် (Indonesia - Oilseeds and Products Annual) စာရင်းအရ ၂၀၂၁ ခုနှစ်မှ  ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့်သီးနှံများမှာ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သည့် သီးနှံမျိုးစိတ်များ ပိုမိုတိုးပွားလာကြောင်း သိရသည်။
ထိုသို့ ရလဒ်ကောင်းများရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် သီးနှံပင်များ တိုးချဲ့စိုက်ပျိုးရန် ကန့်သတ်ချက်များ ကျန်ရှိနေသေးကြောင်းကိုလည်း ပြောကြားထားသည်။ 
အမေရိကန်နိုင်ငံစိုက်ပျိုးရေးဌာနက ထုတ်ပြန်ချက်အရ ယခင်ငါးနှစ်တာကာလအတွင်း နှစ်စဉ်စိုက်ဧကပုံမှန်တိုးမြင့်မှုမှာ ၁၅၀ဝ၀ဝ ဟက်တာအောက်လျော့နည်းခဲ့သော်လည်း အပင်ငယ်စိုက်ဧရိယာ (Immature area) မှာ ၆၀ ရာခိုင် နှုန်း တိုးတက်ခဲ့ကြောင်း ပြောခဲ့သည်။
ထို့အပြင် အမျိုးသားအဆင့် အသေးစားလယ်သမားများ ပြန်လည်စိုက်ပျိုးရေးအစီအစဉ်အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ တစ်နှစ်လျှင် ဟက်တာ ၅၀ဝ၀ဝ အောက်သာ ပြန်လည်စိုက်ပျိုးခဲ့သော်လည်း လျာထားချက်မပြည့်မီခဲ့ကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများက ပြန်လည်စိုက်ပျိုးရေးလုပ်ငန်းများတွင် ပိုမိုတက်ကြွစွာပါဝင်ခဲ့ပြီး ယခင်စိုက်ပျိုးဆဲမြေများနှင့်အသုံးမပြုရသေးသော လုပ်ပိုင်ခွင့်ဧရိယာများအတွင်းတွင် တိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။
အင်ဒိုနီးရှားမိုးလေဝသဌာန (BMKG) ကလည်း ၂၀၂၆ ခုနှစ် အတွင်းနွေရာသီ ဆောလျင်စွာရောက်ရှိနိုင်ပြီး မိုးရွာသွန်းမှုနည်းပါးကာ ပြင်းထန်သော အပူလှိုင်းနှင့် ခြောက်သွေ့မှုများ ကြုံတွေ့ရနိုင်ကြောင်း သတိထုတ်ပြန်ပေးထားသည်။ ၂၀၂၅ ခုနှစ်အတွင်း အစိုးရက တရားမဝင်စိုက်ခင်းများကို သိမ်းဆည်းခဲ့ခြင်းကြောင့် အသေးစားလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအပေါ် ထိခိုက်စေပြီး ဓာတ်မြေသြဇာကဲ့သို့သော  မရှိမဖြစ်လိုအပ်သည့် သွင်းအားစုများ ရပ်ဆိုင်းခံရခြင်းနှင့် စိုက်ခင်းအချို့ ပျက်စီးခြင်းတို့ကြောင့် ၂၀၂၅-၂၆ ခုနှစ် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်နိုင်ငံစိုက်ပျိုး‌ရေးဌာန (USDA) က ပြောကြားခဲ့သည်။ ယင်းသက်ရောက်မှုသည် ၂၀၂၆-၂၇ ခုနှစ်ထိ ဆက်လက်ဖြစ်ပေါ် လာနိုင်ကြောင်းကိုလည်း သိရသည်။ ထို့အပြင် စက်မှုကဏ္ဍတွင် ဝယ်လိုအားဆက်လက်တည်ရှိနေခြင်းနှင့်  စားသောက်ကုန်ကဏ္ဍတွင် အနည်းငယ် တိုးတက်လာခြင်းတို့ကြောင့် စားအုန်းဆီသုံးစွဲမှုမှာ ၂၀၂၅-၂၆ခုနှစ်တွင်  တန်ချိန် ၂၂ ဒသမ ၇ သန်းမှ ၂ ရာခိုင်နှုန်း တိုး တက်လာပြီး တန်ချိန် ၂၃ ဒသမ ၁ သန်းအထိ ရှိလာမည်ဟု ခန့်မှန်း ထားသည်။    
အင်ဒိုနီးရှားအစိုးရက ဘိုင်အိုဒီဇယ် B50 အသုံးပြု၍ လမ်းများပေါ်တွင် စမ်းသပ်မောင်းနှင်ရေး ဆောင်ရွက်မှုကို ဇွန်လအပြီးဆောင်ရွက်လျက်ရှိပြီး ယင်းစမ်းသပ်ဆောင်ရွက်မှုအရ ၂၀၂၅ ခုနှစ်တွင် B40  အသုံးပြုမှုအတွက် တစ်နှစ်လျှင် လီတာ ၁၄ ဒသမ ၂ ဘီလီယံ လိုအပ်ခဲ့သကဲ့လို စားအုန်းဆီဘိုင်အိုဒီဇယ် တစ်နှစ်လျှင် ၂၀ ဘီယီယံခန့် လိုအပ်လာနိုင်မည်ဟု မျှော်မှန်းထားသည်။USDA  က “အင်ဒိုနီးရှား၏ စက်မှုဆီအုန်းထုတ်လုပ်နိုင်မှုသည် ဆယ်စုနှစ်ကာလအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ဇီဝဒီဇယ် ထုတ်လုပ်မှုစွမ်းရည်သည် ယခင်နှစ်ထက် လီတာ ၂ ဘီလီယံ ပိုမိုခဲ့သဖြင့် လီတာ ၂၂ ဘီလီယံအထိ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။    
အင်ဒိုနီးရှားနိုင်ငံ ဇီဝဒီဇယ်ထုတ်လုပ်သူများအသင်း၏ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ၏ B50 ဇီဝလောင်စာရောစပ် အသုံးပြုမှု မူဝါဒရည်မှန်းချက်(B50 blending mandate target) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိထက် နောက်ထပ် လီတာ ၂ ဘီလီယံမှ ၃ ဘီလီယံအထိ ပိုမိုသောထုတ်လုပ်မှုစွမ်းအား (production capacity) လိုအပ်မည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများကဲ့သို့ အဓိကဈေးကွက်များ၏ ဝယ်လို အား ဆက်လက်ကောင်းမွန်နေခြင်းကြောင့် ၂၀၂၆-၂၇ ခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံ၏  စားအုန်းဆီတင်ပို့မှုသည် တန်ချိန် ၂၅ သန်း အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းမှာယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းတိုးတက်လာနိုင်ဖြစ်ကြောင်း ခန့်မှန်းထားသည်။    

Swe (IT-DOCA)

Source: Oils & Fats International