Main menu

Background

ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားသုံးဆီ ဖူလုံရေး

Wed, 11/09/2022 - 15:15 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ကသာခရိုင်တွင် ပဲ၊ ပြောင်း၊ နှမ်းစိုက်ပျိုးထုတ်လုပ်သူများအသင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် အဖွဲ့ဝင် ၁၄၄ ဦးဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနက ဦးဆောင်ဖွဲ့စည်းခဲ့သည်။ အသင်းသားတောင်သူများကို ၂၀၁၅ ခုနှစ်မှ   ၂၀၁၆ခုနှစ်အထိ ဇေယျာပဒေသာဖောင်ဒေးရှင်းမှ  စိုက်ပျိုးစရိတ်ချေးငွေများရယူပြီး မြေပဲမျိုးသန့် ဆင်းပဒေသာ(၁၁)မျိုးအား ဖြန့်ဝေစိုက်ပျိုး နိုင်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်  စားသုံးသူရေးရာဦးစီးဌာနက မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များနှင့် ပဲ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ချိတ်ဆက်ပြီး မျိုးကောင်းမျိုးသန့်များ၊ စက်ကိရိယာများ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့သည်အထိ တိုးတက်အောင်မြင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် အမေထွားမြေပဲဆီသန့်လုပ်ငန်းနှင့် ချိတ်ဆက်နိုင်ခဲ့ပြီး အရည်အသွေးကောင်းမြေပဲများ စမ်းသပ်စိုက်ပျိုးခြင်း၊ သင်တန်းများပေးခြင်း  ဆောင်ရွက် နိုင်ခဲ့ကြသည်။  ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ကုန်စည်ပြပွဲများ တက် ရောက်ပြသခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ ဈေးကွက်လေ့လာ ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။
လက်ရှိအခြေအနေမှာ မြေဆီ၊မြေသြဇာဈေးကြီးမြှင့်မှုနှင့် စက်သုံးဆီဈေးကြီးမြင့်မှုတို့ကြောင့် စိုက်ပျိုးစရိတ် ပိုမိုကုန်ကျလျက်ရှိသည်။ ၂၀၁၈ခုနှစ်ထိ တစ်ဧကကုန်ကျစရိတ်  ကျပ်သုံးသိန်းကျော် ကုန်ကျရာမှ ယခုနှစ်တွင် ခြောက်သိန်း ကျော်   ခုနစ်သိန်းနီးပါးထိ နှစ်ဆ/သုံးဆခန့်  ကုန်ကျလျက်ရှိသည်ကို တွေ့ရှိရသည်။ သို့သော်လည်း တစ်ဧကအထွက်နှုန်းတင်း ၆၀ ကျော်ထွက်ခြင်း၊ မြေပဲဆီဈေး တက်လာခြင်းတို့ကြောင့် အနည်းငယ် အကျိုးအမြတ်ရှိသော်လည်း စားသုံးသူပြည်သူများ စားသုံးဆီကို ဈေးကြီးပေးဝယ်ရသည်ကို တွေ့ရသည်။ စားသုံးဆီဈေးကွက်တွင်  မြေပဲဆီသန့်နှင့်စားအုန်းဆီ ဈေးကွာခြားမှု အနည်းငယ်သာရှိသော်လည်း   စားသုံးသူများအနေဖြင့် ဈေးလျော့နည်းသော  စားအုန်းဆီကို  ရွေးချယ်စားသုံးကြသည်။ မြေပဲဆီသန့်နှင့် စားအုန်းဆီ ၄၀ဝ၀ကျပ်ခန့် ကွာခြားလျက်ရှိသည် ကိုတွေ့ရသည်။ ကသာမြို့ ဆီစက်လုပ်ငန်းရှင်များအသင်းအမှုဆောင်  ဦးခင်မောင်တိုး (ဇမ္ဗူရာဇ်) ဆီစက်ပိုင်ရှင်နှင့် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အပိုင်းသုံးပိုင်းဖြင့် ဆွေးနွေးခဲ့သည်။ ပထမပိုင်းမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူများအပိုင်း၊ ဒုတိယပိုင်းမှာ ကုန်ချော ထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအပိုင်းနှင့် တတိယပိုင်းအနေဖြင့် ဖြန့်ဖြူးရောင်းချသည့်ကုန်သည်များမှအစ Export နှင့် Marketing အပိုင်းတို့ဖြစ်သည်။
