Main menu

Background

တရုတ်သိပ္ပံပညာရှင်များက စူပါနွားများကို ပုံတူပွားဖန်တီးနိုင်ခဲ့

Mon, 02/13/2023 - 10:22 -- journal_editor

နွားနို့ပမာဏအမြောက်အမြား ထုတ်လုပ်ပေးနိုင်မည့်  စူပါနွားဟု အမည်ပေးထားသည့် ပုံတူပွားဖန်တီးထားသော နွားသုံးကောင်ကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ပုံတူပွားနိုင်ခဲ့ပြီဖြစ်ကြောင်း စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြထားသည်။ တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ဖန်တီးလိုက်သည့် အဆိုပါ စူပါနွားများသည်  ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင်  နို့ပမာဏအမြောက်အမြားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
နွားများကို ယခုကဲ့သို့ ပုံတူပွားရခြင်းမှာ တရုတ်နိုင်ငံအနေဖြင့် ပြည်ပမှ မျိုးနွယ်များကိုသာ အားထားနေရခြင်းကို လျှော့ချနိုင်ရေးအတွက် အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု စူပါနွားများကို ဖန်တီးခဲ့သည့် တရုတ်သိပ္ပံပညာရှင်များက ဆိုသည်။
လတ်တလောကာလတွင် တရုတ်နိုင်ငံအနေဖြင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် နွားများ၏ ၇၀ ရာခိုင်နှုန်းခန့် ကို ပြည်ပနိုင်ငံများက တင်သွင်းနေရခြင်းဖြစ်သည်ဟု ဆိုသည်။
ယခု တရုတ်သိပ္ပံပညာရှင်များ ဖန်တီးလိုက်သည့် စူပါနွားပေါက်လေး သုံးကောင်ကို  တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိ စိုက်ပျိုးရေးနှင့်သစ်တောသိပ္ပံ နည်းပညာတက္ကသိုလ်မှ ပုံတူပွားဖန်တီးခဲ့ကြခြင်းဖြစ်သည်။
Northwest  University  of Agricultural and Forestry Science and Technology မှ သိပ္ပံပညာရှင်များ မွေးမြူထားသော နွားလေးသုံးကောင်သည် ဇန်နဝါရီ ၂၃ ရက် နှစ်သစ်ကူးမတိုင်မီ ရက်သတ္တပတ်များအတွင်း Ningxia ဒေသတွင် မွေးဖွားခဲ့ကြောင်း တရုတ်မီဒီယာတစ်ခုဖြစ်သည့် Ningxia Daily က ဖော်ပြခဲ့သည်။
အဆိုပါ နွားသုံးကောင်းမှာ နယ်သာလန်နိုင်ငံမှ ပေါက်ဖွားလာသည့်Holstein Friesian မျိုးစိတ်မှ နွားပေါက်များကို ရွေးချယ်ဖန်တီးခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ထားသော ယင်းနွားများသည် တစ်နှစ်လျှင် နို့ ၁၈ တန် သို့မဟုတ် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် နို့ တန်ချိန် ၁၀ဝ ထုတ်လုပ်နိုင်မည်ဟု သိရသည်။ ယင်းမှာ  အမေရိကန်ပြည်ထောင်စုရှိ သာမန်နွားမျိုးထက် ၁ ဒသမ ၇ ဆနီးပါး နို့ပိုမိုထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။ 
ယခုမွေးထုတ်ထားသည့် ပထမဆုံးသော နွားကလေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် မွေးဖွားခဲ့ပြီး  ၎င်း၏ အရွယ်အစားမှာ ၅၆ ဒသမ ၇ ကီလိုဂရမ် (ပေါင် ၁၂၀) ရှိသည်ဟုဆို သည်။ တရုတ်နိုင်ငံ သိပ္ပံပညာရှင်များသည် အထွက်နှုန်းကောင်းသည့် နွားများ၏ နားဆဲလ်များမှ ကိုယ်ပွားသန္ဓေသားပေါင်း ၁၂၀ ကို ဖန်တီးခဲ့ပြီး ၎င်းတို့ကို  အငှားနွားမများတွင် ထားရှိခဲ့ကြောင်း သတင်းများတွင် ဆက်လက်ဖော်ပြထားသည်။
တရုတ် သိပ္ပံပညာရှင်များသည် နှစ်နှစ်မှ သုံးနှစ်အတွင်း စူပါနွားအကောင်ရေ ၁၀ဝ၀ ကျော် ဖန်တီးနိုင်ရန် စီမံထားကြောင်း သိရသည်။

စိုင်းဗညား - စုစည်းသည်

Source; CNN