Main menu

Background

ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကောင်းရ စိုက်ပျိုးတောင်သူနှင့် ကုန်သည်များ တွက်ခြေကိုက်လျက်ရှိ

Mon, 02/13/2023 - 13:53 -- journal_editor

၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ကရင်ပြည်နယ်ထွက် လယ် ယာထွက်ကုန်များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ လှိုင်လှိုင်ထွက် ရှိကာ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်လျက် ရှိသော မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ၏ အရောင်းအဝယ် ဈေးနှုန်းများမှာ မြေပဲဝယ်ဈေးတစ်တင်းလျှင် ကျပ်၂၁၀ဝ၀၊ ရောင်းဈေးတစ်တင်းလျှင် ကျပ် ၂၃၀ဝ၀၊ ပဲတီစိမ်း ဝယ်ဈေး  တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀၊ ရောင်းဈေးတစ်တင်းလျှင် ကျပ် ၅၁၀ဝ၀၊ ပဲပုပ် ဝယ်ဈေးတစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ၊ ရောင်းဈေး တစ်တင်းလျှင် ကျပ် ၄၇၆၀ဝ ရှိပြီး ယခင် နှစ်ထက် ဝယ်ဈေး/ ရောင်းဈေး မြင့်တက်ခဲ့ကြောင်းနှင့် ကရင်ပြည် နယ် ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်တွင်းနှင့် မြဝတီနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ၊ ကုန်သည်များ တွက်ခြေ ကိုက် အကျိုးအမြတ်ရရှိလျက်ရှိကြောင်း သိရသည်။ 
ကရင်ပြည်နယ်တွင် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များကို မြေနုကျွန်း များဖြစ်သည့် ကော့လုကျွန်း၊ မိန်းမလှကျွန်း၊  မင်းဇီ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကော့ထော်၊ ဗူးခါး၊ နောင်ထလုံ၊ ထုံးအိုင် စသည့် ဒေသများတွင် အဓိကစိုက်ပျိုးထွက်ရှိပြီး ဘားအံမြို့သို့ တစ်ရက်လျှင် ယာဉ်စီးရေ ၁၅ စီးမျှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းနှင့် ကရင်ပြည်နယ်ထွက် ဒေသထွက်ကုန် မြေပဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်း၊  ပဲပုပ်များမှာ အရည် အသွေးကောင်းမွန်ပြီး လုပ်ငန်းရှင်များ အကြိုက်တွေ့သောကြောင့် ဈေးကောင်းများရရှိလျက်ရှိကြောင်း ရွှေကံထူး ပွဲရုံပိုင်ရှင် ဦးစောဝင်း နိုင်က ပြောသည်။
"လက်ရှိအချိန်မှာ မြေပဲနဲ့ ပဲပုပ်တွေက ပြည်ပဝယ်လိုအားရှိပြီး ပြည်တွင်းမှာလည်း ဆီစက်လုပ်ငန်းရှင်တွေက ဝယ်ယူတာတွေရှိတဲ့ အတွက် ဈေးကောင်းရနေတဲ့အနေအထားမှာ ရှိပါတယ်။  အခုဆို ဈေးကွက်ထဲ ပွဲရုံတွေကို တင်ပို့ရောင်းချတာအပြင် ဝယ်လက်ကုန် သည်တွေက တောင်သူတွေဆီ တိုက်ရိုက်ဆင်းဝယ်နေကြလို့ ဈေးကတော့ မငြိမ်ဘဲ အမြင့်ဘက်ကို ဦးတည်နေပါတယ်၊ ပဲပုပ်ကတော့ ပြည်ပတင်ပို့ဖို့ တချို့ဝယ်လက်တွေက တောင်သူတွေဆီတိုက်ရိုက် ဆင်းဝယ်နေကြပေမယ့် ဘားအံမြို့နဲ့  မော်လမြိုင်/သထုံမြို့မှာရှိတဲ့  ပဲပြားလုပ်ငန်းရှင်တွေရဲ့ နေ့စဉ်ဝယ်လိုအားက တစ်နေ့ ပိဿာ ၁၀ဝ၀ နီးပါး ဈေးကွက်ရှိပါတယ်။ ခြုံကြည့်ရရင်တော့ ဒီနှစ်ကတော့ ဈေး ကွက်စုံ/ဝယ်လက်စုံပြီး ကရင်ပြည်နယ်ထွက် မြေပဲ၊ ပဲပုပ်၊ ပဲတီစိမ်း စတဲ့  လယ်ယာထွက်ကုန်ပစ္စည်းတွေ ဈေးကောင်းရပြီး  စိုက်ပျိုး တောင်သူနဲ့  ကုန်သည်တွေ တွက်ခြေကိုက်တဲ့ နှစ်ပါပဲ"ဟု ၎င်းက ပြောသည်။                                          

DOCA Kayin (ပြည်တွင်း)