မကွေးတိုင်းဒေသကြီး ပခုက္ကူကုန်စည်ဒိုင်သို့ ပဲတီစိမ်းများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အဓိက လာရောက်ရောင်းချသောဒေသမှာ ရေစကြိုမြို့နယ်မှ ပဲတီစိမ်း (သေး)အများဆုံး ဝင်ရောက်ပြီး ပခုက္ကူဒေသပတ်ဝန်းကျင်နှင့် မြစ်ခြေ၊ ကျွန်းဒေသများမှ အရည်အသွေးကောင်းမွန်သော ပဲတီစိမ်းကြီး (ကျွန်း)များ လာရောက်ရောင်းချကြသည်။
ကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ပဲတီစိမ်းအမျိုးအစားများမှာ ပဲတီစိမ်းကြီး(ကျွန်း)၊ ပဲတီစိမ်း(ကုန်း)၊ ပဲတီစိမ်း(အသေး) ပဲနောက်ဖြစ်ပြီး နေ့စဉ် အိတ်အရေအတွက် တစ်ရက်လျှင် ပိဿာချိန် ၃၀ ဝင် အိတ်ပေါင်း ၃၀ဝ မှ ၃၅၀ ကျော်အထိ အရောင်းအဝယ်ဖြစ်လေ့ရှိပြီး ၎င်းမှတစ်ဆင့် ရန်ကုန် (ဘုရင့်နောင်ပွဲရုံ) နှင့် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ဆက်လက်တင်ပို့ ရောင်းချကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင် စတုတ္ထပတ် ၌ ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သော ပဲတီစိမ်းဈေးနှုန်းမှာ အမျိုးအစားအလိုက် တစ်တင်း(၁၉ပိဿာ)လျှင် ပဲတီစိမ်းကြီး(ကျွန်း) ကျပ် ၈၀ဝ၀ဝ၊ ပဲတီစိမ်း(ကုန်း) ကျပ် ၈၆၀ဝ၀၊ ပဲတီစိမ်း (သေး)ကျပ် ၉၀၅၀ဝ ပေါက်ဈေးဖြင့် တည်ငြိမ်လျက်ရှိပြီး ပြည်ပပို့ကုန်အလားအလာကောင်းသောကြောင့် ဈေးကွက်ပုံမှန်လည်ပတ်နေသည်။ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲတီစိမ်း(ကျွန်း)တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ခန့် ဈေးတက်လျက်ရှိပြီး ကျန်အမျိုးအစားများသည် ဈေးနှုန်းတည်ငြိမ်နေလျက်ရှိသည်။
ဈေးကွက်သုံးသပ်ချက်
ပဲတီစိမ်းသည် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့နေရသဖြင့် ပခုက္ကူ၊ မြိုင်၊ ရေစကြိုဒေသများတွင် လက်ရှိ၌ နွေပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်မှု ပြီးဆုံးသွားပြီဖြစ်ကာ မိုးပဲတီစိမ်းများ စတင်စိုက်ပျိုးနေသည့် ကာလဖြစ်၍ ဈေးကွက်အတွင်း အဝင်ပုံမှန်ရှိနေသည်။ ပဲလက်ကျန်နည်းပါး၍ တောင်သူများနှင့် ပွဲရုံကုန်သည်များက ဈေးလျှော့မရောင်းဘဲ ထိန်းရောင်းနေခြင်းကြောင့် ဈေးနှုန်းခိုင်မာနေခြင်းဖြစ် သည်။
ဈေးကွက်အလားအလာ
မိုးပဲတီစိမ်းအသစ်များ အမြောက်အမြား မထွက်ရှိမီအထိ ပြည်တွင်းလှောင်ပဲလက်ကျန်နည်းပါးမှုကြောင့် ဈေးနှုန်းသည် လက်ရှိအတိုင်း ဆက်လက်ခိုင်မာနိုင်ခြေရှိသည်။ ပြည်ပပို့ကုန်ပဲဖြစ်သဖြင့် ဈေးနှုန်းအတက်အကျ ဖြစ်နိုင်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရသည်။
သူဇာကျော် (ပခုက္ကူ)