ပထမပိုင်းဖြစ်သည့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူများအနေဖြင့်  စိုက်ပျိုးစရိတ်ကြီးမြင့်သော်လည်း မြေပဲ ပေါ်ချိန်ဖြစ်ခြင်း၊ နှမ်းသုံးတင်းဝင် တစ်အိတ် ကျပ်၂၀ဝ၀ဝ၀ကျော်ရှိ သည့်အတွက် အချိန်ကောင်း အခါကောင်းဖြစ်သည်။ အရည်အသွေးကောင်းအောင် စနစ်တကျစိုက်ပျိုးထုတ်လုပ်သင့်ကြောင်း တောင်သူများနှင့်ဆက်နွှယ်သည့် မန္တလေးကုန်စည်ဒိုင်ကြီးများ၊ ဆီစက်လုပ်ငန်းများအနေနှင့်လည်း  တောင်သူလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သင့်သည်။ တောင်သူများအနေဖြင့်လည်း အပြန်အလှန် ယုံကြည်မှုရရှိအောင်  ရိုးသားကြိုးစားကြရမည်ဖြစ်သည်။
ဒုတိယပိုင်းအနေဖြင့် ကုန်ချောထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအပိုင်းဖြစ်သည်။  စားသုံးသူများမြေပဲဆီသန့်ကို  အရောအနှောကင်းစွာ တန်ဖိုးသင့်သောဈေးနှုန်းနှင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီမံဆောင် ရွက်သင့်သည်။  ဆီစက်လုပ်ငန်းရှင်များက စုစည်းပြီး တောင်သူများအား လိုအပ်သောပံ့ပိုးကူညီမှုများပေးခြင်း၊ ထိုမှတစ်ဆင့်  တောင်သူများထံမှ ကုန်ကြမ်းအား မိမိစက် နှင့် နှစ်ပေါက်ကြိတ်ခွဲထုတ်လုပ်နိုင်သည်အထိ ကာလ ပေါက်ဈေးဖြင့် အရေအတွက်ပြည့်မီစွာ ဝယ်ယူသိုလှောင်ခြင်း၊ ဒေသတွင်း စားသုံးဆီလိုအပ်ချက်အား အထူးဦးစားပေးဖြန့်ဝေခြင်းများ ဆောင်ရွက်ရမည် ဖြစ်သည်။ ယခု အခက်အခဲဖြစ်နေသည်မှာ  ဆီထွက်သီးနှံများဖြစ် သည့် မြေပဲ၊ နှမ်း၊ နေကြာပေါ်သည်နှင့် မန္တလေးဈေးကွက်က ဈေးပိုရသည့်အတွက် မန္တလေးဈေးကွက်ကို ဦးစားပေးပို့ကြသည်။ အထိန်း အကွပ်မဲ့ တင်ပို့မှုများကြောင့် ဒေသတွင်းကုန်ကြမ်း ပြတ်လပ်ပြီး ဆီစက်လုပ်ငန်းများ ရပ်နားကြရသည်။   ထို့နောက်  စားအုန်းဆီများ အဆမတန် ဝင်ရောက်လာပြီး ဈေးကွက်နေရာယူလျက်ရှိသည်။
တတိယပိုင်းဖြစ်သည့် ဖြန့်ဖြူးရောင်းချသည့်ကုန်သည်များမှအစ Export နှင့် Marketing အပိုင်းဖြစ်သည်။ စားအုန်းဆီဈေးကွက်ကို ကြည့်မည်ဆိုပါက ကုန်အမှတ်တံဆိပ် ခိုင်ခိုင်မာမာဖြင့် ကုမ္ပဏီများက ဖြန့်ဖြူးလျက်ရှိသည်။ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိအောင် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချကြသည်။  မြေပဲဆီသန့်ထုတ်လုပ်မှု အပိုင်းတွင် ဆီသန့်စားသုံးလိုပါက  စက်ရုံသို့  သွားရောက်ဝယ်ယူရ သည်။ ကုန်အမှတ်တံဆိပ် ခိုင်ခိုင်မာမာဖြင့် ဈေးကွက်/ ဈေးဆိုင်များတွင် အလွယ်တကူဝယ်ယူ၍မရသော အခြေအနေဖြစ်သည်။ ကုမ္ပဏီများက စုဆောင်းဝယ်ယူပြီး ကုန်အမှတ်တံဆိပ်တစ်ခုခုဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိသလောက်ရှားပါးသည်။ ထိုအကြောင်း အရာများသည် ဒေသတွင်းဆီထွက်သီးနှံ   ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီသန့်ဖူလုံရေးကို အဟန့်အတားဖြစ်နေမည်ဖြစ်ကြောင်း ဆွေးနွေးသုံးသပ်ခဲ့သည်။
ကသာခရိုင်ကဲ့သို့ ရေခံမြေခံကောင်းပြီး ဆီထွက်သီးနှံ  အလျှံပယ်ထွက်ကာ အဆမတန် ပိုလျှံသောဒေသတွင် ကျန်းမာရေးနှင့်ညီညွတ်သော  ဆီကောင်းဆီသန့်ကို အလွယ်တကူဝယ်ယူရန် ဈေးကွက်အတွင်း ကုန်စုံဆိုင်အမျိုးမျိုးတွင်   ရောင်းချခြင်းမရှိဘဲ ဘေးထွက်ဆိုးကျိုးများရှိသည့် စားအုန်းဆီ ကုန်အမှတ်တံဆိပ်အမျိုးမျိုးသည် ပါကင်ဘူးဆိုဒ်မျိုးစုံဖြင့် ဈေးကွက်နေရာယူနေခြင်းမှာသက်ဆိုင်ရာအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ စီမံခန့်ခွဲမှုအပိုင်း၌ ပြင်ဆင်စရာ အချက်ရှိနေမလားဟု ထင်မြင်ယူဆလျက်ရှိကြကြောင်း တင်ပြလိုက်ရပါသည်။
ကြည်နိုင်ဦး(အင်းတော်)