Main menu

Background

ပြည်ဈေးကွက်ဝင် ဆိတ်အရှင်နှင့် အသားဈေးနှုန်း

Mon, 08/10/2026 - 12:09 -- journal_editor

ဆိတ်မွေးမြူရေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မွေးမြူရေးလုပ်ကိုင်သူများပြီး ကျန်ရှိသည့် ပြည်နယ်၊ တိုင်းများတွင် ဒေသအလိုက် တစ်ပိုင်တစ်နိုင် မွေးမြူမှုရှိကြကြောင်း သိရသည်။ ဆိတ်များသည် မိုးရာသီတွင် ရောဂါဖြစ်ပွားမှုရှိပြီး ကြီးထွားမှုနှုန်းလည်း နှေးတတ်ခြင်းကြောင့် ဂရုစိုက်ရန်လိုအပ်ကာ နွေရာသီတွင်မူ ရောဂါကင်းစင်ပြီး ကြီးထွားမှုနှုန်း ကောင်းမွန်ကြောင်း သိရသည်။
ဆိတ်များသည် လူတို့အတွက် အလွန်အသုံးဝင်သော အဖိုးတန်တိရစ္ဆာန်ဖြစ်သည်။ ဆိတ်များကို အသားစားရန်အတွက်သာမက ဆိတ်နို့ရရှိရန် မွေးမြူကြသည်။ အသားနှင့် နို့အပြင် ဆိတ်သားရေကိုလည်း အသုံးပြုကြသည်။  အချို့ဒေသများတွင် ဆိတ်သားရေဖြင့်  လူ့အသုံးအဆောင်ပစ္စည်းများ၊ အိမ်ထောင် ပရိဘောဂပစ္စည်းများ စသည်တို့ကို ပြုလုပ်သုံးစွဲကြသည်။ အချို့ ဒေသများတွင် ဆိတ်များကို  ပေါ့ပါးသော ပစ္စည်းတင်လှည်းဆွဲရန်အထိ သုံးနိုင်သည်ဟုသိရသည်။ အချို့နိုင်ငံများတွင် ဆိတ်ပေါက်ဖွားနှုန်း အလွန်မြင့်မားနေသောကြောင့် ခြံဖြင့် စနစ်တကျမမွေးမြူနိုင်တော့ဘဲ သဘာဝအတိုင်းလွှတ်ကျောင်းထားရကြောင်း သိရှိရသည်။
ပြည်တွင်းမွေးမြူရေးကဏ္ဍတွင် ဆိတ်အရှင်ရောင်းဈေးမှာ လက်ရှိတွင်ရောင်းတန်းဝင် ၁၅ ပိဿာ အထက်ရှိသည့်ဆိတ်အရှင် (အထီး) မှာ တစ်ပေါင် (၄၅၃ဒသမ ၆ ဂရမ်)လျှင် ကျပ် ၇၀ဝ၀ နှုန်း၊ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။ အလေးချိန် ၁၀ ပိဿာအထက်ရှိသည့် ဆိတ်အရှင် (အမ) မှာမူ တစ်ပေါင် (၄၅၃ ဒသမ ၆ ဂရမ်) လျှင် ကျပ် ၅၀ဝ၀ ရှိပြီး တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ ဝန်းကျင် ဈေးရှိနေကြောင်း သိရသည်။ အမြင့်ဈေးတန်း၌သာ ရှိနေသော်လည်း လတ်တလောတွင် အရောင်းအဝယ်အေးသည့် အခြေအနေရှိကြောင်း ဆိတ်အရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရသည်။ တောင်သူများသည် စိုက်ပျိုးရေးနှင့်အတူ နွား၊ဆိတ်၊ ကြက်မွေးမြူရေးကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး လတ်တလောဆိတ်အရှင်ဈေးမြင့်တက်နေတာကြောင့် ဆိတ်မွေးမြူရေးကို ပြန်လည်လုပ်ကိုင်လာကြသည်ဟု သိရှိရသည်။
ပြည်တွင်းဆိတ်မွေးမြူရေးကဏ္ဍတွင် ဆိတ်မွေးမြူရေး လုပ်ကိုင်သူလျော့နည်းလာသည့် အခြေအနေများရှိခြင်းကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအားမမျှတသဖြင့် ဆိတ်အရှင်ဈေးကွက်မှာ အမြင့်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ဆိတ်ဈေးနှုန်းက အမြင့်ဈေးတန်းတွင်ရှိနေပြီး ဆိတ်အရှင်ကို နယ်ဝေးသို့ သယ်ယူပို့ဆောင်သည့်အခါ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာသည့် အခြေအနေကြောင့် ဆိတ်အရောင်းအဝယ်ဈေးကွက် အေးနေခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်က ပြည်မှ ရန်ကုန်သို့ လိုက်ထရပ် (Light Truck) ကားတစ်စီးဖြင့် ဆိတ်အကောင်ရေ ၃၀ မှ ၃၅ ကောင်အကြား သယ်ယူစရိတ်နှုန်းထားမှာ ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၄၀ အကြားအထိရှိနေပြီး အကောင် ၁၀ဝ ဝန်းကျင်၏ သယ်ယူစရိတ်မှာ ကျပ် ၅၆ သိန်းဝန်းကျင်နှင့်  ဆိတ်အကောင်ရေ ၂၀ဝ သယ်ယူစရိတ်အနေဖြင့်ဆိုလျှင် ကျပ် ၇၆ သိန်းဝန်းကျင်ရှိကြောင်း သိရသည်။ ပြည်ဈေးကွက်တွင် ဆိတ်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ဝ ဖြင့် ရောင်းချနေပြီး အရိုး၊ အသားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရသည်။                                                  

သင်းသင်းအောင် (Doca Pyay) ၊ ကိုးကား- အစိမ်းရောင်လမ်း